ကျွနု်ပ်တို့သားသမီး မြေးမြစ်များအတွက် ကမ္ဘာအပိုမရှိပါ


2019.09.22
no-planet-b-622.jpg အမေရိကန်ပြည်ထောင်စု၊ Texas ပြည်နယ်၊ Austin မြို့မှာ ၂၀၁၉၊ စက်တင်ဘာ ၂၀ ရက်နေ့က ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲ တာကို အချိန်မီထိန်းသိမ်းဖို့ ဆန္ဒပြတောင်းဆိုကြစဉ်
Photo: ASSOCIATED PRESS

ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲလို့ ရေကြီးတာ၊ မြေပြိုတာ၊ မုန်တိုင်းကြီးတွေ တိုက်လာတာ၊ အပူရှိန်တွေ မြင့်လာတာကို ကမ္ဘာတစ်ဝှမ်းခံနေရတာ နှစ်အတော်ကြာလာပြီဖြစ်ပါတယ်။ ဒါကိုလူအများစု သတိထားမိလာကြပြီး ဒီအခြေအနေကို အချိန်မီ တားဆီးထိမ်းသိမ်းဖို့ အခုသတင်းပတ်ကို ကမ္ဘာလုံး ဆိုင်ရာလှုပ်ရှားမှုအဖြစ် အာရှ၊ အာဖရိက၊ ဥရောပ၊ အမေရိက နိုင်ငံပေါင်းစုံက မြို့ကြီးတွေမှာ တောင်းဆိုဆန္ဒပြပွဲတွေ လုပ်နေကြပါတယ်။ ဒီလှုပ်ရှားမှုမှာ ထူးခြားတာက ဆယ်ကျော်သက်ရွယ် ကျောင်းသား လူငယ်ပေါင်း သန်းနဲ့ချီပါဝင်နေတာတွေ့ရပါတယ်။ ဒီလှုပ်ရှားမှုရဲ့လှုံ့ဆော်သံကတော့ ကျွနု်ပ်တို့သားသမီးမြေးမြစ်များ အတွက် နောက်ထပ်ကမ္ဘာအပိုမရှိပါတဲ့။

ကမ္ဘာကြီးရာသီဥတုဖောက်ပြန်မှုကို ကယ်တင်ဖို့ ၁၁ နှစ်ပဲကျန်တော့တယ်လို့ ပြီးခဲ့တဲ့မတ်လက ကုလသမဂ္ဂ ညီလာခံမှာ ကမ္ဘာ့ခေါင်းဆောင်တွေက ပြောဆိုသတိပေးထားပါတယ်။ ဒီ ၁၁ နှစ်အတွင်း အချိန်မီ မထိမ်းသိမ်းနိုင်ရင် ဘာဖြစ်မလဲ။ ကမ္ဘာ့အပူချိန်မြင့်တက်မယ်၊ ပင်လယ်ရေမျက်နှာပြင်မြင့်တက်မယ်၊ ရေချိုတွေ ရှားလာမယ်၊ အင်းဆက်တွေ သေမယ်၊ ဝတ်မှုံကူးတဲ့သဘာတွေပျောက်မယ်၊ စိုက်ပျိုးရေး တွေခက်လာမယ် စသဖြင့် ပညာရှင်တွေက ထောက်ပြနေကြပါပြီ။

အခုလို ရာသီဥတုဖောက်ပြန်ပြောင်းလဲရတာဟာ လုပ်ငန်းရှင်ကြီးတွေရဲ့ မတော်မတရား စီးပွားရေး လုပ်ငန်းတွေကြောင့် ဆိုတာကို လူ့အခွင့်အရေးသမားတွေ၊ တက်ကြွလှုပ်ရှားသူတွေကလည်း ထောက်ပြနေကြ ပါတယ်။ ကမ္ဘာ့ရာသီဥတုပြောင်းလဲမှုဆိုတဲ့အောက်မှာ စစ်ရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးတွေက ဆက်စပ် နေပါတယ်။ ရာသီဥတုဆိုးလာတဲ့အတွက်ကြောင့် လူနေမြို့တွေ၊ ရွာတွေ ထိခိုက်၊ စီးပွားရေးတွေ ထိခိုက်တဲ့အခါ၊ ရာသီဥတုနဲ့ စီးပွားရေးကောင်းတဲ့နိုင်ငံတွေကို ရရာနည်းနဲ့ ပြောင်းရွှေ့ကြတဲ့အတွက် ပြဿနာတွေလည်း ကြုံလာရပါတယ်။

