ထပ်မံတေ့ွဆုံမယ့် ငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းလေးဖဲ့ွ ဘာတွေဆွေးနွေးမလဲ
2019.05.02

လာမယ့် မေလ တတိယအပတ်မှာ ပြုလုပ်မယ့် အစိုးရငြိမ်းချမ်းရေးကော်မရှင်နဲ့ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့ တေ့ွဆုံပွဲမှာ လက်နက်ကိုင်အဖွဲ့ လေးဖွဲ့ ပေးလိုက်တဲ့ ပဏာမပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘာတူစာချုပ် မူကြမ်းအဆိုပြုချက်တွေနဲ့ ပတ်သက်လို့ ဆွေးနွေးနိုင်ခြေရှိတယ်လို့ သိရပါတယ်။
RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။
~~~~~~~~~~
(ကျော်သူ)
■ ရှမ်းပြည်မြောက်ပိုင်း မူဆယ်မြို့မှာ အစိုးရရဲ့ ငြိမ်းချမ်းရေးကော်မရှင် ခေါင်းဆောင်တွေနဲ့ မနေ့က တေ့ွဆုံရာမှာ မြောက်ပိုင်းမဟာမိတ်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ လေးဖွဲ့ကိုယ်စားလှယ်တွေက သူတို့ရဲ့ Bilateral ပဏာမအပစ်ရပ်စာချုပ် မူကြမ်းတွေကို ငြိမ်းချမ်းရေးကော်မရှင် ဒု-ဥက္ကဋ္ဌ ဦးသိန်းဇော် ကို ပေးလိုက်တာဖြစ်ပါတယ်။
KIO၊ TNLA၊ MNDAA၊ AA တို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Bilateral Ceasefire Agreement) မူကြမ်းအဆိုပြုချက်တွေနဲ့ ပတ်သက်လို့ မနေ့က မူဆယ်ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ ငြိမ်းချမ်းရေးကော်မရှင်အဖွဲ့ဝင် ဦးလှမောင်ရွှေ က ပြောပါတယ်။
"ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေမှာ လေးဖွဲ့လုံး ပါလာနိုင်ဖို့ နဂိုကတည်းက ပြင်ဆင်နေတာရှိပါတယ်၊ AA နဲ့ လည်း ကျွန်တော်တို့ သီးခြား အများကြီးပြောတာမရှိဘူး၊ သူတို့ရဲ့ မူကြမ်းကို ကျွန်တော်တို့ အဖွဲ့ခေါင်း ဆောင်ကို ပေးတာရှိတယ်၊ NCA ဆိုတာတော့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်ဆိုတာ နိုင်ငံရေးဆွေးနွေးပွဲတွေ သွားနိုင်ဖို့အတွက်ကို ချုပ်ဆိုတာပဲ၊ အစိုးရဖက်ကတော့ နိုင်ငံရေး ဆွေးနွေးပွဲတွေ အောင်မြင်သွားဖို့ဆိုရင် NCA ထိုးဖို့လိုတယ်လို့ ပြောတာပေါ့၊ ဒီကြားထဲမှာ မထိုးနိုင်သေးဘူးဆိုရင် DOC တို့ Bilateral တို့ ထိုးဖို့ရှိမယ်ဆိုရင်လည်း ညှိနှိုင်းဖို့ပေါ့ ဒီထဲမှာ NCA ထိုးပါ့မယ်ဆိုတဲ့ ကတိကဝတ်တွေပါမှပဲ ဒီလိုမျိုး Bilateral ဆိုတာမျိုးတွေဖြစ်လာမယ်လို့ ထင်ပါတယ်"
မူကြမ်းအဆိုပြုချက်တွေကို ဒီအစည်းအဝေးမှာ တင်ပြလာတဲ့အတွက် အသေးစိတ်ဆွေးနွေးလို့ မရသေးတာကြောင့် မေလ တတိယအပတ်မှာ ထပ်မံတေ့ွဆုံဖို့ သဘောတူညီခဲ့ကြတာဖြစ်ပါတယ်။ မေလ တတိယအပတ်မှာ ပြုလုပ်မယ့် တေ့ွဆုံပွဲနဲ့ပတ်သက်လို့ အသေးစိတ်ကို မသိရသေးပါဘူး။
