နိုင်ငံရေးဂုဏ်သိက္ခာအရ NLD ပါတီကို မှတ်ပုံပြန်တင်မှာ မဟုတ်ကြောင်း ပါတီဝင်တွေပြော

RFA Burmese
2023.02.06
နိုင်ငံရေးဂုဏ်သိက္ခာအရ NLD ပါတီကို မှတ်ပုံပြန်တင်မှာ မဟုတ်ကြောင်း ပါတီဝင်တွေပြော ရန်ကုန်တိုင်း၊ ရွှေဂုံတိုင်မြို့နယ်မှ အမျိုးသားဒီမိုကရေစီအဖွဲ့ ရုံးချုပ်အား စစ်တပ်နှင့် လုံခြုံရေးရဲတပ်ဖွဲ့များ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁၅ ရက်နေ့က ဝင်ရောက်စီးနင်းခဲ့ပြီးချိန် တွေ့ရစဉ်။
Photo: RFA

စစ်ကောင်စီရဲ့ ဇန်နဝါရီလ ၂၆ ရက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေသစ်အရ ရွေးကောက်ပွဲမှာဝင်ပြိုင်မယ့် နိုင်ငံရေးပါတီအားလုံး ရက်ပေါင်း ၆ဝ အတွင်း မှတ်ပုံ ပြန်တင်ရမှာဖြစ်ပြီး မလိုက်နာရင် နိုင်ငံရေးပါတီအဖြစ်ကနေ အလိုအလျောက် ပျက်ပြယ်မယ်လို့ သတိပေးထားပါတယ်။

NLD ပါတီအနေနဲ့ စစ်တပ်အာဏာသိမ်းတဲ့နေ့မှာပဲ ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့် အပါအဝင် ထိပ်တန်းခေါင်းဆောင်အများစု ဖမ်းဆီးခံထားရတာ၊ လွှတ်တော်အမတ်နဲ့ ပါတီဝင်တချို့ သတ်ဖြတ်ခံရတာ၊ ပါတီဝင်အများစု ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာတွေကြောင့် ပါတီကြီးအဖြစ် ဆက်လက်ရပ်တည်ဖို့ ခက်ခဲလိမ့်မယ်လို့ နိုင်ငံရေးအကဲခတ်တွေက ပြောပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD ပါတီဟာ ရွေးကောက်ပွဲရလဒ်ကို ဖျက်သိမ်း၊ တိုင်းပြည်အာဏာကိုရယူပြီး နောက်ထပ် ရွေးကောက်ပွဲအသစ်လုပ်ဖို့ ကြိုးစားနေတဲ့ စစ်ကောင်စီရဲ့ လုပ်ရပ်ကို လုံးဝ လက်ခံမှာမဟုတ်သလို နိုင်ငံရေးဂုဏ်သိက္ခာအရလည်း ပါတီကို မှတ်ပုံပြန်တင်တာမျိုး လုပ်မှာ မဟုတ်ဘူးလို့ စစ်ကိုင်းတိုင်းက NLD လွှတ်တော် အမတ်တစ်ဦးဖြစ်တဲ့ ဦးနေဇင်လတ် က RFA ကို ပြောပါတယ်။

“NLD ပါတီအနေနဲ့ကတော့ ပြန်ပြီးတော့ မှတ်ပုံတင်မှာလည်း မဟုတ်ဘူး၊ ဒီ ရွေးကောက်ပွဲကို အသိအမှတ်ပြုမှာလည်း မဟုတ်ဘူး။ နောက်ပြီးတဲ့အခါကျတော့ ရွေးကောက်ပွဲ ကော်မရှင်ဆိုတာကိုလည်း အသိအမှတ်ပြုမှာ မဟုတ်ပါဘူးဗျ။ အဓိက ကတော့ ဒီဟာသည် တရားမျှတပြီးတော့ လွတ်လပ်တဲ့ ရွေးကောက်ပွဲ လုံးဝ ဖြစ်လာမှာမဟုတ်တဲ့အတွက်ကြောင့်ပါ"

