ငြိမ်းချမ်းရေးနိုဘယ်ဆုလျာထားစာရင်းထဲ ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင်

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2023.10.04
ငြိမ်းချမ်းရေးနိုဘယ်ဆုလျာထားစာရင်းထဲ ဦးကျော်မိုးထွန်းနဲ့ NUCC ပါဝင် ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းကို ၂ဝ၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က နယူးယောက်မြို့ရှိ ရုံးခန်းတွင် တွေ့ရစဉ်။
RFA

၂၀၂၃ ခုနှစ်အတွက် ငြိမ်းချမ်းရေးနိုဘယ်ဆု ဆွတ်ခူးသူစာရင်းကို အောက်တိုဘာ ၆ ရက်မှာ ကြေညာဖို့ရှိပြီး ဆုလျာထားသူစာရင်းမှာ မြန်မာနိုင်ငံ ကုလသမဂ္ဂဆိုင်ရာ အမြဲတမ်း ကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီလည်း ပါဝင်ပါတယ်။

ဒါမှန်ကန်ကြောင်း NUCC ကောင်စီဝင်၊ ပအို့ဝ်အမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက RFA ကို အတည်ပြုပြောပါတယ်။

“ငြိမ်းချမ်းရေးနိုဘယ်ဆုအမည်စာရင်းကို PRI Peace Research Institute ငြိမ်းချမ်းရေး သုတေသနအဖွဲ့က ထုတ်ပြန်တဲ့အထဲမှာ နံပါတ် လေးနေရာမှာ ပါဝင်တာဖြစ်ပါတယ်။ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC ဟာ ငြိမ်းချမ်းရေးနိုဘယ်ဆုနဲ့ ထိုက်တန်တယ်လို့ ဖော်ပြထားပါတယ်။”

ကမ္ဘာမှာ လက်နက်ကိုင်ပဋိပက္ခ၊ ရာသီဥတုပြဿနာနဲ့ စားနပ်ရိက္ခာဖူလုံရေး အကျပ်အတည်းတွေ များပြားလာချိန်မှာ ဒီနှစ်အတွက် ဆုဆွတ်ခူးသူကို ကြေညာမှာ ဖြစ်ပြီး မြန်မာနိုင်ငံဟာ ဒီအကျပ်အတည်း သုံးရပ်စလုံးနဲ့ အကျုံးဝင်တဲ့ နိုင်ငံ ဖြစ်နေပါတယ်။

နော်ဝေးနိုင်ငံ အော်စလို အခြေစိုက် အဖွဲ့ဝင် ငါးဦးပါတဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆု ရွေးချယ်ရေး ကော်မတီကို ပါလီမန်က ရွေးချယ်ခန့်အပ်ထားပါတယ်။ ဒီအဖွဲ့က ၂၀၂၃ အတွက် ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်ကို ကြေညာမှာပါ။

နိုဘယ်ဆု ဖခင် Alfred Nobel ရဲ့ သေတမ်းစာမှာ နိုင်ငံတွေအကြား အင်အားစုချင်း စစ်ပြေငြိမ်းအောင်၊ ထိပ်တိုက်ရင်ဆိုင်မှုလျော့ပါးအောင်၊ ငြိမ်းချမ်းရေးမြှင့်တင် ထိန်းသိမ်းနိုင်အောင် ဆောင်ရွက်သူကို ငြိမ်းချမ်းရေး နိုဘယ်ဆု အပ်နှင်းဖို့ မှာကြားခဲ့ပါတယ်။ ခေတ်တွေ စနစ်တွေလည်းပြောင်း၊ ကမ္ဘာ့ အခြေအနေတွေလည်း ပြောင်းလဲလာတဲ့အခါ ဒီနယ်ပယ်တွေထက် ကျော်လွန်လို့ WFP ကမ္ဘာ့စားနပ်ရိက္ခာ အစီအစဉ်လို နိုင်ငံတကာ အဖွဲ့အစည်းတွေ၊ လိင်ပိုင်းဆိုင်ရာ မတော်မတရား ပြုကျင့်ခံသူတွေကို ကူညီတဲ့ ဆရာဝန်တွေကိုပါ ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်အပ်နှင်းလာပါတယ်။

