အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ပြဿနာတွေကို သုံးပွင့်ဆိုင် ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.05.16
အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် ပြဿနာတွေကို သုံးပွင့်ဆိုင် ကြိုးပမ်းဆောင်ရွက်ဖို့လိုအပ် ၂ဝ၂၂ ခုနှစ် မတ်လ ၂၉ ရက်နေ့က သီရိလင်္ကာနိုင်ငံတွင် ကျင်းပသော ၁၈ ကြိမ်မြောက် BIMSTEC ညီလာခံ။
Photo: AFP

အိန္ဒိယအရှေ့မြောက်ပိုင်းနဲ့ ဘေးပတ်လည်က အရှေ့တောင်အာရှနိုင်ငံတွေဟာ ငလျင်ဒဏ် သက်သာတဲ့ ဇုန်ဒေသတွေ ဖြစ်ကြောင်း Nagaland Post သတင်းက ဖော်ပြပါတယ်။ အဲဒီဒေသအပိုင်းအခြားဟာ နယ်နိမိတ်အားဖြင့် မြောက်ဘက်မှာ ဟိမဝန္တာ၊ အ‌ရှေ့ပိုင်းနဲ့ အရှေ့မြောက်ပိုင်း၊ အရှေ့ဘက်မှာ အင်ဒိုဘားမား တောင်ကြောတွေနဲ့ မြန်မာ၊ တောင်ဘက်မှာ ဘင်္ဂလားဒေ့ရှ်၊ အရှေ့တောင်ဘက်မှာ မုတ္တမနဲ့ စူမားတြားဒေသတွေ ဝန်းရံနေတာပါ။

ဘင်္ဂလားဒေ့ရှ်အရှေ့တောင်ပိုင်းဟာ မြန်မာနဲ့ မိုင် ၁၃၀၊ အိန္ဒိယနဲ့ ၂၀၅ မိုင် ထိစပ်နေတာပါ။ အဲဒီဒေသမှာ နယ်စပ်မလုံခြုံတဲ့အတွက် မြန်မာဘက်က ရက္ခိုင့်တပ်တော် AA လို လက်နက်ကိုင်အဖွဲ့တွေ ဖြတ်သန်းရာဒေသလည်း ဖြစ်ကြောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်နဲ့ တိုက်ပွဲဖြစ်မှု သတင်းတော့ သိပ်မကြားရကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဒါ့ပြင် လက်ရှိကာလဟာ အိန္ဒိယ၊ မြန်မာ၊ ဘင်္ဂလားဒေ့ရှ် အိမ်နီးချင်း သုံးနိုင်ငံ ပူးပေါင်းဆောင်ရွက်ရေး စတင်ဖို့ အချိန်အခါကောင်းဖြစ်တဲ့အပြင် BIMSTEC ခေါ် ဘင်္ဂလားပင်လယ်အော်ဒေသနိုင်ငံများ နည်းပညာနဲ့ စီးပွားရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့လိုမျိုး ကျယ်ကျယ်ပြန့်ပြန့် ထူထောင်ဖွဲ့စည်းဖို့ အားပေးသွားမှာဖြစ်ကြောင်းလည်း ဖော်ပြပါတယ်။

ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာဟာ အိန္ဒိယရဲ့အရေးအကြီးဆုံး စီးပွားဖက်နိုင်ငံတွေ ဖြစ်လာဖွယ်ရှိပေမယ့် တစ်ဖက်မှာလည်း ထိတွေ့ဆက်ဆံမှု၊ ရင်းနှီးမြှုပ်နှံမှု၊ အခြေခံစီးပွားရေးအဆောက်အအုံ၊ လုပ်ငန်းဆိုင်ရာ စီမံထောက်ပို့ရေး၊ နည်းပညာအရည်အသွေး စတဲ့ အခက်အခဲတွေကြောင့် တိုးတက်မှု နှောင့်နှေးနေရတာပါ။

လတ်တလောနှစ်တွေအတွင်း အိန္ဒိယ မူဝါဒဆိုင်ရာအဝန်းအဝိုင်းမှာ အရှေ့ဘက်အိမ်နီးချင်းနိုင်ငံတွေနဲ့အတူ ဒေသတွင်း ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲ့ဆောင်ရွက်ရေးကိစ္စ အပြောအဆို များလာခဲ့ပါတယ်။ ဒါပေမဲ့ တစ်ဖက်မှာလည်း နိုင်ငံရေးအခက်အခဲတွေ၊ ရင်းနှီးမြှုပ်နှံမှု ပြဿနာတွေနဲ့အတူ ဘင်္ဂလားဒေ့ရှ်၊ မြန်မာနဲ့အိန္ဒိယ အရှေ့ မြောက်ဒေသတွေမှာ ကမ္ဘာနဲ့အဆက်ပြတ်နေတဲ့ ကမ္ဘာ့အဆင်းရဲဆုံး ပြည်သူတွေ ဖြစ်နေရပါတယ်။

မြန်မာ့ လက်ရှိစီးပွားရေး၊ နိုင်ငံရေးအပြောင်းအလဲတွေ၊ ဝန်‌ကြီးချုပ်မိုဒီ အစိုးရရဲ့ အရှေ့ကြည့် မူဝါဒတွေက နယ်စပ်ချင်း ထိဆက်နေတဲ့ ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာလို အိန္ဒိယရဲ့ အရှေ့မြောက်ဒေသက ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေနဲ့ ထိတွေ့ဖို့ လိုအပ်နေကြောင်း ပြသနေတာလည်း ဖြစ်ပါတယ်။

