ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲပို့လိုက်တဲ့အပေါ် NLD ရှုတ်ချ

2022.06.28
ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲပို့လိုက်တဲ့အပေါ် NLD ရှုတ်ချ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ၂၀၂၀ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ရန်ကုန်မြို့တွင် တွေ့ရစဥ်
AFP Photo

စစ်ကောင်စီဘက်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အချုပ်ထောင်ထဲ ပြောင်းရွှေ့ လိုက်တာက အသက်အန္တရာယ် တစ်စုံတစ်ရာကျရောက်အောင် အာဃာတရှိရှိ လုပ်ကြံ ဖန်တီးတာလို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ဗဟိုလုပ်ငန်းကော်မတီက ဇွန် ၂၇ ရက် မနေ့က ကြေညာချက်ထုတ်ပြီး ပြစ်တင်ရှုတ်ချလိုက်ပါတယ်။

စစ်ကောင်စီဟာ ဘာပြစ်မှုမှ မကျူးလွန်ထားတဲ့ လူထုခေါင်းဆောင်ကို ဥပဒေပုဒ်မ အမျိုးမျိုးတပ် ဖမ်းဆီး ထားသလို ဒေါ်အောင်ဆန်းစုကြည်အတွက် ဥပဒေကြောင်းအရ အကာအကွယ်ရဖို့ လိုက်ပါဆောင်ရွက်နေတဲ့ တရားလွှတ်တော်ရှေ့နေတွေကိုလည်း ခြိမ်းခြောက်အကျပ်ကိုင်ထားတယ်၊ ဒီလုပ်ရပ်ကြောင့် အသက် ၇၇ နှစ် အရွယ် ဒေါ်အောင်ဆန်းစုကြည်ဟာ ဥပဒေအရ ခုခံချေပခွင့်တွေ ဆုံးရှုံးပြီး မတရားတဲ့ ဥပဒေတွေကို ရင်ဆိုင်နေရတယ်လို့ NLD လုပ်ငန်းကော်မတီက ဆိုပါတယ်။

ဒါဟာ မြန်မာ့သမိုင်းမှာ ဘယ်လိုမှ ဖျောက်ဖျက်လို့မရတဲ့ အမည်းစက်ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးနဲ့ အသက်အန္တရာယ်ကို စစ်ကောင်စီကပဲ တာဝန်ခံရမယ်လို့ NLD ဗဟိုအလုပ်ကော်မတီဝင် ဦးကျော်ထွေးက ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည်ကို မတရားဖမ်းဆီးထားတာ အားမရသေးဘဲ နေပြည်တော် အကျဉ်းထောင်ကို ပို့လိုက်တာပါ။ မြန်မာ့သမိုင်းမှာ ဘယ်လိုမှ ဖျောက်ဖျက်လို့ မရတော့တဲ့ မှားယွင်းမှုကြီးတစ်ခုအဖြစ် အာဏာသိမ်းစစ်ကောင်စီရဲ့ ကျူးလွန်မှု ဖြစ်ပါတယ်။ မြန်မာ့နိုင်ငံရေးမှာ ဘယ်လိုမှ ချန်လှပ်ထားလို့မရတဲ့၊ အခုချိန်အထိ နိုင်ငံတကာကပါ ထောက်ခံအားပေးနေပြီး ပြည်သူလူထုတစ်ရပ်လုံးရဲ့ ကိုယ်စားပြုမှု အပြည့်ရှိနေဆဲဖြစ်တဲ့၊ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေကိုလည်း ချနိုင်စွမ်းရှိတဲ့ တစ်ဦးတည်းသောပုဂ္ဂိုလ်ကို တိုင်းပြည်နဲ့ ပြည်သူလူထုတစ်ရပ်လုံးရဲ့ စိတ်ဆန္ဒတွေကို ချိုးနှိမ်လိုတဲ့သဘော အာဃာတတွေနဲ့ လုပ်ဆောင် လိုက်တာလို့ မြင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးကိစ္စကအစ အသက်အန္တရာယ် ရှိလာမယ်ဆိုရင် အားလုံးကို စစ်ကောင်စီကပဲ တာဝန်ခံရမှာဖြစ်ပါတယ်ဗျ”

ဒေါ်အောင်ဆန်းစုကြည်ကို အာဃာတရှိရှိ လုပ်ကြံတယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က အမြင်သဘောထား သိနိုင်ဖို့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဒီနေ့ညနေပိုင်းအထိ ဖုန်းခေါ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ဒေါ်အောင်ဆန်းစုကြည်ကို ထောင်ထဲမှာ သီးခြားကောင်းမွန်စွာ ထားရှိတယ်လို့ ဗိုလ်ချုပ် ဇော်မင်းထွန်း က သတင်းမီဒီယာတချို့ကို မနေ့က ပြန်လည်ဖြေကြားထားပါတယ်။

