သွေးသောက်အဖွဲ့လက်ချက်နဲ့ သေဆုံးရတဲ့ ပါတီဝင် ၅၈ ဦးရှိလာကြောင်း NLD ပြော
2023.04.14

စစ်တပ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်းမှာ သွေးသောက်အဖွဲ့ရဲ့လက်ချက်နဲ့ သတ်ဖြတ်ခံခဲ့ ရတဲ့ NLD ပါတီဝင် ၅၈ ဦးရှိနေပြီလို့ NLD ပါတီရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုမှတ်တမ်း ကောက်ယူရေးဌာနက ပြောပါတယ်။ အဲဒီအသတ်ခံရတဲ့လူတွေထဲ မှာ မန္တလေးတိုင်းက အများဆုံးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဧပြီလမှာစပြီး ပေါ်ပေါက်လာတဲ့ သွေးသောက်အဖွဲ့က သူတို့အဖွဲ့ဟာ NLD ပါတီဝင်တွေကို ချေမှုန်းမှာဖြစ်တာကြောင့် အနီရောင်စစ်ဆင်ရေးလို့ ကြေညာခဲ့ပါ တယ်။ NLD ပါတီဝင်နဲ့ ထောက်ခံသူတွေကို အနီတွေလို့ လူအများစုက တင်စားပြောဆိုကြ ပါတယ်။
“လူသတ်ပြီးတော့မှ နိုင်ငံရေးလုပ်လို့ရတော့မယ့်ခေတ် ဖြစ်နေတယ်။ ဘာဖြစ်လို့လဲဆိုတဲ့အခါကျတော့ အခု မန္တလေးတိုင်းက အဆိုးဆုံးပဲ"
သွေးသောက်အဖွဲ့ရဲ့ သတ်ဖြတ်မှုတွေဟာ မန္တလေးမြို့မှာ လအတန်ကြာ တိမ်ငုပ်နေပြီး အခုနောက်ပိုင်းမှာ တစ်ကျော့ပြန်ပေါ်လာနေတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ မန္တလေးမြို့သားတစ်ယောက်က RFA ကို ပြောပါတယ်။
“မန္တလေးမှာ NLD ပါတီဝင်တွေသတ်ဖြတ်ခံရမှုတွေ ပြန်ဖြစ်လာတယ်ပေါ့နော်။ သူတို့ ပျောက်သွားတာကတော့ ၆ လ၊ ၈ လလောက် ရှိပြီ။ NLD အမာခံတွေကို သတ်တယ်ဆို ပြီးတော့ သတင်းတွေ လွှင့်တယ် ပေါ့နော်။ ပြောမယ်ဆိုရင် သူတို့တွေက ပျူတွေ ဖြစ်နိုင် တယ်။ ရဲလည်းမဟုတ်၊ စစ်တပ်လည်း မဟုတ်။ စစ်တပ်လက်ပါးစေ ပျူတွေပဲ။ အဲဒီလို မျိုးပဲ ဖြစ်နိုင်တယ်ဗျ။ တရားဥပဒေစိုးမိုးရေးက စစ်တပ်အာဏာ သိမ်းပြီးကတည်းက ဘာမှမရှိတော့တဲ့အခါကျတော့ ပြောစရာလည်း ဘာမှမရှိတော့ဘူးပေါ့နော်”
လူမှုကွန်ရက်တွေနဲ့ တယ်လီဂရန်ချန်နယ်တွေမှာ ပျံ့နှံ့ခဲ့တဲ့ သွေးသောက်အဖွဲ့ရဲ့ ကြေညာချက်မှာတော့ သူတို့ဟာ၊ NLD ပါတီဝင်တွေ၊ ပါတီကို ထောက်ခံသူတွေ၊ PDF အဖွဲ့တွေ၊ သူတို့နဲ့ ဆက်နွှယ်သူတွေ၊ သတင်းမီဒီယာတချို့နဲ့ စစ်ကောင်စီသတင်းပေးလို့ စွပ်စွဲပြီး သတ်ဖြတ်နေသူတွေကို လက်တုံ့ပြန်သတ်ဖြတ်ချေမှုန်းမယ်လို့ ဆိုထားပါတယ်။
