စစ်ရေးအရ မြောက်ပိုင်းသုံးဖွဲ့ ပူးတွဲတိုက်ခိုက်နိုင်ခြေရှိလား

နေမျိုးထွန်း
2019.10.25
tnla-mndaa-aa-622.jpg မြောက်ပိုင်း မဟာမိတ် ၃ ဖွဲ့ TNLA, MNDAA, AA တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Arakan Army

တပ်မတော်က ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်နေမယ်ဆိုရင် မဟာမိတ်ညီနောင်တွေနဲ့ လက်တွဲပြီး လုပ်သင့်လုပ်ထိုက်တာတွေ ထပ်မံလုပ်ဆောင်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA က ထုတ်ပြန်ထားပါတယ်။

လက်ရှိရခိုင်ပြည်နယ်မှာ တပ်မတော်က ပြင်းပြင်းထန်ထန် ထိုးစစ်တွေဆင်နေတာကြောင့် စစ်ရေးဖိအားတွေကို လျှော့ချနိုင်ဖို့အတွက် လိုအပ်ရင် လိုအပ်သလို မဟာမိတ်ညီနောင်တွေနဲ့ လက်တွဲပြီး လုပ်သင့်လုပ်ထိုက်တာတွေကို ထပ်မံလုပ်ဆောင်သွားမယ်လို့ ရက္ခိုင့်တပ်တော် AA က ဒီရက်ပိုင်းအတွင်း ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က ပြင်ဦးလွင် တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ငါးနေရာကို မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေဖြစ်တဲ့ ရက္ခိုင့်တပ်တော် AA၊ တအာင်းလွတ်မြောက်ရေးတပ်ဖွဲ့ TNLA နဲ့ ကိုးကန့်အဖွဲ့ MNDDA တို့ တိုက်ခိုက်ခဲ့မှုမှာလည်း အဲဒီလို ထုတ်ပြန်ချက်တွေ ထုတ်ပြန်ပြီး ရက်ပိုင်းအကြာမှာ ဖြစ်ပွားခဲ့တာပါ။

အရင်က အဲဒီတိုက်ခိုက်မှုမှာ သုံးဖွဲ့ပေါင်းထုတ်ပြန်တာဖြစ်ပြီး အခုထုတ်ပြန်မှုဟာ AA တစ်ဖွဲ့တည်း ထုတ်ပြန်ချက် ထုတ်တယ်ဆိုရင်တော့ လုပ်ဖို့စဉ်းစားနေပုံရကြောင်း ရန်ကုန်အခြေစိုက် တိုင်းရင်းသားအရေးကျွမ်းကျင်သူ ဦးမောင်မောင်စိုးက ပြောပါတယ်။တိုင်းရင်းသားအရေး၊ နိုင်ငံရေးလေ့လာသူ ဦးမောင်မောင်စိုး ကို တွေ့ရစဉ်

"အဲဒီတုန်းက ထုတ်တာကတော့ သုံးဖွဲ့ ထုတ်ချက်နဲ့ထုတ်တာဗျ။ AA တစ်ဖွဲ့တည်း ကြေညာချက်တော့ ထွက်မလာဘူး။ အဲဒီတော့ တကယ်လို့သာ သုံးဖွဲ့ထုတ်ပြန်ချက် ထွက်လာမယ်ဆိုရင်တော့ တကယ်ဖြစ်ဖို့ အလားအလာများတယ်လို့ ပြောရမှာပေါ့။ AA တစ်ဖွဲ့တည်း ကြေညာချက်ထုတ်တယ်ဆိုရင်တော့ ဒါ လုပ်ဖို့ စဉ်းစားချက်ရှိနေပြီလို့ပဲ ပြောရလိမ့်မယ်"

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း ရခိုင်ပြည်နယ်က မြောက်ဦး၊ ကျောက်တော်၊ မင်းပြားနဲ့ ပုဏ္ဏားကျွန်းမြို့နယ်တွေ တပ်မတော်နဲ့ AA တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့သလို မနေ့ကနဲ့ ဒီနေ့မှာလည်း တပ်မတော်နဲ့ TNLA တို့ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

