NUG Pay ကို စစ်ကောင်စီရဲ့ ဗဟိုဘဏ် ထိန်းချုပ်ဖို့ မလွယ်ကူနိုင်

2022.06.16
NUG Pay ကို စစ်ကောင်စီရဲ့ ဗဟိုဘဏ် ထိန်းချုပ်ဖို့ မလွယ်ကူနိုင် NUG Pay application နမူနာပုံစံငယ်ကို တွေ့ရစဉ်
.

ငွေပေးချေတာ၊ ငွေလွှဲပြောင်းတာနဲ့ တော်လှန်ရေးအတွက် လှူဒါန်းတာတွေကိုပါ ပြုလုပ် နိုင်မယ့် NUG Pay ကို အခုဇွန်လထဲမှာ စတင်မယ်လို့ NUG စီမံကိန်း၊ ဘဏ္ဍာရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ဒုတိယဝန်ကြီး ဦးမင်းဇေယျာဦးက ထုတ်ပြောပြီးနောက်မှာပဲ စစ်ကောင်စီရဲ့ ဗဟိုဘဏ်ကလည်း ခွင့်ပြုချက်မရှိတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို အရေးယူမယ် လို့ ထုတ်ပြန်လာပါတယ်။

စစ်ကောင်စီဘက်က အရေးယူမယ် ခြိမ်းခြောက်ထားပေမယ့် ဒီလိုငွေကြေးဝန်ဆောင်မှုမျိုး ကို အရေးယူနိုင်ဖို့ မဖြစ်နိုင်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ပုဂ္ဂလိက ဘဏ်အရာရှိ တစ်ဦးက RFA ကို ပြောပြပါတယ်။

"ပြည်တွင်းဘဏ်တွေနဲ့ ဆက်စပ်နေတဲ့ ငွေပေးချေမှုတွေကိုပဲ လိုက်လို့ရတာ။ တချို့ဆို အဲဒီလိုကနေ အခုဆို အကောင့်ပိတ်ခံရတာမျိုး ဖြစ်ပြီလေ။ NUG ကတော့ စဉ်းစားမိ သလောက် NUG Pay ရှိမယ်၊ Coin လိုမျိုးရှိမယ်၊ Token ပဲပြောပြောပေါ့။ အဲဒါတွေကို တစ်နေရာကနေ ဝယ်ရမယ်။ Pay Network ထဲရောက်သွားရင် တစ်ယောက်နဲ့ တစ်ယောက်က Transfer လုပ်လို့ရသွားပြီ။ Bitcoin တို့ ဘာတို့ ပို့သလိုပဲ ကြားကနေ ဖမ်းလို့မရဘူး။ Facebook ပေါ်မှာ NUG Coin ရောင်းရန်ရှိသည် ဘာညာဆိုပြီးတင်ရင် ဒါဆိုရင်တော့ လိုက်ကောင်းလိုက်မှာပေါ့"

စစ်ကောင်စီအနေနဲ့ လက်ရှိမှာ ဘဏ်တွေကိုအခြေခံတဲ့ ငွေကြေးဝန်ဆောင်မှုတွေ၊ အဲဒီမှာ မှတ်ပုံတင်ထားတဲ့ ဖုန်းနံပါတ်တွေကနေတစ်ဆင့် ခြေရာခံလိုက်တာမျိုး လုပ်ဆောင်နေတာ ဖြစ်ပြီး NUG Pay ကို ခြေရာခံဖို့ လွယ်ကူမှာမဟုတ်ဘူးလို့ ဘဏ်အရာရှိက ပြောပါတယ်။

ဗဟိုဘဏ်ရဲ့ ဇွန် ၁၀ ရက်နေ့က ထုတ်ပြန်တဲ့ ခွင့်ပြုချက်မရှိတဲ့ ငွေကြေးဝန်ဆောင်မှု လုပ်ငန်းတွေကို အရေးယူမယ်ဆိုတဲ့ ထုတ်ပြန်ချက်ထဲမှာ NUG Pay ကို တိုက်ရိုက် ရည်ညွှန်းထားတာမျိုးတော့ မရှိပါဘူး။

ဒါပေမဲ့ ဗဟိုဘဏ်ရဲ့ ငွေကြေးစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ကျော်သန်း ကတော့ ဒီထုတ်ပြန်ချက်ဟာ NUG Pay ကို ရည်ညွှန်းတာ ဖြစ်တယ်လို့ RFA ကို ပြောပါတယ်။