ပါတီကို မှတ်ပုံပြန်မတင်ရင် ဖျက်သိမ်းပစ်မယ်လို့ ခြိမ်းခြောက်ခံရတဲ့ကိစ္စတွေဟာ အခုမှ ကြုံရတာမဟုတ်ဘဲ ၁၉၈၈ ခုနှစ် နောက်ပိုင်းကာလတုန်းကလည်း တွေ့ကြုံခဲ့ရပြီးပြီမို့ ထူးဆန်းတဲ့ ကိစ္စမဟုတ်ဘူးလို့ ဦးနေဇင်လတ်က ပြောပါတယ်။

စစ်ကောင်စီဟာ နိုင်ငံတစ်ဝန်းက NLD ပါတီရုံးတွေကို ဖျက်ဆီးနေပေမယ့် နိုင်ငံတကာ အမြင်မှာ အရုပ်မဆိုးစေဖို့အတွက် ပါတီဌာနချုပ်ရုံးကို ချိပ်ပိတ်သိမ်းယူတာမျိုးမလုပ်ဘဲ သူရည်မှန်းထားတဲ့ ရွေးကောက်ပွဲဖြစ်မြောက်ရေးကိုသာ ဦးတည်လုပ်ဆောင်လိမ့်မယ်လို့ တရားလွှတ်တော်ရှေ့နေ ဦးကြီးမြင့်က သုံးသပ်ပါတယ်။

"လောလောဆယ် ဒီကာလမှာကို ပါတီရုံးတွေကို ဖျက်ဆီးတယ်၊ ပါတီပစ္စည်းတွေကို သိမ်းတယ်၊ ပါတီဝင်တွေကို ဖမ်းတယ်၊ စစ်ဆေးတယ်၊ ဒါတွေ လုပ်ထားတာပဲ။ သို့သော် တရားဝင်ပေါ့၊ ဌာနချုပ်ကြီးက ပစ္စည်းတွေကို သိမ်းပြီးတော့ အဲဒီလောက်တော့ လုပ်ဦးမယ်လို့ မထင်မြင်ဘူးပေါ့နော်။ လုပ်ဦးမယ်လို့ မထင်ဘူး၊ မလုပ်ဘူးလို့ ပြောတာ မဟုတ်ဘူး။ နောက်တစ်ချက်က သူတို့ NLD ကို ရန်မလုပ်တော့ဘူး၊ ရန်မလုပ်တော့ဘဲနဲ့ ရွေးကောက်ပွဲ ကြီးကို အောင်မြင်အောင်လုပ်ပြီးတော့ မင်းအောင်လှိုင် သမ္မတဖြစ်ဖို့ပဲ အရေးကြီးတယ်"

dassk-npt.jpg
NLD ပါတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်နေ့၊ နေပြည်တော် NLD ရုံးမှာကျင်းပသည့် NLD ပါတီ ရွေးကောက်ပွဲအောင်လံလွှင့်ထူခြင်း အခမ်းအနားတွင် တွေ့ရစဉ်။ (Photo: Pool)

ပြည်သူရှိနေရင် ပါတီကို အချိန်မရွေးပြန်တည်ထောင်နိုင်တယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ခံယူထားတဲ့အတွက် NLD ပါတီက မှတ်ပုံပြန်တင်မှာ မဟုတ်ဘူးလို့ ဦးကြီးမြင့်က ခန့်မှန်းပါတယ်။

NLD ပါတီအနေနဲ့ မှတ်ပုံပြန်မတင်တော့ဘူးဆိုရင် ပြည်သူလူထုအတွက် ဦးဆောင်မယ့် ပါတီကြီးတစ်ခု ပျက်စီးသွားနိုင်တာမို့ ဒါဟာ လူထုအတွက် နှမြောစရာကောင်းတယ်လို့ ရခိုင်အမျိုးသားပါတီ မူဝါဒရေးရာ ဦးဆောင် ကော်မတီဝင် ဦးထွန်းအောင်ကျော်က ပြောပါတယ်။