မနေ့က ဆွေးနွေးပွဲမှာ အပစ်အခတ်ရပ်စဲရေးကိစ္စကို ဦးစားပေးဆွေးနွေးကြတာဖြစ်ပြီး နောက်ပိုင်းဆွေးနွေးပွဲတွေမှာတော့ Bilateral အတွက် ဦးစားပေးဆွေးနွေးကြဖို့ နှစ်ဖက် သဘောတူညီခဲ့ကြတယ်လို့ ဆွေးနွေးပွဲတက်ရောက်ခဲ့တဲ့ နှစ်ဖက်ကိုယ်စားလှယ်တွေက ပြောပါတယ်။
အစိုးရကိုယ်စားလှယ်တွေဖက်ကတော့ NCA မှာ လက်မှတ်ရေးထိုးနိုင်ဖို့အတွက် ဦးစားပေးတိုက်တွန်း ကြောင်း၊ ဒါမှသာ နိုင်ငံရေးဆွေးနွေးပွဲတွေကို ဆက်သွားနိုင်လိမ့်မယ်လို့ တိုက်တွန်းခဲ့ကြောင်း ဦးလှမောင်ရွှေ ရဲ့ ပြောပြချက်အရ သိရပါတယ်။
တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ အပစ်ရပ်ဖို့ အရင်ဆုံးဆွေးနွေးပြီး နိုင်ငံရေးဆွေးနွေးပွဲတွေဆီ ဆက်သွားမှသာ ငြိမ်းချမ်းရေးလမ်းစဉ် ပိုမိုချောမွေ့နိုင်မယ်လို့ ပြောကြပါတယ်။
PSLF/TNLA ပလောင်ပြည်လွတ်မြောက်ရေးတပ်ဦးအဖွဲ့ ကိုယ်စားလှယ်အဖြစ် မနေ့က ဆွေးနွေးပွဲ တက်ရောက်ခဲ့တဲ့ TNLA က ဗိုလ်မှူး မိုင်းအိုက်ကျော် က
"ဆွေးနွေးပွဲကတော့ တစ်စုံတရာ ဆုံးဖြတ်ချက်တော့ မချနိုင်ခဲ့ဘူး။ အပြုသဘောတော့ဆောင်တယ် အရင်က အစိုးရဖက်က DOC ပေါ့နော်။ ကျွန်တော်တို့ဖက်ကတော့ Bilateral မနေ့တုန်းကတော့ နှစ် ဖက်လုံးက Bilateral ဦးတည်ပြီးမှ ဆွေးနွေးလာတယ်၊ ဆက်ပြီးမှ အသေးစိတ်ဆွေးနွေးရမယ့် ဆောင် ရွက်ရမယ့်ကိစ္စတွေ လိုတယ်။ ထပ်ပြီးတွေ့ဆုံဖို့လာမယ့် လထဲမှာတော့ ပြန်ပြီးတွေ့ဆုံမယ်လို့ နှစ်ဖက် လုံးက အကြမ်းအားဖြင့် သဘောတူတယ်၊ ဆွေးနွေးမယ့်နေရာနဲ့ ရက်ကတော့ နှစ်ဖက်ကြားထဲမှာ ညှိပေါ့"
မူဆယ်ဆွေးနွေးပွဲရလဒ်က အကောင်းဖက်ကို ဦးတည်တယ်လို့ ရက္ခိုင့်တပ်မတော် AA ပြန်ကြားရေးတာဝန်ခံ ခိုင်သုခက ကောက်ချက်ချပါတယ်။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာမှာ စပြီး အစိုးရတပ်မတော်ဘက်က အပစ်ရပ်ကာလ လေးလ သတ်မှတ်ခဲ့တာဖြစ်ပြီး မနေ့က အပစ်ရပ်ထားတဲ့ နောက်ဆုံးရက် ဖြစ်ပါတယ်။ အဲဒီနောက်ဆုံးရက်မှာ မြောက်ပိုင်းမဟာမိတ် လေးဖွဲ့နဲ့ မူဆယ်မြို့ ဆွေးနွေးပွဲ ကျင်းပခဲ့တာဖြစ်ပြီး ကချင်နဲ့ ရှမ်းပြည်နယ်ထဲမှာ တပ်မတော်က အပစ်ရပ်စဲထားတဲ့ ကာလကို နောက်ထပ် နှစ်လ သက်တမ်းတိုးလိုက်ကြောင်း မနေ့ညက ထုတ်ပြန်လိုက်တာပါ။ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်း က အခုလိုပြောပါတယ်။
"မူဆယ်ဆွေးနွေးပွဲမှာလည်း ကျွန်တော်တို့ NRPC ရဲ့ ထုတ်ပြန်ချက်အရ အကျိုးရှိတယ်လို့ သုံးသပ် ရပါတယ်၊ NCA ကို လက်မှတ်ရေးထိုးနိုင်သည်အထိ ဆောင်ရွက်နိုင်ဖို့ အပစ်ရပ်ကာလကို စစ်ရေးလှုပ် ရှားမှုကာလကို တိုးမြှင့်ပေးဖို့ တောင်းဆိုထားတာရှိပါတယ်၊ ဒါတွေကြောင့်မို့ ကျွန်တော်တို့ တိုးမြှင့်ပေး လိုက်ခြင်းဖြစ်တယ်"
ဒါကတော့ မူဆယ်ဆွေးနွေးပွဲနဲ့ပတ်သက်လို့ သုံးသပ်ချက်တွေကို နားဆင်ခဲ့ရတာဖြစ်ပါတယ်ခင်ဗျာ။