ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ရပ်ဆိုင်းအောင် ကြိုးပမ်းဖို့ သိပ္ပံပညာရှင်တွေ သတိပေး

စမ်းစမ်းတင် (ဝါရှင်တန်ဒီစီ)
2022.04.06
ကမ္ဘာ့ရာသီဥတုပြောင်းလဲမှု ရပ်ဆိုင်းအောင် ကြိုးပမ်းဖို့ သိပ္ပံပညာရှင်တွေ သတိပေး ၂ဝ၂၂ ခုနှစ် ဖေဖော်ဝါရီလက သြစတြေးလျနိုင်ငံ မြောက်ပိုင်းတွင် နေအိမ်များ ရေနစ်မြုပ်နေသည့် မြင်ကွင်းကို တွေ့ရစဉ်။
Photo: AFP

ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်ကို ပပျောက်အောင် အခုလုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင် နောင်ဘယ်တော့မှလုပ်နိုင်တော့မှာ မဟုတ်ဘူးလို့ ကုလသမဂ္ဂ သိပ္ပံပညာရှင်တွေက သတိပေးလိုက်ပါတယ်။

ကုလသမဂ္ဂ IPCC ရာသီဥတုပြောင်းလဲမှုဆိုင်ရာ အစိုးချင်းအဖွဲ့က ဧပြီ ၄ ရက်မှာ ထုတ်ပြန်တဲ့အစီရင်ခံစာကနေ သတိပေးလိုက်တာပါ။ ကာဘွန်ထုတ်လွှင့်နေတာ လျှော့မချနိုင်ရင် ၂၀၂၅ မှာ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့ အထွတ်အထိပ်ရောက်မယ်လို့လည်း သတိပေးပါတယ်။

ကမ္ဘာကြီးကို ပူနွေးစေတဲ့ ဖန်လုံအိမ်အာနိသင်ဓာတ်ငွေ့လျှော့မချရင် တချို့မြို့ကြီးတွေ ရေအောက်ရောက်တော့မယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတားရက်စ် က ဗွီဒီယိုက တဆင့်ပေးပို့တဲ့ အမှာစကားမှာ ထည့်သွင်းသတိပေးပါတယ်။

အရင်က မကြုံဖူးတဲ့ အပူလှိုင်းတွေ၊ ထိတ်လန့်စရာ မုန်တိုင်းတွေတိုက်မယ်။ ရေရှားပါးမယ့် နေရာတွေ ပျံ့နှံ့များပြားလာမယ်။ သန်းနဲ့ချီတဲ့ အပင်နဲ့ တိရစ္ဆာန် မျိုးစိတ်တွေ မျိုးပြုန်းသွားမယ်လို့ ပြောပါတယ်။ ကမ္ဘာနဲ့အဝန်း ရာသီဥတုပြောင်းလဲတဲ့ ဒဏ်ခံနေရပြီး ကချင်ပြည်နယ်မှာ ရာသီဖောက်ပြန်တဲ့အတွက် စပါးအထွက် ကျဆင်းသွားတယ်လို့ ဒေသခံတစ်ယောက်က ပြောပါတယ်။

၂၀၂၀ အကုန်မှာ ကမ္ဘာ့အပူချိန်ကို ၁.၅ ဒီဂရီ ဆဲလ်စီးယပ်ထိပဲတိုးဖို့ ဒါမှမဟုတ် ဒီအောက်ပဲတိုးဖို့ ကမ္ဘာ့ခေါင်းဆောင်တွေ သဘောတူထားပေမဲ့ ကမ္ဘာကြီးဟာ ဒီရာစုမှာ ၃ ဒဿမ ၂ ဒီဂရီဆဲလ်စီးယပ် နွေးနေမယ်လို့ သုတေသီတွေက ပြောပါတယ်။

ကမ္ဘာ့အပူချိန်လျှော့ချဖို့ စွမ်းအင်ထုတ်လုပ်ရေးလုပ်ငန်း၊ စက်မှုလုပ်ငန်း၊ သယ်ယူပို့ဆောင်ရေး၊ လူသားတွေ စားသုံးနေတဲ့ ပုံစံနဲ့ သဘာဝကို အသုံးချတဲ့ ပုံစံ အကြီးအကျယ် ပြောင်းလဲပစ်ရမယ်လို့လည်း ပြောပါတယ်။