အဲဒီအပြင် တပ်မတော်သားတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ သူတို့နဲ့ ပတ်သက်တဲ့မိသားစုဝင်တွေ၊ စစ်မှုထမ်းဟောင်းတွေ၊ အငြိမ်းစားအစိုးရဝန်ထမ်းတွေ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေ၊ ဝိုင်အမ်ဘီအေအသင်းဝင်တွေနဲ့ ပရဟိတဝန်ထမ်းတွေကို PDF တွေဘက်က ရက်ရက်စက်စက်သတ်ဖြတ်နေတဲ့အတွက် တန်ပြန်ချေမှုန်းဖို့ သွေးသောက်အဖွဲ့ကို ဖွဲ့စည်းတာလို့လည်း ထုတ်ပြန်ထားပါတယ်။
အဲဒီထုတ်ပြန်ချက်နောက်ပိုင်း အသတ်ခံရသူတချို့ရဲ့ လည်ပင်းတွေမှာ သွေးသောက်အဖွဲ့ လို့ ရေးထားတဲ့ ကတ်ပြားတွေကို ချိတ်ဆွဲထားတာ တွေ့ရပါတယ်။ သွေးသောက်အဖွဲ့ ဆိုတာနဲ့ ပတ်သက်လို့ တရားလွှတ်တော် ရှေ့နေ ဦးကြီးမြင့်က အခုလိုရှုမြင်ပါတယ်။
“လူသတ်ပြီးတော့မှ နိုင်ငံရေးလုပ်လို့ရတော့မယ့်ခေတ် ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတဲ့အခါကျတော့ အခု မန္တလေးတိုင်းက အဆိုးဆုံးပဲ။ အဲဒီ သွေးသောက်ဆိုတဲ့တံဆိပ် က ဒီဇိုင်းဆရာကောင်းကောင်းနဲ့ သေချာရောင်စုံ လုပ်ထားတာ။ ပေါ့ပေါ့တန်တန် မဟုတ်ဘူး။ သေသေချာချာ စနစ်တကျသတ်တာ။ ပြောရရင် မြို့လယ်ကောင်မှာ သတ်တာ။ နေ့ခင်းတွေကိုသတ်တာ။ မပေါ်နိုင်စရာအကြောင်းမရှိဘူး။ ဒါပေမဲ့လို့ အရေးမယူဘူး။ ဘာလို့ဆိုတော့ သူတို့ ဖြစ်နေတာကိုး။ ကြံ့ခိုင်ရေးနဲ့ စစ်တပ်နဲ့ ပေါင်းသတ်တာဆိုတော့ ပြီးရော ပွဲကသိမ်းရော”
NLD ပါတီဝင်နဲ့ မိသားစုတွေကို သတ်မယ်လို့ ထုတ်ဖော်ကြေညာထားတဲ့အတွက် ဒီလို ဖြစ်ပျက်နေတာတွေကို မှတ်တမ်းသေချာတင်ပြီး ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့ အစည်းတွေဆီကို ရောက်အောင် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ ကြိုးစားသင့်တယ်လို့ ဦးကြီးမြင့်က ထောက်ပြပါတယ်။
မန္တလေးမှာ သွေးသောက်အဖွဲ့၊ နေပြည်တော်မှာ သွေးသစ္စာ၊ ရန်ကုန်မှာ Yangon Castigate Group (YCS)၊ ပဲခူးတိုင်း ပြည်မြို့နယ်ထဲမှာ မျိုးချစ်ညွန့်ပေါင်းအဖွဲ့၊ တနင်္သာရီတိုင်းဘက်မှာ စွန်ရဲအဖွဲ့ စတဲ့ နာမည်အမျိုးမျိုးနဲ့ ပေါ်ပေါက်နေပြီး အဲဒီထဲမှာ သွေးသောက်အဖွဲ့က နာမည်အကြီးဆုံး ဖြစ်နေပါတယ်။