ဒီကိစ္စဟာ မြေပြင်မှာ ဖြစ်နိုင်ဖို့ခဲယဉ်းကြောင်းနဲ့ ခြိမ်းခြောက်မှုအဖြစ်ရှုမြင်ကြောင်းနဲ့ လုပ်နိုင်ခြေနည်းတယ်လို့ သေနင်္ဂမဟာဗျူဟာ လေ့လာစောင့်ကြည့်ရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးက သုံးသပ်ပါတယ်။

"နည်းနည်းတော့ နိုင်ငံရေးအရ အန္တရာယ်ကြီးတဲ့ အတွေးအခေါ်ရှိတယ်။ လောလောဆယ်အရတော့ တပ်ဘက်က နယ်မြေကို ပြန်လည်ထိန်းချုပ်နိုင်ပြီဆိုတော့ ဒီကိစ္စက မြေပြင်မှာဖြစ်လာဖို့တော့ ခဲယဉ်းလိမ့်မယ်။ သို့သော်လည်း ခြိမ်းခြောက်မှုတော့ပါမယ်။ လုပ်မယ်ဆိုလည်း လုပ်နိုင်မယ့် အနေအထားတော့ရှိတယ်။ သေချာပြန်တွက်ကြည့်မယ်ဆိုရင် ခြိမ်းခြောက်မှုက ရာခိုင်နှုန်း ပိုများပါလိမ့်မယ်။ လုပ်နိုင်တဲ့ အင်အားက ရာခိုင်နှုန်း ပိုနည်းလိမ့်မယ်လို့ တွက်လို့ရပါတယ်"

တပ်မတော် သတင်မှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကတော့ ရခိုင်ပြည်နယ်အတွင်း ဆောင်ရွက်နေတာတွေဟာ သောင်းကျန်းသူ နှိမ်နှင်းရေး စစ်ဆင်ရေးဖြစ်ကြောင်းနဲ့ အဲဒီစစ်ဆင်ရေးရဲ့ အနှစ်သာရအတိုင်း ထိပါးနေတာ ဖျက်ဆီးနေတာတွေကို ကာကွယ်ရမှာဖြစ်တယ်လို့ ပြောပါတယ်။တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ် ဇော်မင်းထွန်းTNLA ပြောခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်

"နိုင်ငံတော်ကာကွယ်ရေးနဲ့ လုံခြုံရေး တာဝန်ထမ်းဆောင်နေတဲ့ တပ်မတော်ဖြစ်တဲ့အတွက် သူတို့အနေနဲ့ လိုအပ်တဲ့ လုံခြုံရေးဆိုင်ရာ လုပ်ငန်းတွေကတော့ အမြဲတမ်း ဆောင်ရွက်နေတာဖြစ်တယ်။ အဲဒီဆောင်ရွက်ရတဲ့အပေါ်မှာ တိုက်ခိုက်နေတာတွေ ပစ်နေတာတွေရှိတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ပြင်းပြင်းထန်ထန် ထိုးစစ်ဆင်တယ်တို့ ဘာတို့ ကျွန်တော်တို့က ပြောပြီးသားပဲ ရခိုင်ပြည်နယ်မှာ ဆောင်ရွက်နေတဲ့ဟာသည် သောင်းကြမ်းမှု နှိမ်နှင်းရေး စစ်ဆင်ရေးဖြစ်တယ်။ သောင်းကြမ်းမှု နှိမ်နှင်းရေး စစ်ဆင်ရေးရဲ့ အနှစ်သာရက ကျွန်တော်တို့ ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ်၊ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာ၊ နိုင်ငံတော်ရဲ့ အုပ်ချုပ်ရေး ယန္တရားအဆင့်ဆင့်ကို ထိပါးနေတာ ဖျက်ဆီးနေတာကို ကျွန်တော်တို့က ကာကွယ်ပေးရမှာပဲ။ ကျွန်တော်တို့ရဲ့ ကာကွယ်ရေးလုပ်ငန်းအတိုင်း ဆောင်ရွက်နေတာဖြစ်တယ်"