"သူတို့အနေနဲ့ ဆုံးဖြတ်ရမှာပေါ့။ မြန်မာနိုင်ငံမှာ ထင်ရှားတဲ့ ပြည်သူအများစု ထောက်ခံတဲ့ ပါတီကြီးတစ်ရပ် ပျက်သွားမယ်ဆိုလို့ကတော့ ဒါက နိုင်ငံရေးအရ ပြည်သူလူထုရဲ့ အင်အားစုကို ဖော်ဆောင်နိုင်မယ့် ပါတီတစ်ရပ် ပျက်စီးသွားရင်တော့ အလွန်တရာ နှမြောစရာလည်း ကောင်းတယ်၊ ပြည်သူတွေအတွက်လည်း နိုင်ငံရေး လမ်းမှာ ရှေ့ဆောင်ဦးရွက်မယ့် ပါတီတစ်ခု ပျက်သွားတဲ့အတွက် ပြည်သူလူထု အားကိုးတဲ့ လမ်းကြောင်းတစ်ခုကလည်း ပျောက်သွားမယ့် အခြေအနေ မြင်ပါတယ်"

ပြည်သူလူထုရဲ့ ထောက်ခံမှုကို အပြည့်အဝရရှိထားပြီး ငါးနှစ်ကြာ တိုင်းပြည်အာဏာ ကိုလည်း ရခဲ့ဖူးတဲ့ NLD ပါတီရဲ့ အနာဂတ်ဟာ လက်ရှိအခြေအနေအရ စိုးရိမ်စရာ ဖြစ်လာနေပြီလို့ နိုင်ငံရေးပါတီ ခေါင်းဆောင်တချို့က ပြောပါတယ်။

NLD ပါတီအနေနဲ့ မှတ်ပုံပြန်မတင်တော့ဘူးဆိုရင် တိုင်းပြည်မှာ လက်နက်ကိုင်ပဋိပက္ခတွေ ဆက်ဖြစ်နေလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း က ပြောပါတယ်။

"မှတ်ပုံမတင်တော့ဘူးဆိုရင် လုံးဝ နောက်မှာလည်း မတင်တော့ဘူးဆိုရင်တော့ သူက လက်နက်ကိုင် ပဋိပက္ခကတော့ ဆက်ဖြစ်နေမယ်။ ဆက်ဖြစ်နေပြီးတော့ ဘယ်သူ နိုင်မလဲဆိုတဲ့အပေါ်မှာတော့ အများကြီး တည်တာပေါ့။ နောက်လူတွေက နောက် မျိုးဆက်တွေ က NLD ပါတီဆိုတဲ့ အလံကို ယူပြီးတော့ ၂၀၀၈ အခြေခံဥပဒေကို လက်ခံပြီးတော့ ပြန်ဝင်လာလို့ ရှိရင်တော့လည်း တစ်မျိုးပေါ့နော်။ အဲဒီကျလို့ရှိရင်လည်း နိုင်ငံရေးမှာ နေရာပြန်ပြီးတော့ ရလာနိုင်ပါတယ်"

စစ်တပ်က ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ချင်တဲ့ NLD ပါတီဝင်တချို့ ရှိကောင်းရှိလာနိုင်ပေမယ့် လက်ရှိ နိုင်ငံရေးအခြေအနေဟာ ၁၉၈၈ အလွန်ကာလထက် ပိုဆိုးတာကြောင့် အတိတ်မှာ NLD ပါတီကနေ ခွဲထွက်ပြီး ဦးသိန်းညွှန့်နဲ့ ဦးခင်မောင်ဆွေတို့ ရွေးကောက်ပွဲဝင်ခဲ့သလိုမျိုး ဒီတစ်ကြိမ်မှာ ဖြစ်လာမှာမဟုတ်ဘူးလို့ NLD ပါတီဝင်တွေက ပြောပါတယ်။

NLD ပါတီရဲ့ အနာဂတ်ဟာ ရွေးကောက်ပွဲတစ်ခုတည်းနဲ့တင် သက်ဆိုင်တာမဟုတ်ဘဲ လူထုတော်လှန်ရေး အောင်မြင်ခဲ့ရင် မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ်ကို NLD ပါတီ ပြန်ရောက် လာလိမ့်မယ်လို့ မြန်မာ့နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