ကမ္ဘာတလွှားထုတ်လွှင့်နေတဲ့ ကာဘွန်ဒိုင်အောက်ဆိုက် စုစုပေါင်းရဲ့ ၄၆ ရာခိုင်နှုန်းဟာ ကျောက်မီးသွေးလောင်ကျွမ်းရာကထွက်လာတာဖြစ်ပြီး ကမ္ဘာကြီးကို ပူနွေးစေတဲ့ ဖန်လုံအိမ်အာနိသင် ဓာတ်ငွေ့ စုစုပေါင်းရဲ့ ၇၂ ရာခိုင်နှုန်းဟာ လျှပ်စစ်ကဏ္ဍက ထွက်ရှိပါတယ်။ ဒါကြောင့် လူသားကြောင့် ဖြစ်ရတဲ့ ရာသီဥတု ပြောင်းလဲတဲ့နေရာမှာ တစ်ခုတည်းသောနဲ့ အများဆုံး ပံ့ပိုးတဲ့အရာက ကျောက်မီးသွေးလို့ ပြောပါတယ်။

ရေနံကျောက်မီးသွေးလို ရုပ်ကြွင်းလောင်စာဆိုင်ရာ လုပ်ငန်းသစ်တွေအတွက် နေရာမရှိတော့ဘဲ အခုရှိနေတဲ့ ကျောက်မီးသွေးနဲ့ သဘာဝဓာတ်ငွေ့ စက်ရုံတွေ စောစောစီးစီးပိတ်ပစ်ဖို့ လိုအပ်ပါတယ်လို့ သိပ္ပံပညာရှင်တွေက ပြောပါတယ်။

ဒါဟာ ရာသီဥတုဆိုင်ရာ ဘေးအန္တရာယ်ကို ပပျောက်အောင် အခုလုပ်နိုင်တဲ့ အကြောင်းချင်းရာဖြစ်ပြီး လိုအပ်တဲ့ စွမ်းအင်အတွက် renewable energy လို့ပြောတဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ဘက် လှည့်ဖို့ တိုက်တွန်းပါတယ်။

RFA.jpg
ရှမ်းပြည်နယ်တောင်ပိုင်း၊ တောင်ကြီးခရိုင်မှာ ရှိသော တီကျစ် ကျောက်မီးသွေးသုံး လျှပ်စစ်ဓာတ်အားပေး စက်ရုံကို ၂ဝ၁၉ ခုနှစ်က အပေါ်စီးမှ ရိုက်ကူးထားသည့်မြင်ကွင်း။ (Photo: RFA)

နေ၊ လေ၊ ရေ၊ ဘူမိအပူ၊ ဇီဝလောင်စာနဲ့ သမုဒ္ဒရာစွမ်းအင် စတဲ့ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်အမျိုးမျိုးကို ရောနှောအသုံးပြုပြီး စွမ်းအင်ရအောင် လုပ်နိုင်ပေမယ့် ဒီကဏ္ဍတွေမှာ ရင်းနှီးမြှုပ်နှံမှု လိုအပ်ပါတယ်။

နေရောင်ခြည်စွမ်းအင်သုံးဖို့ ဆိုလာပြားဖြစ်ဖြစ်၊ လေစွမ်းအင်သုံးဖို့ တာဘိုင်ဖြစ်ဖြစ် ဈေးကြီးပေမယ့် လွန်ခဲ့တဲ့ ၁၀ နှစ်အတွင်း ကုန်ကျစရိတ်က ၈၅ ရာခိုင်နှုန်းလောက် ကျဆင်းသွားတယ်လို့ ကုလသမဂ္ဂ IPCC သိပ္ပံပညာရှင်တွေက ပြောပါတယ်။

မြန်မာနိုင်ငံဟာ နေရောင်ခြည်ကို အခမဲ့ပေါပေါများများရတဲ့ နိုင်ငံဖြစ်ပေမဲ့ ဒေါ်လာ သန်း ၂၉၀ အကုန်အကျခံတည်ဆောက်တဲ့ ပထမဆုံး နေရောင်ခြည်စွမ်းအင်သုံး ဓာတ်အားပေးစက်ရုံကို မကွေးတိုင်း၊ မင်းဘူးခရိုင် စကုမှာ ၂၀၁၉ ဇွန်လမှာမှ ဖွင့်လှစ်နိုင်ခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။