မြန်မာနိုင်ငံမှာလည်း တောင်တွေဖြိုပြီး ကျောက်စိမ်းတူး၊ ရွှေတူး၊ ကြေးတူး၊ သတ္တုတွေတူးနေတာ၊ သဘာဝဓာတ်ငွေ့နဲ့ ရေနံ အကြီးအကျယ်ထုတ်နေတာတွေကို အထိမ်းအကွပ်မဲ့လုပ်ခဲ့ကြသလို၊ သစ်တောတွေ မတရားခုတ်ခဲ့တာ၊ မြေတွေ၊ သဲတွေတူးပြီး စင်္ကာပူနိုင်ငံကို ရောင်းစားတာတွေက သဘာဝပတ်ဝန်းကျင် ထိခိုက်ပျက်စီးနေရတယ်လို့ ပတ်ဝန်းကျင်ထိမ်းသိမ်းရေးဝါဒီတွေက ထောက်ပြနေကြပါတယ်။ အထင်ရှားဆုံးသာဓကကတော့ ၂၀၀၈ ခုနှစ် မေလက တိုက်သွားတဲ့ နာဂစ်မုန်တိုင်းဒဏ် ခံလိုက်ရတဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်ကလူတွေ ရန်ကုန် ရောက်လာကြတာကလည်း ဖြစ်ရပ်ကြီးတစ်ခုပါ။

ဒါကြောင့် အခုသတင်းပတ်မှာလုပ်နေတဲ့ သဘာဝပတ်ဝန်းကျင်ထိမ်းသိမ်းရေး ကမ္ဘာ့လှုပ်ရှားမှုမှာ မြန်မာလည်း ပူးပေါင်းပါဝင်ဖို့ ရန်ကုန်မြို့မှာ ဒီနေ့ ချီတက်ဆန္ဒပြဖို့ လူငယ်တွေစီစဉ်နေတာ တွေ့ရပါတယ်။ သူတို့ အနေနဲ့ အချက် (၃) ချက်ကို ဒီလှုပ်ရှားမှုကနေ တောင်းဆိုပါတယ်လို့ ဦးဆောင်တဲ့လူငယ်တွေထဲက ကိုကျော်ရဲထက်က ပြောပြပါတယ်။

ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဖြစ်စေတဲ့ စီမံကိန်းတွေအပြီးတိုင် ရပ်ဆိုင်းဖို့နဲ့ အစိုးရအနေနဲ့ နောက်လည်း ဘယ်တော့မှမလုပ်ဖို့ ကျနော်တို့တောင်းဆိုတယ်

"ကျနော်တို့ကြေညာထားတာ တောင်းဆိုချက်ပဲပြောပြော၊ ရည်မှန်းချက်ပဲပြောပြော သုံးခုရှိပါတယ်။ ပထမတစ်ခုက အစိုးရအနေနဲ့ ရာသီဥတုဆိုင်ရာ အရေးပေါ်အခြေအနေ ဆိုတာကို အသိအမှတ်ပြုပြီး ထိရောက်တဲ့ တုံ့ပြန်မှုတွေ လုပ်ဆောင်လာဖို့ ရည်ရွယ်ပါတယ်။ နောက်တစ်ချက်ကတော့ ပြည်တွင်းမှာ လက်ရှိအကောင်အထည်ဖော်နေတဲ့ စီမံကိန်းတွေမှာ သဘာဝပတ်ဝန်းကျင်ပျက်စီးမှုနဲ့ ရာသီဥတု ဖောက်ပြန်ပြောင်းလဲမှုဖြစ်စေတဲ့ စီမံကိန်းတွေအပြီးတိုင် ရပ်ဆိုင်းဖို့နဲ့ အစိုးရအနေနဲ့ နောက်လည်း ဘယ်တော့မှမလုပ်ဖို့ ကျနော်တို့တောင်းဆိုတယ်။ နောက်တစ်ချက်ကတော့ လူမှုအဖွဲ့အစည်းတွေ အားလုံးအတွက်ကို သဘာဝပတ်ဝန်းကျင် တရားမျှတမှု environmental justice ရဖို့ ရည်ရွယ်ပါတယ်"

အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီမှာလည်း လူကြီးလူငယ်ထောင်နဲ့ချီပြီး သောကြာနေ့က လွှတ်တော်ဆီ ချီတက်ဆန္ဒပြကြသလို၊ မနက်ဖြန် တနင်္လာနေ့မှာလည်း ဆန္ဒပြဖို့စီစဉ်နေကြပါတယ်။ သူတို့က ထာဝရစိမ်းလမ်းစိုပြေမှု ထိမ်းသိမ်းရေးမူဝါဒလို့ အဓိပ္ပာယ်ရတဲ့ Green New Deal ဆိုတာကို အကောင်အထည်ဖော်ဖို့ တောင်းဆိုကြတယ်လို့ မေရီလန်းပြည်နယ်မှာနေတဲ့ မြန်မာလူငယ် မသက်စုတင်က ပြောပြပါတယ်။

"ကော်ပိုရေးရှင်းတွေ၊ ကိုလိုနီဝါဒတွေ၊ အရင်းရှင်အယူအဆတွေက ကမ္ဘာအတွက် တာရှည်ခံ ဖွံ့ဖြိုးတိုးတက်မှုမဖြစ်ဘူး။ သမီးတို့မှာ ၁၁ နှစ်ပဲ ကျန်တော့တယ်လေ။ ဘာတောင်းဆိုကြလဲဆိုတော့ စစ်တပ်ကို ဘတ်ဂျက်တွေ အများကြီးပေးထားတာ လျှော့ပြီး၊ ရေရှည်အသုံးပြုနိုင်မယ့်၊ စွမ်းအင်ထုတ်မယ့် နည်းပညာတွေမှာသုံးဖို့၊ ဒီဟာက green new deal ကို သမီးတို့ ဆန္ဒပြသူတွေက တောင်းဆိုထားတယ်"

သူပြောတာက အမေရိကမှာ ပြည်သူတွေရဲ့အခွန်တွေကို အစိုးရကစီမံခန့်ခွဲနေတဲ့အခါမှာ စစ်အသုံး စရိတ် အများဆုံးသုံးနေတာလျှော့ပြီး၊ နည်းပညာဘက်မှာ ပိုသုံးဖို့ တောင်းဆိုကြတာဖြစ်ပါတယ်။ နည်းပညာပိုင်းမှာ ပိုသုံးဖို့ဆိုတာက လောင်စာနဲ့ စွမ်းအင်ထုတ်လုပ်တဲ့နေရာမှာ ရေနံ၊ သဘာဝဓာတ်ငွေ့နဲ့ ကျောက်မီးသွေးတွေ သုံးနေတဲ့နေရာမှာ နေစွမ်းအင်၊ လေစွမ်းအင်၊ ရေစွမ်းအင်တွေသုံးပြီး ထုတ်လုပ်ဖို့၊ ဖျက်ဆီးရခက်တဲ့ တစ်ခါသုံး ပစ္စည်းတွေထုတ်လုပ်ရောင်းချနေတာပိတ်ပင်ပြီး ပတ်ဝန်းကျင်ကိုမထိခိုက် တဲ့ ဖျက်ဆီးလွယ်ပစ္စည်းတွေ တီထွင်အသုံးပြုဖို့၊ ဓနအင်အားကြီး ကုမ္ပဏီကြီးတွေက ကုန်ပစ္စည်းတွေကို ဈေးသက်သာအောင်ရောင်းဖို့ ထုတ်တဲ့အခါမှာ တစ်ဘက်မှာတော့ သဘာဝပတ်ဝန်းကျင် ထိခိုက်တာတို့ ဖြစ်နေတဲ့အတွက် အဲဒါတွေကို အစိုးရတွေက မူဝါဒချမှတ်တားမြစ်ဖို့တို့ဖြစ်ပါ တယ်။

ဒါကြောင့် လက်ရှိမျိုးဆက်တွေက မဆင်မခြင်လုပ်ခဲ့ကြမယ်ဆိုရင်၊ ဒီမျိုးဆက်ရဲ့ သားသမီးမြေးမြစ်တွေအတွက် မငဲ့ကွက်ရာရောက်မယ်၊ နောက်မျိုးဆက်ကို ဒုက္ခတွေပေးခဲ့ရာရောက်မယ်လို့ မြန်မာနိုင်ငံမှာရော ကမ္ဘာမှာပါ ထောက်ပြနေကြပြီး၊ ဒါကို အကောင်အထည်ဖော်ပေးရမှာက အစိုးရတွေသာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

(RFA ဝိုင်းတော်သား ကိုနေရိန်ကျော်တင်ပြသည်)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။