ဒုက္ခသည် ပြန်လာမယ့် အစီအစဉ် ပျက်ပြယ်သွား


2018.11.15
rohingya-repatriation-protest-622.jpg ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကော့ဇ်ဘဇားဒေသရှိ Unchiprang ဒုက္ခသည်စခန်းက မပြန်ချင်တဲ့ ရိုဟင်ဂျာတွေ ၂၀၁၈ နိုဝင်ဘာလ ၁၅ ရက်နေ့က ဆန္ဒပြစဉ်
ဓါတ်ပုံ - ခင်မောင်

ရိုဟင်ဂျာဒုက္ခသည်တွေကို ဒီကနေ့ ပြန်ပို့ဖို့ကို မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်ဖက်အစိုးရက အဆင်သင့်ဖြစ်နေခဲ့ပေမဲ့ ဘယ်သူမှပြန်မလာတဲ့အတွက် ပြန်လည်လက်ခံရေးအစီအစဉ် ပျက်သွားခဲ့ပါတယ်။

ဒီလိုပျက်သွားတာနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက အရေးပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

RFA သတင်းထောက် ကိုထက်အာကာ က တင်ပြထားပါတယ်။

~~~~~~~~~~~~


ဒုက္ခသည် ပြန်လာမယ့် အစီအစဉ် ပျက်ပြယ်သွား

(ထက်အာကာ)

■ နေရပ်စွန့်ခွာထွက်ပြေးသွားတဲ့ ရိုဟင်ဂျာမွတ်စလင်တွေကို ပြန်လက်ခက်ခံဖို့ ဒီကနေ့ ဒေါက်တာဝင်းမြတ်အေး ဦးဆောင်ပြီး ရခိုင်ပြည်နယ်အစိုးရအဖွဲ့က သွားစောင့်ဆိုင်ခဲ့ပေမဲ့ တစ်ယောက်မှ ပြန်မလာခဲ့ပါဘူး။

ဘင်္ဂလားဒေ့ရှ်ဘက်မှာလည်း ပြန်မလာချင်တဲ့အတွက် ရိုဟင်ဂျာဒုက္ခသည် တစ်ထောင်ကျော်လောက်က ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီလိုဆန္ဒပြကြရာမှာ အချက် ၅ ချက်ကို တောင်းဆိုဆန္ဒပြကြပါတယ်။

တောင်းဆိုချက် ၅ ချက်ကတော့ ၁- ရိုဟင်ဂျာလို့ အသိမှတ်ပြုပေးရေး ၂ - NVC ကတ် ဖျက်သိမ်းပေးရေး ၃ - ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အပြည့်အဝ ပြန်လည်ပေးရေး ၄ - သူတို့ဇာတိရပ်ရွာတွေက နေအိမ်နဲ့မြေတွေ ပြန်သွားခွင့်ရရေး ၅- တရားမျှတမှုရရှိရေးနဲ့ နိုင်ငံတကာက ကာကွယ်စောင့်ရှောက်မှုပေးရေး ကြွေးကြော်ဆန္ဒပြ ခဲ့ကြတယ်လို့ ဆန္ဒပြရာမှာပါဝင်သူ ဒုက္ခသည်တဦးက RFA ကိုပြောပါတယ်။

ဘင်္ဂလားဒေရှ်ဘက်က ဒုက္ခသည်တစ်ဦးက သူတို့ပြန်လာချင်ပေမဲ့ မြန်မာအစိုးရကို သူတို့အနေနဲ့ မယုံကြည်လို့ ပြန်မလာတာလို့ ပြောပါတယ်။

"ကျနော်တို့ မပြန်လာချင်တာမဟုတ်ဘူး၊ ကျနော်တို့ ပြန်လာချင်တယ်၊ ကျနော်တို့နိုင်ငံမှာ၊ အခုပဲသွားချင်တယ်၊ ဒါပေမဲ့ အခြေအနေက သွားလို့မရအောင် ဟန့်တားနေလို့ သွားလို့မရဘူး၊ အခုလည်း ကျနော်တို့တောင်း ဆိုနေတယ်၊ အစိုးရက တတ်နိုင်သမျှလိုက်လျောပေးဖို့ တောင်းဆိုနေတာ၊ အဓိက ကျနော်တို့လိုချင်တဲ့ တောင်းဆို ချက်တွေကို လိုက်လျောပေးမယ်ဆိုရင် အခုလာမှာပဲ ဒါရှင်းရှင်းလေးပဲ၊ ကျနော်တို့အတွက် ဘာတစ်ခုမှ အာမခံ ချက်မရှိပဲနဲ့ ဒီအချိန်မှာ လူတွေကိုလာပါလို့ပြောတာဟာ တရားမျှတမှုမရှိဘူး"