မြောက်ပိုင်းမဟာမိတ်သုံးဖွဲ့ထဲက တစ်ဖွဲ့ဖြစ်တဲ့ TNLA ကတော့ စစ်ရေးအရ၊ နိုင်ငံရေးအရ ဝတ္တရားအရ AA နဲ့အတူ အမြဲတမ်းရှိကြောင်းနဲ့ ရပ်တည်ချက်လည်းတူကြောင်း ဗိုလ်မှူး မိုက်အိုက်ကျော်က RFA ကို ပြောပါတယ်။

"နဂိုကတည်းကလည်း ဒီစစ်ရေးနိုင်ငံရေးကို ကျွန်တော်တို့ ပူးပေါင်းဆောင်ရွက်မှုရှိပါတယ်။ အခုလည်း မြောက်ပိုင်းညီနောင် မဟာမိတ် သုံးဖွဲ့ အခုလည်း ဒီအတိုင်းပဲ ရပ်တည်ချက်က အတူတူ ပဲရှိပါတယ်"

အခုလို ထိုးစစ်တွေဆင်တွေဆင်ပြီး အဆိုးကြောသံသရာနဲ့ သွားနေမယ်ဆိုရင် ငြိမ်းချမ်းရေးအတွက် နှစ်ဖက်စလုံး အဖြေမထွက်နိုင်ဘူးလို့ နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်းက ပြောပါတယ်။နိုင်ငံရေးလေ့လာသူ ဦးအောင်သူငြိမ်း

"မြောက်ပိုင်းဒေသ သုံးဖွဲ့ပေါ့ အထူးသဖြင့် ထိုးစစ်တွေဖော်ဆောင် တယ်။ မေမြို့တို့၊ ကျန်တဲ့ဒေသတွေမှာလည်း တိုက်ပွဲတွေ ဖြစ်တယ်လေ။ ဖြစ်ပြီးတဲ့ နောက်ပိုင်းမှာ တစ်ခါ ငြိမ်းချမ်းရေး စားပွဲပေါ် ပြန်ရောက်လာတယ်။ ပြန်ရောက်လာပြီးတော့ တစ်ခါ စကားတွေပြောကြတယ်။ ပြီးတဲ့အခါကျတော့ နောက်တစ်ခါ ပြန်ပြီးတော့ ထိုးစစ်ဆင်ဦးမယ်ပေါ့နော်။ ကျွန်တော်မြင်တာကတော့ အဲလိုဟာမျိုး အဆိုးကြော သံသရာသွားနေမယ်ဆိုရင်တော့ ကျွန်တော်ထင်တယ်ဗျ နှစ်ဖက်စလုံး အဖြေမထွက်နိုင်ဘူးလို့ ထင်တယ်"

ပြီးခဲ့တဲ့ သြဂုတ်လ ၁၅ ရက်နေ့က မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မှာရှိတဲ့ တပ်မတော် နည်းပညာတက္ကသိုလ် အပါအဝင် နေရာ ငါးနေရာကို မြောက်ပိုင်းမဟာမိတ်ပူးပေါင်းအဖွဲ့က တိုက်ခိုက်ခဲ့ပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်း အရပ်သား၊ ရဲနဲ့ တပ်မတော်ဘက်က ၁၅ ဦးကျဆုံးခဲ့ပြီး ၁၅ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့မှာ အစိုးရက တရားဝင် ထုတ်ပြန်ထားပါတယ်။ အဲဒီတိုက်ခိုက်မှုကြောင့် မူဆယ်-ရွှေလီ ကုန်သွယ်ရေးလမ်းကြောင်း ခေတ္တရပ်ဆိုင်းသွားပြီးတော့ တနေ့ကုန်စည်စီးဆင်းမှု ဒေါ်လာ ငါးသန်းကနေ ခုနှစ်သန်းထိ နစ်နာခဲ့ကြောင်း အစိုးရဖက်ကပြော ဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။