NLD ထုတ်ပြန်ချက်မှာ နေပြည်တော်အချုပ်ထောင်ဟာ မြန်မာနိုင်ငံတစ်ဝန်းက အခြား အကျဉ်းထောင်တွေလိုပဲ သောက်သုံးရေ မသန့်ရှင်းမှု ၊ မှက်၊ ခြင်၊ ယင် ပေါများမှု၊ မိလ္လာ အခက်အခဲ၊ လေကောင်း‌‌လေသန့် မရရှိမှု၊ ကျန်းမာရေးစောင့်ရှောက်မှု အားနည်းမှု၊ အစား အသောက်ထားသိုလို့ မရမှု၊ သန့်ရှင်းလတ်ဆတ်တဲ့ အစားအသောက် မကျွေးမွေးမှု စတဲ့ လိုအပ်ချက်ပေါင်းစုံ ရှိနေတယ်လို့လည်း ထောက်ပြထားပါတယ်။

အခုလို ထောင်ထဲပို့လိုက်တာကြောင့် အရေးပေါ် ကျန်းမာရေးကိစ္စ ပေါ်ပေါက်လာရင် အချိန်မီ ဆေးကုသခွင့်ရဖို့လည်း ခက်ခဲနိုင်ကြောင်းလည်း NLD ပါတီက ဝေဖန်ထား ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ပြိုလဲသွားတဲ့ နိုင်ငံအနာဂတ်ကို ပြန်လည်တည်ဆောက်နိုင်တဲ့ ခေါင်းဆောင်တစ်ဦးဖြစ်တာမို့ သူ့ကို အခုလို ထောင်သွင်းအကျဉ်းချလိုက်တဲ့အပေါ် တုန် လှုပ်မိတယ်လို့ ရန်ကုန်မြို့ က ပြည်သူတစ်ဦးဖြစ်တဲ့ ဦးဇင်ကို က ဆိုပါတယ်။

“အစ်ကိုတို့အနေနဲ့ အန်တီ့ကိုစိတ်ပူတာက အန်တီ့ကို အဲ့ဒီထဲမှာ တစ်ယောက်တည်း ထားတယ်။ ထောင်ဝန်ထမ်း တွေနဲ့ ပဲထားတယ်ဆိုတော့ နေ့စဉ် အန်တီ့ရဲ့ နေမှုထိုင်မှု ပေါ့။ တို့တွေအနေနဲ့ စိတ်ထဲ တော်တော်လေး တုန်လှုပ်မိ တယ်။ တို့နိုင်ငံရဲ့ အနာဂတ် အတွက်က အန်တီအသက်ရှင်ဖို့ အရမ်းအရေးကြီးတာကိုး၊ အန်တီ အသက်ရှည်မှ တို့နိုင်ငံရဲ့ ပြိုလဲသွားတဲ့အနာဂတ်ကို ပြန်ပြီးတည်ဆောက်ဖို့ ခေါင်းဆောင်ကောင်း တစ်ယောက်ရှိနေမှာ”

ဒေါ်အောင်ဆန်းစုကြည် ဟာ နေပြည်တော် အချုပ်ထောင်ထဲကို ပြောင်းရွှေ့ခံရပြီးနောက် အရင်က အနီးကပ် ပြုစုနေသူအားလုံးကို စစ်ကောင်စီက လိုက်ပါခွင့် မပေးတော့ဘဲ တစ်ယောက်တည်း ထိန်းသိမ်းခံထားရတယ်လို့ ဒီအခြေအနေကို အသေးစိတ်သိရှိထားတဲ့ သတင်းရင်းမြစ်တချို့က RFA ကို ပြောပါတယ်။

ဇွန်လ ၂၉ ရက်နဲ့ ၃၀ ရက်နေ့တွေမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိနေတဲ့ မြန်မာနိုင်ငံ ဆိုင်ရာ အာဆီယံ အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းကလည်း အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးတွေအနေနဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့ အခြေအနေကို စိုးရိမ်ပူပန်ပြီး အချုပ် ထောင်ကနေ မူလထားရှိတဲ့နေရာကို ပြန်ပို့ဖို့ ဇွန် ၂၇ ရက် မနေ့က စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီးထံ စာရေးတောင်းဆိုထားပါတယ်။

"တို့နိုင်ငံရဲ့ အနာဂတ်အတွက်က အန်တီအသက်ရှင်ဖို့ အရမ်းအရေးကြီးတာကိုး”

ဒါပေမဲ့ စစ်ကောင်စီဘက်ကတော့ အာဆီယံအထူးကိုယ်စားလှယ်ရဲ့တောင်းဆိုချက်ကို ချက်ချင်း ပယ်ချလိုက်ပြီး မြန်မာနိုင်ငံဟာ အချုပ်အခြာပိုင်နိုင်ငံတစ်ခုဖြစ်သလို ဥပဒေပြဋ္ဌာန်းချက်တွေအတိုင်း လုပ်ဆောင်ခဲ့တာ ဖြစ်တဲ့အတွက် ဥပဒေအထက်မှာ ဘယ်သူမှ မရှိရဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်း က မနေ့က သတင်းမီဒီယာတွေကို ပြန်လည်တုံ့ပြန်ပါတယ်။