ခုချိန်ထိ မြန်မာနိုင်ငံက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဆွတ်ခူးဖူးသူဆိုလို့ စစ်ကောင်စီက အကျဉ်းချထားတဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ပဲ ရှိသေးပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို စစ်အစိုးရက နေအိမ် အကျယ်ချုပ်ချမှတ်ထားချိန် ၁၉၉၁ မှာ ငြိမ်းချမ်းရေး နိုဘယ်ဆု ချီးမြှင့်ခဲ့ပေမဲ့ လွတ်မြောက်လာပြီး ၂၀၁၂ ဇွန် ၁၆ ရက်မှာမှ နော်ဝေးနိုင်ငံ အော်စလိုမြို့တော်ခန်းမမှာ အမှာစကား ပြောခွင့်ရခဲ့ပါတယ်။

လွန်ခဲ့တဲ့ နှစ်ကာလ အတော်ကြာကြာက အင်္ဂလန်နိုင်ငံ Oxford မှာနေထိုင်ချိန်က ထင်ရှားကျော်ကြားပုဂ္ဂိုလ်တွေကိုပဲ ဖိတ်ကြားတင်ဆက်တဲ့ Desert Island ကန္တာရကျွန်း ရေဒီယို အသံလွှင့်ကဏ္ဍကို သား Alexandria နဲ့ အတူနားဆင်တဲ့အကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြောင်း ပြောပါတယ်။

“သားအမိနှစ်ယောက်စလုံး သဘောကျကြတဲ့ အစီအစဉ်အပြီးမှာ Alexandria က ဒီ ကန္တာရကျွန်းအစီအစဉ်မှာ စကားပြောဖို့ မေမေ့ကို ဖိတ်ကြားမယ်ထင်သလားလို့ ပြောတော့ ဘာလို့ အဖိတ်မခံရမှာလဲလို့ ကျွန်မက ခပ်ပေါ့ပေါ့ပဲ ပြန်ပြောလိုက်ပါတယ်။ သားက သိတယ်။ ဒီအစီအစဉ်မှာ လူသိထင်ရှားနာမည်ကြီးတွေပဲ ပါရတယ်ဆိုတော့ သူတကယ်စိတ်ဝင်စားသွားပြီး ဘာကြောင့် မေမေ့ကို ဖိတ်မယ်လို့ ထင်တာလဲတဲ့၊ ကျွန်မလည်း ခဏစဉ်းစားပြီး မေမေစာပေနိုဘယ်ဆုရချင်လည်း ရမှာပေါ့လို့ ပြန်ဖြေပြီး သားအမိနှစ်ယောက်စလုံး ရယ်မောကြဖူးပါတယ်။”

ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းတို့အား ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo : AFP)
ဒေါ်အောင်ဆန်းစုကြည်နှင့် သားဖြစ်သူ ကင်မ်အဲရစ်(ခေါ်) ကိုထိန်လင်းတို့အား ၂ဝ၁၁ ခုနှစ် ဇူလိုင်လ ၈ ရက်နေ့က တွေ့ရစဉ်။ (Photo : AFP)

သူပထမအကြိမ် နေအိမ်အကျယ်ချုပ်ကျချိန် ကွယ်လွန်သူ ခင်ပွန်း Michael Aris မြန်မာနိုင်ငံ ရောက်လာချိန်ကလည်း ခင်ပွန်းရဲ့ မိတ်ဆွေ ဂျွန်ဖင်းနစ်က ဒေါ်အောင်ဆန်းစုကြည်ကို ငြိမ်းချမ်းရေးနိုဘယ်ဆု ချီးမြှင့်ဖို့ အမည်စာရင်းတင်သွင်းထားတယ်လို့ ၁၉၈၉ မှာ ပြောတုန်းကလည်း ရယ်မောခဲ့တယ်လို့ ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ သားကို သူပြောခဲ့ဖူးတဲ့ စာပေဆုမဟုတ်ဘဲ ငြိမ်းချမ်းရေး နိုဘယ်ဆု ဆွတ်ခူးခဲ့တာဖြစ်ပြီး ခုတော့ စစ်ကောင်စီရဲ့ အကျဉ်းထောင်မှာ သတင်းမှောင်ချခံထားရပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ငြိမ်းချမ်းရေး နိုဘယ်ဆု ဆွတ်ခူးပြီးနောက် ၃၂ နှစ်အကြာ ၂၀၂၃ မှာ သံအမတ်ကြီး ဦးကျော်မိုးထွန်းနဲ့ NUCC အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီဟာ ဆုလျာထားစာရင်းမှာပါရှိတာပါ။

