NLD ပညာရေးကွန်ရက် ၄ နှစ်ပြည့် ရန်ပုံငွေပွဲအကြောင်း တင်ပြချက်
2015.01.10
ရန်ကုန်မြို့ ပြည်သူ့ရင်ပြင်မှာ ဒီနေ့ စတင်ကျင်းပနေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၄ နှစ်ပြည့် ဂုဏ်ပြုပွဲနဲ့ ရန်ပုံငွေဂီတဖျော်ဖြေပွဲကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက် အဖွင့်မိန့်ခွန်း ပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့မိန့်ခွန်းထဲက တချို့ကို RFA သတင်းထောက် ကိုသီဟထွန်းက ကောက်နှုတ်တင်ပြ ထားပါတယ်။
၂ ရက်ကြာကျင်းပမယ့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက် ၄ နှစ်ပြည့်ဂုဏ်ပြုပွဲနဲ့ ရန်ပုံငွေ ဂီတဖျော်ဖြေပွဲကို ရန်ကုန်မြို့ ရွှေတိဂုံဘုရား အနောက်ဘက်မုဒ်က ပြည်သူွှရင်ပြင်မှာ ဒီနေ့ စတင် ဖွင့်လှစ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည် တက်ရောက်အမှာစကားပြောခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်က ဆင်းရဲမွဲတေမူ၊ ရုပ်ပိုင်းဆိုင်ရာနိမ့်ကျမူရဲ့ နောက်ဆက်တွဲဖြစ်တဲ့ အတွေးအခေါ် နိမ့်ကျခြင်းအတွက် အစိုးရပိုင်းက လုပ်ဆောင်ရမယ့်တာဝန်ရှိသလို ပြည်သူတွေအနေနဲ့လည်း ဆင်းရဲမွဲတေမူ ပပျောက်စေရေး မိမိတို့ကိုယ်တိုင်ကြိုးစားပြီး အသိပညာမြင့်မားအောင်စွမ်းဆောင်ဖို့ လိုတယ်လို့ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။ရုပ်ပိုင်းဆိုင်ရာ နိမ့်ကျရခြင်းအနောက်မှာ စိတ်ပိုင်းဆိုင်ရာ၊ အတွေးအခေါ် ပိုင်းဆိုင်ရာ အားနည်းခြင်းဆိုတာ အမြဲတမ်းရှိတက်ပါတယ်၊ အဲ့ဒီတော့ ဒီလိုအားနည်းခြင်းတွေကို ဘယ်လိုလုပ် ကျမတို့ ပပျောက်အောင်လုပ်မလဲ၊ ဆင်းရဲမွဲတေမှု ပပျောက်ခြင်းဆိုပြီးတော့ ပြောကြတယ်ပေါ့၊ ဆင်းရဲမွဲတေမှု ကျဆင်းအောင်လုပ်မယ်၊ ပပျောက်အောင်လုပ်မယ်၊ အဲ့ဒါဟာဘယ်လိုလုပ်မလဲ၊ တချို့ကတော့ ဒါအစိုးရက လုပ်ပေးရမယ့်ကိစ္စလို့ ဒီလိုပဲဖြေကြရတယ်၊ အစိုးရက လုပ်ရမယ့်ကိစ္စတွေအများကြီးရှိပါတယ်၊ အစိုးရလုပ်မှတော့ တာဝန်ယူထားမှတော့ တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ရမှာရှိပါတယ်၊ ဒါပေမယ့် အရေးကြီးတာက ပြည် သူလူထသာလျှင် မိမိတို့ရဲ့ စွမ်းဆောင်မှုနဲ့ ကိုယ့်နိုင်ငံရဲ့ ဆင်းရဲမွဲတေမှုကို ပပျောက်အောင် လုပ်နိုင်မယ်ဆိုရင် ကျမတို့အားလုံး သဘောပေါက်ဖို့လိုပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်က ဖွင့်လှစ်ထားတဲ့ ပညာဒါနကျောင်းတွေမှာ သင်ကြားနေတဲ့ ကလေးတွေကို ကျောင်းသင်ခန်းစာသာမက စိတ်ပိုင်းဆိုင်ရာ အတွေးအခေါ်ပိုင်းဆိုင်ရာ မြင့်မားစေဖို့အတွက်ပါ သင်ကြားပေးနိုင်ဖို့ ကြိုးစားနေတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။
ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံဟာ ဆင်းရဲတဲ့နိုင်ငံဖြစ်တာကြောင့် တိုင်းပြည်ထူထောင်ရေး လုပ်ငန်းတွေလုပ်ဆောင်ဖို့အတွက် လူငယ်တွေအရည်အသွေး ပြည့်ဝစေရေးအတွက် ကြိုးစားရမယ်လို့ ပြော ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။ကျမတို့နိုင်ငံက ဆင်းရဲလို့ ကျမတို့ကစပြီးတော့ ထူထောင်တဲ့အလုပ်ကို လုပ်ရမှာပါ၊ ပြန်လည်ထူထောင်တဲ့အလုပ်လို့ တချို့ကဆိုတာပေါ့နော်၊ တကယ်တမ်းပြန်လည်ထူထောင်ဖို့ ပြော ပါဦး၊ ပြန်ပြီးသိပ်ထူထောင်စရာ သိပ်မရှိပါဘူး၊ အရင်တုန်းကလည်း ဒီနှစ်ပေါင်းများစွာ ဘာမှမရှိခဲ့တော့ ကျမတို့ ကနေပြီးတော့ ကကြီးကနေပြီးတော့ စရမလိုဖြစ်နေပါတယ်၊ ကျမတို့ ဒီလိုလုပ်နိုင်ဖို့ဟာ လူငယ်တွေမှာအရည် အချင်းလိုတယ်၊ ဒီလူငယ်တွေ မှန်ကန်တဲ့အရည်အချင်း ရအောင်လို့ လုပ်ချင်အောင်လို့ လူကြီးတွေကလည်း အားပေးရပါမယ်။
လက်ရှိတိုင်းပြည်မှာ ဖြစ်ပေါ်နေတဲ့ကိစ္စရပ်တွေကို အမှန်အတိုင်းအသိဉာဏ်ပညာနဲ့ ကြည့်မြင်ပြီး သတ္တိရှိရှိဆောင် ရွက်နိုင်ဖို့ အရေးကြီးတယ်လို့လည်း ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။အမှန်ကို ရဲရဲဝင့်ဝင့်ရင်ဆိုင်ခြင်းဟာ ပညာပဲ၊ ပညာရှိဆိုတာ တကယ်ကို အမှန်ကိုအမှန်အတိုင်း၊ အဖြစ်ကိုအဖြစ်အတိုင်း သိရမယ်၊ နားလည်ရမယ်၊ ရင်ဆိုင်ရဲရမယ် ဒါမှပညာရှိပဲ၊ ပညာရှိရုံနဲ့လည်း မပြီးသေးဘူး၊ သတ္တိရှိဖို့လိုတယ်၊ အမှန်ကိုအမှန်အတိုင်းမြင်ရင် အမှန်ဘက်ကနေပြီၤး ရပ်တည်ပေးတဲ့သတ္တိရှိရမယ်၊ ဘယ်လိုပုံစံနဲ့ ရပ်တည်မလဲဆိုပြီးတော့ ဆုံးဖြတ်နိုင်တဲ့ အမျှော်အမြင်ရှိရမယ်။
အလားတူ ဒေါ်အောင်ဆန်းစုကြည်က အလွတ်ကျက်ပြီးဖြေဆိုရတဲ့ ပညာရေးစနစ်ဟာ မှတ်ဉာဏ်ကောင်းစေဖို့ အတွက် အတိုင်းအတာတစ်ခုထိ လိုအပ်တာမှန်ပေမယ့် လူငယ်တွေ လွတ်လွတ်လပ်လပ် တွေးခေါ်စဉ်းစားမူကို အားနည်းစေတယ်လို့လည်း ဝေဖန်ခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်။ ။အခုခက်တာက ကျမတို့ကျောင်းတွေဟာ နှစ်ပေါင်းများစွာ အလွတ်ကျက် ပြီးတော့ စာမေးပွဲအောင်ပြီးတော့ ပညာတက်ပြီလို့ ကိုယ့်ကိုကိုယ်သက်မှတ်နေတာက အင်မတန်မှစိတ်ရှုတ် စရာကောင်းပါတယ်၊ အလွတ်ကျက်တယ်ဆိုတဲ့သဘောက တနည်းအားဖြင့်ဆိုလို့ရှိရင် မှတ်ဉာဏ်ကောင်းအောင် လို့ လေ့ကျင့်ပေးတာဆိုတာ မှန်ပါတယ်၊ ဒီကိစ္စရပ်တွေများမှာဆိုရင် ကောင်းတာလည်းရှိပါတယ်၊ အဆိုးဘက်လည်း ရှိပါတယ်၊ ဒါပေမယ့် အလွတ်ကျက်တဲ့အလေ့အထဟာ ကိုယ်ဟာကိုယ်တွေးခေါ်တက်တဲ့အကျင့်ကို အားမပေးပါဘူး၊ အဲ့ဒီလိုပုံစံမျိုးနဲ့ ကျမတို့ရဲ့လူငယ်တွေ ပြုစုပျိုးထောင်ပေးလို့ မရပါဘူး။
အခု ၂ဝ၁၅ ခုနှစ်ဟာ တိုင်းပြည်အတွက် အလွန်အရေးကြီးတဲ့ အချိန်ဖြစ်တာကြောင့် ပြည်သူတွေအနေနဲ့ ပညာ ရှိရှိနဲ့ မှန်ကန်တဲ့ဆုံးဖြတ်ချက်တွေချဖို့ အရေးကြီးတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က တိုက်တွန်းခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပညာရေးကွန်ရက်ကဖွင့်လှစ်ထားတဲ့ ပညာဒါနကျောင်း ၂ဝဝ ကျော်ရှိပြီး ကျောင်း သားကျောင်းသူ စုစုပေါင်းနှစ်သောင်းကျော်ကို ပညာသင်ကြားပေးနေတယ်လို့ သိရပါတယ်ခင်ဗျာ။