"အဲဒါကတော့ ကိုယ်တို့က ဒါတွေက တရားမဝင်ဘူးဆိုတာ အမြဲတမ်းပြောနေတာလေ။ ဒါတွေက တရားမဝင် အဖွဲ့အစည်း၊ နောက်တစ်ခါ အကြမ်းဖက်အဖွဲ့အစည်း၊ အဲဒါတွေ ပြောနေတာ။ အဲဒါတွေက ကိုယ်တို့ ခွင့်ပြုထားတဲ့အထဲမှာ ပါမှမပါတာ။ ဒါ ဆန့်ကျင် ဘက် အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက်၊ အကြမ်းဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့အတွက် အဲဒါတွေက လုပ်ရင်တော့ အရေးယူခံရမှာပေါ့နော်။ အဲဒါပဲ ပြောလို့ရပါတယ်"

ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်အရ မှတ်ပုံမတင်ထားဘဲ ငွေကြေးလုပ်ငန်းလုပ်ရင် ထောင် နှစ်နှစ်နဲ့ ငွေကျပ် သန်း ၁၀၀ အထိ ချမှတ်နိုင်တဲ့ ငွေရေးကြေးရေး အဖွဲ့အစည်းများဥပဒေ ပုဒ်မ- ၁၇၂ နဲ့ အရေးယူမယ်လို့ ဖော်ပြထားပါတယ်။

"NUG ကို ယုံကြည်မှုအပြည့်ရှိတဲ့အတွက် ဒီ Pay ကိုသုံးမယ်လို့ သတ်မှတ်ထားတယ်"

ရန်ကုန်မြို့မှာနေထိုင်တဲ့ ပြည်သူတစ်ဦးဖြစ်တဲ့ ဦးအောင်မင်းသန့် (နာမည်လွှဲ) ကတော့ NUG Pay ထွက်လာတာနဲ့ သုံးဖို့ စီစဉ်ထားတယ်လို့ RFA ကို ပြောပါတယ်။

"NUG ကို ယုံကြည်မှုအပြည့်ရှိတဲ့အတွက် ဒီ Pay ကိုသုံးမယ်လို့ သတ်မှတ်ထားတယ်၊ သုံးဖို့အတွက်လည်း ကျနော်တို့လည်း လက်ရှိ စမ်းသပ်နေတယ်၊ ကျနော်တို့ရဲ့ ကိုယ်ပိုင် ငွေ၊ ကျနော်တို့ရဲ့ ကိုယ်ပိုင်အချိန်တွေနဲ့ ကျနော်တို့ ကိုယ်ပိုင်ဘဝကို ကျနော်တို့ ဖန်တီးနိုင်စွမ်းရှိတယ်လေ၊ အဲတော့ ကျနော်တို့က သူ့ကို မယုံတဲ့အတွက်ကို သူနဲ့ ပတ်သက်တဲ့ ဘဏ်တွေ၊ Pay တွေ၊ ငွေကြေးလုပ်ငန်းတွေကို ကျနော်တို့က တစ်ခုမှ မယုံဘူး၊ လုံးဝမလွှဲသာ မရှောင်သာတဲ့အခါမျိုးမှသာ သူ့ရဲ့အုပ်ချုပ်မှုအောက်မှာ ရှိနေတဲ့ ဒီ Pay တွေနဲ့ ပတ်သက်ပြီး သုံးချင်သုံးမယ်၊ တကယ်လို့ ကျနော်တို့ ပြည်သူအချင်းချင်း ကြားထဲမှာ ယုံကြည်မှုအပြည့်နဲ့ NUG Pay ကိုပဲ တွင်ကျယ်စွာ သုံးကြမယ်ဆိုရင်တော့ သူ့ထက်စာရင် NUG ကိုပဲ ယုံကြည်တယ်၊ NUG Pay ကိုပဲ သုံးမယ်"

ဒီအက်ပလီကေးရှင်းကို ဇွန်လထဲမှာ စသုံးနိုင်မှာဖြစ်သလို အသုံးပြုဖို့အတွက် NUG Pay ဝန်ဆောင်မှုအေးဂျင့် (ကိုယ်စားလှယ်) တွေကတစ်ဆင့် ကုတ်နံပါတ်ကို မြန်မာငွေကျပ် တစ်သောင်းနဲ့ စတင်ဝယ်ယူသုံးစွဲရမှာဖြစ်ပြီး လုံခြုံရေးအရ စိတ်ချနိုင်တယ်လို့ NUG ဘဏ္ဍာရေး ဒုဝန်ကြီးက မေ ၂၅ ရက်မှာ RFA ကို ဖြေဆိုထားတာပါ။