“အာဏာရှင်စနစ်တွေကို ဆန့်ကျင်တွန်းလှန်တာဟာ ဒီနှစ်နိုဘယ်ဆု အမည်စာရင်း တင်သွင်းတာရဲ့ အဓိကအကြောင်းရင်း တစ်ရပ်လို့ ပြောရမှာဖြစ်ပါတယ်။” ခွန်မြင့်ထွန်း၊ NUCC ကောင်စီဝင်

ဘာကြောင့် လျာထားစာရင်းမှာပါရှိပါသလဲ၊ NUCC ကောင်စီဝင်၊ ပအို့ဝ်အမျိုးသား ဖက်ဒရယ်ကောင်စီ ဥက္ကဋ္ဌ ခွန်မြင့်ထွန်းက ကမ္ဘာကြီးက စစ်အာဏာရှင်စနစ်ကို မလိုလားတော့တာကို ပြတာလို့ ပြောပါတယ်။

“ကမ္ဘာကြီးက မလိုလားတော့တဲ့၊ ကမ္ဘာကြီးအတွက် မလိုအပ်တော့တဲ့ စစ်အာဏာရှင်စနစ် အပါအဝင် အာဏာရှင်စနစ်တွေကို ဆန့်ကျင်တွန်းလှန်တာဟာ ဒီနှစ်နိုဘယ်ဆု အမည်စာရင်း တင်သွင်းတာရဲ့ အဓိကအကြောင်းရင်း တစ်ရပ်လို့ ပြောရမှာဖြစ်ပါတယ်။ နွေဦးတော်လှန်ရေးမှာ ကျွန်တော်တို့ ပြည်သူလူထုဟာ ကိုယ့်အင်ကိုယ့်အား ကိုယ့်အရင်းအမြစ်နဲ့ အသက်စွန့်ပြီးတော့ တိုက်ပွဲဝင်နေကြတာဖြစ်ပါတယ်။ ဒီဟာက ကျွန်တော်တို့ တိုင်းပြည်မှာရှိတဲ့ စစ်အုပ်စုနဲ့ စစ်အာဏာရှင်စနစ်ကို ထိတ်လန့် ချောက်ချားစေသလိုပဲ အရှေ့တောင်အာရှမှာရှိတဲ့ စစ်အာဏာရှင်စနစ်အပါအဝင် ပုံသဏ္ဍာန်အမျိုးမျိုးနဲ့ အာဏာရှင်တွေကို ချောက်ချားစေပါတယ်။”

ဆုရရေး မရရေးက သေသေချာချာ မခန့်မှန်းပေမဲ့ ဒီနေ့နွေဦးတော်လှန်ရေးဟာ ကမ္ဘာမှာ သာမန်တော်လှန်ရေး မဟုတ်ဘဲ စစ်အာဏာရှင်စနစ်ဖြုတ်ချပြီး ဒီမိုကရေစီစနစ် ထူထောင်ဖို့ပါပဲလို့လည်း NUCC ကောင်စီဝင် ခွန်မြင့်ထွန်းက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။

မှတ်ချက်

ထင်ကျော်
2023-10-05 01:50

ငြိမ်းချမ်းရေးနိုဘယ်ဆုလို့ မသုံးပါနဲ့
နိုင်ငံရေးလက်ကိုင်တုတ်လို့ပဲသုံးပါ ။