စစ်ကောင်စီဟာ ဒေါ်အောင်ဆန်းစုကြည် ကို ထောင်ထဲပို့လိုက်တဲ့လုပ်ရပ်ကြောင့် နိုင်ငံတကာ ဖိအားတွေကို ပိုပြီး ရင်ဆိုင်ရလိမ့်မယ်လို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး က သုံးသပ်ပါတယ်။

“UN တို့ ၊ ASEAN တို့က တကယ်ထိရောက်တဲ့အရေးယူမှု လုပ်နိုင်တယ်ဆိုတာ အတော်နည်းတယ်။ နိုင်ငံအလိုက် မှာ သူတို့လုပ်နိုင်ကြတယ်။ အမေရိကအနေနဲ့ ပိတ်ဆို့အရေးယူတဲ့ကိစ္စတွေ သူတို့လုပ်တယ်။ နောက် ယူကေ ကလုပ်တယ်၊ နောက် ဥရောပသမဂ္ဂက လုပ်တယ်ဆိုတာတွေ့ရတယ်။ အဲ့လိုပုံစံမျိုးဟာတွေ ပိုပြီးတော့ ဖြစ်လာဖို့ များမယ်လို့ ယူဆလို့ရတယ်”

ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်နေ့မှာ ဆန္ဒပြစဥ် (AFP Photo)
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ မြန်မာနိုင်ငံသားတွေ ဂျပန်နိုင်ငံ တိုကျိုမြို့တွင် ၂၀၂၂ ခုနှစ် မေလ ၂၂ ရက်နေ့မှာ ဆန္ဒပြစဥ် (AFP Photo)

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က အာဏာသိမ်းပြီး နောက် အမှုပေါင်း ၁၉ ခုနဲ့ တရားစွဲဆိုခံထားရတာပါ။ အမှုခြောက်မှုအတွက် ထောင်ဒဏ် ၁၁ နှစ် ချမှတ်ခံထားရပြီး ကျန်ရှိနေတဲ့အမှု ၁၃ မှု အတွက် ဆက်လက်ရင်ဆိုင်နေရပါတယ်။

၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်နေ့က စစ်တပ်က အာဏာသိမ်းဖို့ ကြိုးစားတဲ့နေ့မှာပဲ နေပြည်တော်၊ ဇမ္ဗူသီရိ မြို့နယ် မြနန်းဘုံသာလမ်းမှာ နေထိုင်တဲ့ ဒေါ်အောင်ဆန်းစုကြည် ကို စစ်တပ်က အာဏာသိမ်းလိုက်ပြီဖြစ်ကြောင်း အသိပေးပြီး အဲဒီနေအိမ်မှာပဲ နှစ်ရက် တိတိ အကျယ်ချုပ်ထားခဲ့ပါတယ်။

နောက်ပိုင်းမှာတော့ နေပြည်တော်က အမည်မသိတဲ့ နေရာတစ်ခုမှာ NLD ပါတီဝင် အချို့နဲ့အတူ ပြောင်းရွှေ့ထားခဲ့ပြီး အခု ဇွန်လ ၂၂ ရက်နေ့မှာမှ နေပြည်တော် အချုပ်ထောင်ထဲကို တစ်ဦးတည်း ခွဲထုတ်ပို့ဆောင်လိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အတွက် စိုးရိမ်ပူပန်ကြောင်းနဲ့ ဒါဟာ နိုင်ငံရေးအရ ဖမ်းဆီးထားသူ အားလုံးကို ပြန်လွှတ်ပေးဖို့ ကုလသမဂ္ဂရဲ့ တောင်းဆိုချက်ကို စစ်ကောင်စီဘက်က ဆန့်ကျင်တဲ့လုပ်ရပ်ဖြစ်ကြောင်း ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် Antonio Guterres ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် Stephane Dujarric က ဇွန်လ ၂၃ ရက်နေ့က ထောက်ပြ ဝေဖန်ခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လွန်ခဲ့တဲ့ ၁၉ နှစ် ၂၀၀၃ မေလတုန်းကလည်း စစ်ကိုင်းတိုင်းကို စည်းရုံးရေးခရီးထွက် ချိန် ဒီပဲယင်းမြို့ ကျည်ရွာအနီးမှာ စစ်တပ်နဲ့ စွမ်းအားရှင်အဖွဲ့တွေရဲ့ ဝိုင်းဝန်းရိုက်နှက်တာကို ခံရပြီး အင်းစိန် ထောင်ထဲက သီးသန့်နေအိမ်တစ်လုံးမှာ ခြောက် လကြာ ဖမ်းဆီးခံခဲ့ရဖူးပါတယ်။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။