မြောက်ပိုင်းလေးဖွဲ့ အပစ်ရပ်လက်မှတ်ထိုးဖွယ်ရှိကြောင်း ငြိမ်းချမ်းရေး အကျိုးဆောင် ခန့်မှန်း

ကျော်သူ
2019.10.26
northern-alliance-burma-pc-622.jpg မြောက်ပိုင်းလေးဖွဲ့နဲ့ ငြိမ်းချမ်းရေးကော်မရှင်တို့ ၂ဝ၁၉ သြဂုတ် ၃၁ ရက်နေ့က ရှမ်းပြည်နယ် အရှေ့ပိုင်း ကျိုင်းတုံမြို့မှာ တွေ့ဆုံစဉ်
Photo: Aung Thain Kha/RFA

မြောက်ပိုင်းမဟာမိတ်အဖွဲ့ လေးဖွဲ့က နိုဝင်ဘာလဆန်းမှာ ပဏာမအပစ်ရပ်စဲရေးစာချုပ် လက်မှတ်ထိုးဖို့ ပြင်ဆင်နေပြီလို့ ကချင်ငြိမ်းချမ်းရေး အကျိုးတော်ဆောင်အဖွဲ့ PCG က ပြောလိုက်ပါတယ်။

ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်းအောင်က KIO/KIA ဗိုလ်ချုပ်ကြီး အင်ဘန်လဟာ အစိုးရနဲ့ ပဏာမအပစ်ရပ်ရေးစာချုပ်ချုပ်မယ်လို့ ကချင်တိုင်းရင်းသားတွေကို အမှာစကားပါးခဲ့တယ်လို့  ပြောပါတယ်။

"ရှေ့လဆန်းပိုင်းလောက်မှာ ဖြစ်မလားမသိဘူး၊ အဖွဲ့တွေ လေးဖွဲ့လုံး ပြိုင်တူထိုးကြမယ်။ အဖွဲ့တွေက သူတို့ ဆွေးနွေးကြပြီးရင် တစ်ပေါင်းတည်း ဆွေးနွေးဖို့ ရက်သတ်မှတ်မယ်၊ နေရာတွေသတ်မှတ်မယ်၊ ပြီးရင် လက်မှတ်ထိုးမယ် ပြီးရင် IDP တွေ (စစ်ဘေးရှောင်တွေ) နေရာချထားမယ်" လို့ ဦးဆန်းအောင်က RFA ကို ပြောပါတယ်။

ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက မနေ့ကကျရောက်တဲ့ အဖွဲ့ရဲ့ ၅၉ နှစ်မြောက် အထိမ်းအမှတ်နေ့ မိန့်ခွန်းမှာလည်း အပစ်ရပ်လက်မှတ်ရေးထိုးဖို့ ကြိုးစားနေကြောင်း၊ စစ်ဘေးရှောင်တွေ နေရပ်ပြန်နိုင်ရေးကိစ္စ ဆောင်ရွက်မယ့်အကြောင်းတွေ ပါဝင်ပါတယ်။

မြောက်ပိုင်း လေးဖွဲ့တို့က အပစ်ရပ်စာချုပ်ကို အတူတကွ လက်မှတ်ရေးထိုးဖို့ ဆုံးဖြတ်ထားကြတယ်၊ KIA က အဲဒီလို လက်မှတ်ထိုးဖို့ စီစဉ်နေခြင်းဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး စာချုပ် (NCA) လမ်းကြောင်းအတိုင်း သွားနိုင်ဖို့အထိ ရည်ရွယ်တာဖြစ်နိုင်တယ်လို့ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် ဦးဆန်းအောင်က ပြောပါတယ်။

AA ပြောခွင့်ရသူ ခိုင်သုခကတော့ ဒီအကြောင်းအရာတွေနဲ့ ပတ်သက်ပြီး အဖွဲ့တွေ အစည်းအဝေး လုပ်ပြီးမှ မှတ်ချက်ပေးနိုင်မယ်လို့သာ ပြောပါတယ်။

KIA, TNLA နဲ့ MNDAA က ပြောခွင့်ရသူတွေထံ RFA က မေးမြန်းဖို့ ကြိုးစားပေမယ့်  ဆက်သွယ်လို့မရခဲ့ပါဘူး။

ရန်ကုန်မြို့က စစ်ရေးနိုင်ငံရေးလေ့လာသုံးသပ်သူ စာရေးဆရာ ဦးသန်းစိုးနိုင်ကတော့ KIA က ခုလို သူ့သဘောထားကို ထုတ်ဖော်ပြောဆိုလိုက်တာဟာ အကောင်းဘက်ကို ဦးတည်လာတာပဲလို့ ယူဆပါတယ်။

AA နဲ့ TNLA အဖွဲ့တို့လည်း တိုက်ပွဲတွေ အဆက်မပြတ်ဖြစ်နေပေမယ့် ပဏာမအပစ်ရပ်စဲရေးမှာ ပါဝင်လာနိုင်ဖို့ အလားအလာရှိတယ်လို့ သူက ဆက်ပြောပါတယ်။

အစိုးရငြိမ်းချမ်းရေး ကော်မရှင်က မြောက်ပိုင်းလေးဖွဲ့ အပစ်ရပ်လက်မှတ်ထိုးဖို့ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ တရုတ်နိုင်ငံ ကူမင်းမြို့ ဆွေးနွေးပွဲမှာ စတင်တိုက်တွန်းခဲ့တာပါ။

မြောက်ပိုင်းအဖွဲ့တွေက တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် (NCA) မှာ မပါဝင်ခင် ပဏာမ အပစ်ရပ်စာချုပ်ချုပ်ဆိုလိုကြောင်း တင်ပြခဲ့ကြတယ်လို့ သိရပါတယ်။ အဲဒီနောက်ပိုင်း ဆွေးနွေးပွဲတွေကို ဧပြီ ၃၀ ရက်နေ့က မူဆယ်မြို့၊ သြဂုတ်နဲ့ စက်တင်ဘာလက ကျိုင်းတုံမြို့တို့မှာ ပြုလုပ်ခဲ့ကြပါတယ်။

NCA မှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွ့ဲ ပါဝင်လက်မှတ်ရေးထိုးထားပြီး မြောက်ပိုင်းအဖွဲ့တွေ အပါအဝင် ကိုးဖွဲ့ခန့် ပါဝင်ခြင်း မရှိသေးပါဘူး။

အစိုးရ၊ တပ်မတော်နဲ့ အပစ်ရပ်အဖွဲ့တွေကြား NCA စာချုပ်ကို လက်မှတ်ရေးထိုးခဲ့တာ ဒီလထဲမှာ လေးနှစ်ပြည့်သွားပြီ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။