သတင်းတွေထဲမှာလည်း ဝေးလံခေါင်ဖျား စစ်တကောင်း တောင်ပေါ်လမ်းနဲ့ ကော့ဆက်ဘဇား လမ်းဖောက်လုပ်ရေး စီမံကိန်းကို ၂၀၂၄ ခုနှစ်အထိ တိုးချဲ့သွားမှာ ဖြစ်ပါတယ်။ ဒါမှသာ မြန်မာနဲ့နယ်စပ်အနီးက ဥပဒေမဲ့ မှောင်ခိုလမ်းကြောင်းကို တားဆီးနိုင်မှာ ဖြစ်ပါတယ်။

ဆက်သွယ်ရေးတွေ တိုးတက်လာရင် ရန်ဂါမတီ၊ ဘန်ဒါဘန်၊ ကော့ဆက်ဘဇား စတဲ့ ခရိုင်တွေချင်း ဆက်သွယ်ရေး တိုးတက်လာပြီး နယ်စပ်ဒေသလုံခြုံရေးလည်း ပိုမိုအားကောင်းလာမှာဖြစ်သလို အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ်၊ မြန်မာ သုံးနိုင်ငံကြား ဒေသတွင်းပြဿနာတွေ၊ လက်နက်၊ မူးယစ်ဆေးဝါးနဲ့ လူမှောင်ခိုပြဿနာတွေ ဖြေရှင်းရေးလည်း လွယ်ကူနိုင်မှာ ဖြစ်ပါတယ်။

ဒါပေမဲ့ မြန်မာဘက်က နယ်စပ်ကျော်ပြဿနာကလည်း ရှိနေဆဲလို့ ဆိုပါတယ်။ ရက္ခိုင့်တပ်တော် AA က မြန်မာဘက်ခြမ်းကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို မကြာခဏ ဝင်ထွက်နေကြောင်း၊ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ကလည်း နယ်စပ်ကို အချိန်ပြည့်မစောင့်ကြပ်နိုင်ကြောင်း၊ နယ်စပ်လမ်းကြောင်းတွေ ပြီးစီးမှာသာ ဒီပြဿနာပြေလည်မှာဖြစ်ကြောင်း သတင်းမှာ ဖော်ပြပါတယ်။

ဒီအတွင်း ဘင်္ဂလားဒေ့ရှ်ဟာ IMT ခေါ် အိန္ဒိယ-မြန်မာ-ထိုင်း သုံးပွင့်ဆိုင် အဝေးပြေးစင်္ကြံလမ်းမ စီမံကိန်းအပေါ်စိတ်ဝင်စားနေပါတယ်။ အဲဒီ အင်ဒို ပစိဖိတ် နယ်စပ်ကျော် စင်္ကြန်လမ်းတွေဟာ၊ ခေတ်သစ်ရဲ့ အခြင်းအရာတစ်ရပ်အဖြစ် ဝန်‌ကြီးချုပ် ရှိတ်ဟာဆီနာက ပြောဆိုပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်၊ အွန်လိုင်းဆွေးနွေးပွဲ တစ်ရပ်အတွင်း အဲဒီ IMT ခေါ် သုံးပွင့်ဆိုင် အဝေးပြေးစင်္ကြံလမ်းမ စီမံကိန်းနဲ့ ပူးပေါင်းဆောင်ရွက်လိုကြောင်း၊ BCIM ခေါ် ဘင်္ဂလားဒေ့ရှ်၊ တရုတ်၊ အိန္ဒိယ၊ မြန်မာ စီးပွားရေးစင်္ကြံစီမံကိန်းဟာ တိုးတက်မှုမရှိသလောက် ဖြစ်နေကြောင်းလည်း ပြောဆိုပါတယ်။

ဆွေးနွေးပွဲအပြီး ပူးတွဲထုတ်ပြန်ချက်မှာတော့ အိန္ဒိယရဲ့ထောက်ကူမှုကြောင့် ဘင်္ဂလားဒေ့ရှ်အကျိုးရှိခဲ့တဲ့အပြင် အိန္ဒိယရဲ့အ‌ရှေ့မြောက်ပိုင်းပြည်နယ်တွေ ဘင်္ဂလားဒေ့ရှ် နဲ့ မြန်မာနိုင်ငံတို့နဲ့ ဆက်သွယ်မှု မြင့်မားလေ၊ ဒေသတွင်း အကျိုးရှိလေဖြစ်ကြောင်း၊ ဒါ့ပြင် ရိုဟင်ဂျာဒုက္ခသည်ပြဿနာကိုလည်း ဖြစ်နိုင်သမျှ မြန်မြန်ဖြေရှင်းဖို့လိုကြောင်း ပြောဆိုပါတယ်။

ဒါ့အပြင် လက်ရှိဒေသတွင်း ပြဿနာတွေ၊ ခြိမ်းခြောက်မှုတွေအပေါ် ရင်ဆိုင်‌ဖြေရှင်းရေးနဲ့ ပတ်သက်ပြီး အိန္ဒိယ၊ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ သုံးပွင့်ဆိုင် ကြိုးပမ်းဆောင်ရွက်ကြရမှာဖြစ်ကြောင်းလည်း သတင်းမှာ ဖော်ပြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။