စစ်တပ်အာဏာသိမ်းပြီးတဲ့နောက် စစ်ကိုင်းနဲ့ မကွေးတိုင်းတို့မှာ စစ်တပ်ကျောထောက် နောက်ခံပေးထားတဲ့ ပျူစောထီးအဖွဲ့တွေ ပေါ်ပေါက်လာသလို မြို့ပေါ်တွေမှာတော့ စစ်ဘက်ဆိုင်ရာထောက်လှမ်းရေးတပ်ဖွဲ့ (စရဖ) ရဲ့ ကျောထောက်နောက်ခံနဲ့ သွေးသောက်အဖွဲ့ ပေါ်ပေါက်လာတာလို့ လေ့လာစောင့်ကြည့်သူတချို့က ပြောပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ စမ်းချောင်းမြို့နယ် ဒုတိယ ဥက္ကဋ္ဌ ဦးဘိုဘိုဦးကတော့ NLD ပါတီဝင်တွေကို တိုက်ခိုက်နေတဲ့ အဖွဲ့အစည်းမှန်သမျှဟာ စစ်တပ်နဲ့ တစ်နည်းမဟုတ်တစ်နည်း ပတ်သက်နေတယ်လို့ ဆိုပါတယ်။
“NLD ပါတီဝင်တွေကို တိုက်ခိုက်တဲ့အဖွဲ့အစည်းမှန်သမျှက အကြမ်းဖက် စကစနဲ့ တစ်နည်းမဟုတ် တစ်နည်းပတ်သက်တဲ့ လက်ဝေခံအဖွဲ့အစည်းတွေပဲ ဖြစ်ပါတယ်ခင်ဗျ။ ဘာကြောင့်လဲဆိုတာတော့ အကျယ်တဝင့် ပြောစရာမလိုဘူးနဲ့တူပါတယ်။ စကစ အကြမ်းဖက်စစ်ခေါင်းဆောင်က NLD အပေါ်မှာ မလိုမုန်းတီးမှု အင်မတန်မှပဲ ကြီးမားစွာ နဲ့ ရှိနေခဲ့တဲ့ လူတစ်ယောက် ဖြစ်နေလို့ပါခင်ဗျ”
စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ်အဖွဲ့ တစ်ခုကိုပဲ ဖွဲ့စည်းတာရှိပြီး တခြားဘယ်အဖွဲ့အစည်းမှ ဖွဲ့စည်းလုပ်ဆောင်နေတာမရှိဘူးလို့ ပြီးခဲ့တဲ့နှစ် ဧပြီလက နေပြည်တော်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲတစ်ပွဲမှာ ပြောဆို ထားပါတယ်။
သွေးသောက်အဖွဲ့မှာ သတင်းပေးဒလန်လို့ စွပ်စွဲသတ်ဖြတ်ခံခဲ့ရတဲ့မိသားစုဝင်တွေ၊ မဘသအဖွဲ့ဝင်တွေ၊ ပျူစောထီးအဖွဲ့ကလူတွေနဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီထောက်ခံတဲ့လူတွေ ပါဝင်တယ်ဆိုတဲ့ သံသယတွေ လည်း ပြည်သူတွေကြားမှာရှိနေပြီး အခုချိန်ထိတော့ ခိုင်လုံတဲ့သက်သေအထောက်အထား မတွေ့ရသေးပါဘူး။
ဒီလိုဖြစ်နေတဲ့သံသယတွေ၊ စွပ်စွဲချက်တွေနဲ့ ပတ်သက်ပြီး တုံ့ပြန်ချက်ရနိုင်ဖို့ ကြံ့ခိုင် ဖွံ့ဖြိုးရေးပါတီ ပြောခွင့်ရသူ ဦးလှသိန်းကို RFA က ဆက်သွယ်ခဲ့ပေမယ့် သင်္ကြန်ကာလမှာ သာသနာ့ဘောင်ဝင်နေလို့ မဖြေကြားနိုင်သေးဘူးလို့ ဆိုပါတယ်။
ဒါပေမဲ့ နေပြည်တော်က ကြံ့ခိုင်ဖွံ့ဖြိုးရေးရုံးတစ်ရုံးမှာ ပါတီဝင်တွေကို လက်နက်ပေးအပ်ပွဲ ဆိုပြီး ကျင်းပနေတဲ့ အခမ်းအနားရုပ်သံဖိုင်တစ်ခုလည်း အွန်လိုင်းမှာ မကြာသေးခင်က ထွက်ပေါ်လာခဲ့ပါသေးတယ်။