လက်ရှိ ဇွန်လဝက်အထိတော့ NUG Pay စတင်တာ မတွေ့ရသေးသလို အသုံးပြုသူတွေရဲ့ လုံခြုံရေးအတွက် စီစဉ်ထားတဲ့အခြေအနေကို မေးမြန်းဖို့ RFA က NUG ရဲ့ ဘဏ္ဍာရေး ဝန်ကြီးကို ဆက်သွယ်ခဲ့ပေမယ့် ဒီနေ့ညနေပိုင်းအထိ အကြောင်းပြန်ဖြေဆိုတာ မရှိပါဘူး။

money.jpg
အမေရိကန်ဒေါ်လာနှင့် မြန်မာငွေများ ရေတွက်နေကြစဉ် (Photo: ROMEO GACAD / AFP)

ဗဟိုဘဏ်ရဲ့ ထုတ်ပြန်ချက်နဲ့ ထိန်းချုပ်မှုတွေဟာ နိုင်ငံတစ်ခုအနေနဲ့ စီးပွားရေး၊ ငွေကြေးနဲ့ အစိုးရစနစ်တွေ အပေါ် ယုံကြည်မှု မပျက်အောင် လုပ်ဆောင်လေ့ရှိပေမယ့် အခုကတော့ NUG ရဲ့ ငွေကြေးစနစ် တည်ဆောက်မှု ကို တားမြစ်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးက သုံးသပ်ပါတယ်။

"အဲဒီစနစ်တွေပေါ်မှာ ယုံကြည်မှုပျက်သွားပြီးတော့ တစ်ခုခု ထိခိုက်နိုင်တဲ့ဟာမျိုးဆိုရင် ကာကွယ်ကြတဲ့ဟာက ပုံမှန်အနေအထားမှာဆိုရင် အစိုးရတွေ လုပ်လေ့လုပ်ထရှိတဲ့ ဟာပါ။ ဒါပေမဲ့ ဒီနိုင်ငံမှာက ထူးခြားဖြစ်စဉ်ပေါ့နော်။ အာဏာလည်းသိမ်းထားပြီး တစ်ဖက်က အစိုးရကလည်း ဒီလိုစနစ်တွေ တည်ဆောက်နေတဲ့အပေါ်မှာ မတရား တားမြစ်တဲ့ပုံစံမျိုးနဲ့ လုပ်တယ်လို့ ပြောလို့ရတာပေါ့။ လက်ရှိ မြန်မာနိုင်ငံ အနေအထားအရ"

ဘယ်လိုပဲတားမြစ်တားမြစ် NUG Pay သာ အောင်မြင်မယ်ဆိုရင် အဲဒီကတစ်ဆင့် ငွေကြေး လှူဒါန်းတာနဲ့ ထောက်ပံ့တာတွေ လုပ်လို့ရမယ့်အပြင် အကျိုးသက်ရောက်မှုကောင်းတွေ ရှိလာနိုင်မယ်လို့ ဆိုပါတယ်။

လက်ရှိ ပြည်တွင်းမှာ အများဆုံးအသုံးပြုနေကြတဲ့ ကမ္ဘောဇဘဏ်ရဲ့ K Pay၊ ရိုးမ မဟာဗျုဟာ ဦးပိုင်လီမိတက်ရဲ့ Wave Money အစရှိတဲ့ ငွေကြေးဝန်ဆောင်မှုတွေရဲ့ တချို့အကောင့်တွေဟာ စောင့်ကြည့်ခံနေရသလို အကောင့်ပိတ်ခံရတာမျိုးတွေလည်း ရှိနေပါတယ်။

ဗဟိုဘဏ်ရဲ့ ဇွန် ၁၀ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြည်တွင်းမှာ Mobile Pay အတွက် ဘဏ်ရှစ်ခု၊ မိုဘိုင်းလ်ငွေကြေး ဝန်ဆောင်မှုလုပ်ငန်းအတွက် အဖွဲ့အစည်း ငါးခု၊ အင်တာနက်ဘဏ်လုပ်ငန်းအတွက် ဘဏ် ၁၀ ခု၊ မိုဘိုင်းလ်ဘဏ်လုပ်ငန်းအတွက် ဘဏ် ၁၈ ခုတို့ကိုပဲ လုပ်ကိုင်ခွင့်ပြုထားတာရှိတယ်လို့ ဖော်ပြထားပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။