"NLD ပါတီရဲ့ အနာဂတ်ဆိုတာကတော့ ဒီရွေးကောက်ပွဲတစ်ခုတည်းနဲ့တင် မဆိုင်ပါဘူးဗျာ။ အကဲဖြတ်လို့မရပါဘူး။ NLD ပါတီရဲ့ အနာဂတ်ဟာ NUG က ဦးဆောင်ဆင်နွှဲနေတဲ့ နွေဦးတော်လှန်ရေးရဲ့ အနာဂတ်နဲ့သာ ဆက်စပ်နေပါလိမ့်မယ်။ နွေဦးတော်လှန်ရေး အောင်ပွဲရတယ်ဆိုရင် NLD ပါတီ ပြန်ပြီးတော့ မြန်မာ့နိုင်ငံရေး စင်မြင့်ပေါ်မှာ ရောက်ရှိလာပါလိမ့်မယ်။ အဲဒီမတိုင်ခင်ကာလအတွင်းမှာတော့ NLD ပါတီအလံကို ကိုင်ပြီးတော့ ရွေးကောက်ပွဲစင်မြင့်ပေါ် တက်ရဲတဲ့ ကိုယ်စားလှယ်မရှိဘူး။ ကိုယ်စားပြုနိုင်တဲ့ ကိုယ်စားလှယ်လည်း ရှိမယ်လို့မထင်ပါဘူး"

NLD ပါတီ ခေါင်းဆောင်တွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ပါတီဝင်တွေ ထောင်နဲ့ချီပြီး အဖမ်းခံထားရချိန်မှာ ပါတီအနေနဲ့ စစ်တပ်လုပ်မယ့် ရွေးကောက်ပွဲကိုဝင်ဖို့ ဆုံးဖြတ်မှာ မဟုတ်ဘူးလို့လည်း ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

NLD ပါတီ လူ့အခွင့်အရေး ချိုးဖောက်မှု မှတ်တမ်းဌာနရဲ့ ၂၀၂၃ ဇန်နဝါရီ ၃၁ ရက်နေ့အထိ စာရင်းအရ စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်အတွင်း NLD လွှတ်တော်အမတ် သုံးဦး အပါအဝင် ပါတီဝင် ၈၄ ဦး သေဆုံးခဲ့ပါတယ်။ သေဆုံးသူ ၈၄ ဦးအနက် စစ်ကြောရေးမှာ သေဆုံးသူ ၁၆ ဦး၊ ထောင်တွင်း သေဆုံးသူ ရှစ်ဦး၊ အကြောင်းမဲ့ သတ်ဖြတ်ခံရသူ ၅၉ ဦးနဲ့ ကြိုးပေးကွပ်မျက်ခံရသူတစ်ဦး ပါဝင်ပါတယ်။

ဒီနှစ်နှစ်အတွင်း လွှတ်တော်အမတ်တွေ အပါအဝင် နိုင်ငံတစ်ဝန်းက ပါတီဝင် ၁,၂၃၂ ဦး အဖမ်းခံထားရပြီး၊ လွှတ်တော်ကိုယ်စားလှယ် ၂၀၆ ဦး အပါအဝင် ပါတီဝင် ၃၇၁ ဦးရဲ့ ပိုင်ဆိုင်မှုတွေ ချိပ်ပိတ်သိမ်းယူခံထားရပါတယ်။

"ကျနော်တို့ ခေါင်းဆောင် အမြဲပြောလေ့ပြောထရှိတဲ့စကားအတိုင်း ပြောရမယ်ဆိုရင်တော့ ပါတီကို သူတို့ ဖျက်ချင်ဖျက်၊ မဖျက်ချင်နေ ပြည်သူရှိရင် ပါတီရှိနေပါတယ်"

NLD လို လူထုထောက်ခံမှုရရှိထားတဲ့ နိုင်ငံရေးပါတီကြီးတစ်ခုအနေနဲ့ စစ်ကောင်စီနဲ့ UEC က ဘယ်လောက်ပဲ ဖိနှိပ်ပါစေ ပြည်သူရှိနေသ၍ ဆက်လက်ရှင်သန်နေလိမ့်မယ်လို့ NLD ပါတီ ဗဟိုအလုပ်ကော်မတီအဖွဲ့ဝင် ဦးထွန်းမြင့်က ပြောပါတယ်။