အဲဒီလို လက်ခံရေးအစီစဉ် ပျက်သွားတာနဲ့ ပတ်သက်ပြီး နေပြည်တော်မှာ နိုင်ငံခြားရေးဝန်ကြီးဌာနက အရေးပေါ် သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။

အဲဒီသတင်းစာရှင်းလင်းပွဲမှာ အခုလိုဒုက္ခသည်တွေ ပြန်မလာတာဟာ ဘင်္ဂလားဒေရှ်အစိုးရဲ့ စီမံ ခန့်ခွဲမှုညံ့လို့ဖြစ်တာလို့ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်သူ ကပြောပါတယ်။

"ဘင်္ဂလားဒေ့ရှ်ဘက်က ယနေ့ ဒီအချိန်ထိ တစ်ဦးတစ်ယောက်မှ စတင်လွှဲပြောင်းခြင်းမရှိတာကို တွေ့ရပါတယ်၊ အဲတော့ ကျနော်အနေနဲ့ သုံးသပ်ရမယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်ဘက်က Physical Arrangement လိုက်နာဆောင် ရွက်မှု အားနည်းခဲ့တာကို ကျနော်တို့ သုံးသပ်တွေ့ရပါတယ်"

ပထမကရေကြောင်းကလာဖို့ စီစဉ်ထားတာကနေ ဒီနေ့ကျမှ ကုန်းကြောင်းကနေ ပြန်လာဖို့ စီစဉ်တာဖြစ်တယ်လို့လည်း ဦးမြင့်သူ က ဆက်ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ စာရင်းပေးထားတဲ့ ၈ထောင်ကျော်ထဲက ပြန်လာချင်တဲ့သူတွေကို သူတို့မူလနေရပ်ကို ပြန်ပို့ပေးမယ်လို့ ဦးမြင့်သူ ကပြောပါတယ်။

"ပြန်လည်လက်ခံဖို့လည်း ၈၀၉၂ ဦးကို စိစစ်ထားတာဖြစ်ပါတယ်၊ ပြန်လာခြင်း၊ မလာခြင်းက ကာယကံရှင်တွေရဲ့ ဆုံးဖြတ်ချက်ပဲဖြစ်ပါတယ်၊ ကျနော်တို့အနေနဲ့ကတော့ မိမိဆန္ဒအလျှောက် ပြန်လာမယ့်သူတွေကို သက်ဆိုင် ရာနေရပ်ကို ပြန်လည်ရောက်ရှိဖို့ ဆက်လက်ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ပါတယ်"


UNHCR အနေနဲ့ ကူညီရာမှာ အမှန်တကယ် ပြန်လာမယ့်သူတွေကို ပြန်လာဖို့ နှောင့်နှေးအောင်မလုပ်ဖို့ မျော်လင့်ကြောင်းလည်း ဦးမြင့်သူက ဆက်ပြောပါတယ်။

"UNHCR အနေနဲ့ ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်ကို ကူညီတဲ့နေရာမှာ အမှန်တကယ် ပြန်လိုတဲ့သူတွေကို ဟန့်တားတဲ့ပုံစံမျိုး မဖြစ်သင့်ဘူးလို့ ကျနော်တို့မျှော်လင့်ပါတယ်"

RFA က ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနကို တယ်လီဖုန်းနဲ့ရော Email နဲ့ပါ ဆက်သွယ်ခဲ့ပေမဲ့ အခုအချိန်အထိ အကြောင်းပြန်ကြားခြင်းမရှိပါဘူးခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။