အခုလိုအခြေအနေတွေကြောင့် နိုင်ငံသားတွေရဲ့ ပုဂ္ဂလိကလွပ်လပ်ခွင့်နဲ့ လုံခြုံခွင့်တွေ ဆုံးရှုံးနေပြီး အခြေခံအကျဆုံး အခွင့်အရေးဖြစ်တဲ့ အသက်ရှင်သန်နေထိုင်ခွင့်ကိုပါ စိုးရိမ်ပူပန်ရတဲ့အဆင့်ရောက်နေပြီလို့ နိုင်ငံရေးလေ့လာသုံးသပ်သူတွေက ပြောဆို ကြပါတယ်။
စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အင်အားစုတွေက စစ်အာဏာသိမ်းမှုကို ထောက်ခံတဲ့ အင်အားစုတွေကို ချေမှုန်းနေတာကလည်း အခုလို အပြန်အလှန်သတ်ဖြတ်မှုတွေ ပေါ်ပေါက်လာတာဖြစ်တယ်လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
“တရားမျှတစွာ ပြောကြမယ်ဆိုရင် ကျနော်တို့နွေဦးတော်လှန်ရေးအင်အားစုတွေက လည်း ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဝင်တွေ စစ်တိုက်နေရုံတင်မကဘူးလေ။ ပြည်သူအချင်းချင်း ထဲမှာရှိနေတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီဝင်တွေ ရပ်ကွက်နဲ့ ရာအိမ်မှူးတွေ သတင်းပေး ဒလန်တချို့ သတ်တယ်ဆိုတဲ့ ကိစ္စတွေပေါ်လာတဲ့အခါကျတော့ အတုံ့အလှည့်အားဖြင့် သူတို့ဘက်ကလည်း ဒါကတော့ ပြန်ပြီးတော့ တုံ့ပြန်ပြီး သတ်ဖြတ်လာတာပေါ့ဗျာ”
ဒီလိုကိစ္စတွေမှာ ဘယ်ဘက်ကသတ်တာ မှန်တယ်။ ဘယ်ဘက်က မှားတယ်ဆိုတဲ့ ကိစ္စကတော့ ကိုယ် ဘယ်ဘက်က ရပ်တည်လဲဆိုတဲ့အပေါ်မှာ မူတည်တယ်လို့ ဦးသန်းစိုးနိုင်က ပြောပါတယ်။
စစ်အာဏာသိမ်းပြီးနောက်မှာ အသတ်ခံရတဲ့ ဒီမိုကရေစီရေးလှုပ်ရှားသူတွေနဲ့ အရပ်သား ပြည်သူ စုစုပေါင်းမှာ ၃၂၄၀ ရှိခဲ့ပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း (AAPP) က ဧပြီလ ၁၂ ရက်နေ့ ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
အလားတူ စစ်ကောင်စီဘက်က ထုတ်ပြန်ချက်မှာလည်း ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက် နေ့ကနေ ၂၀၂၃ ခုနှစ် မတ်လ ၁၆ ရက်နေ့အထိ PDF တွေတိုက်ခိုက်လို့ သေဆုံးရတဲ့သူ ပညာရေးဝန်ထမ်း ၆၇ ဦး၊ ကျန်းမာရေးဝန်ထမ်း ၁၄ ဦး၊ အခြားဝန်ထမ်း ၂၃၅ ဦး၊ သံဃာ အပါး ၇၀၊ သီလရှင်နှစ်ပါးနဲ့ အရပ်သား ၄၆၄၅ ဦးတို့ ဖြစ်တယ်လို့ ဧပြီလပထမပတ်မှာ သတင်းထုတ်ပြန်ထားပါတယ်။