“ကျနော်တို့ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ စကားရှိပါတယ်။ ပြည်သူရှိရင် ပါတီရှိနေမှာပဲဗျ။ ပါတီဆိုတာက ပြည်သူ့ထောက်ခံမှုနဲ့ ရပ်တည်ရတာ ဖြစ်တယ်။ UEC ရဲ့ ထောက်ခံမှုနဲ့ ရပ်တည်ရတာမဟုတ်ပါဘူး။ UEC က အသိအမှတ် ပြုသည် ဖြစ်စေ၊ မပြုသည် ဖြစ်စေ ပါတီတစ်ခုက ရှင်သန်ရပ်တည်ဖို့ဆိုရင် ပြည်သူ့ ထောက်ခံမှုက အဓိကပဲ ဖြစ်ပါတယ်။ ကျနော်တို့ ခေါင်းဆောင် အမြဲပြောလေ့ပြောထ ရှိတဲ့ စကားအတိုင်း ပြောရမယ်ဆိုရင်တော့ ပါတီကို သူတို့ ဖျက်ချင်ဖျက်၊ မဖျက်ချင်နေ ပြည်သူရှိရင် ပါတီ ရှိနေပါတယ်။ ပါတီရှင်သန်နေမှာပဲဆိုတာကတော့ ကျနော်တို့က အကြွင်းမဲ့ ယုံကြည်ပြီးသား ဖြစ်ပါတယ်ဗျ"

NLD ပါတီကို ၁၉၈၈ ခုနှစ်၊ စက်တင်ဘာလ ၂၇ ရက်နေ့မှာ စစ်တပ်အရာရှိဟောင်းတွေ ဖြစ်တဲ့ ဦးအောင်ကြီး၊ ဦးကြည်မောင်၊ ဦးအောင်ရွှေ၊ သူရ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည် တို့ ဦးဆောင်ပြီး စတင်ဖွဲ့စည်းခဲ့တာပါ။

၁၉၉၀ ခုနှစ် ရွေးကောက်ပွဲမှာ NLD ပါတီဟာ မဲဆန္ဒနယ်အများစုမှာ အနိုင်ရခဲ့ပေမယ့် အဲဒီအချိန်က အာဏာသိမ်း စစ်အစိုးရက အနိုင်ရပါတီကို အာဏာလွှဲမပေးဘဲ တိုင်းပြည် အာဏာကို အနှစ် ၂၀ ကျော် ရယူထားခဲ့ပါတယ်။ စစ်အစိုးရက ၂၀၀၈ ဖွဲ့စည်းပုံကို အတည်ပြုပြီး ၂၀၁၀ မှာ ရွေးကောက်ပွဲ လုပ်ပေးခဲ့ပေမယ့် ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ပြန်လွှတ်မပေးဘဲ နေအိမ် အကျယ်ချုပ်ချထားတာကြောင့် NLD က ပါတီကို မှတ်ပုံပြန်တင်တာ၊ ရွေးကောက်ဝင်တာတွေ မလုပ်ခဲ့ပါဘူး။

အဲဒီနောက် စစ်ဘက်-အရပ်ဘက် ဆက်ဆံရေးအရ စစ်တပ်နဲ့ NLD ပါတီအကြား ညှိုနှိုင်းမှုပြေလည်ပြီး ၂၀၁၂ မှာ ကြားဖြတ်ရွေးကောက်ပွဲ အနိုင်ရခဲ့သလို ၂၀၁၅ နဲ့ ၂၀၂၀ ရွေးကောက်ပွဲတွေမှာ အစိုးရဖွဲ့နိုင်တဲ့အထိ NLD ပါတီက အပြတ်အသတ် အနိုင်ရခဲ့ပါတယ်၊ ဒါပေမဲ့ မဲလိမ်မဲခိုးမှုတွေ ရှိခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က အာဏာသိမ်းပြီး ရွေးကောက်ပွဲအသစ်လုပ်ဖို့ ကြိုးစားနေတာဖြစ်ပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။