သုံးနှစ်သား NLD အစိုးရ ရင်ဆိုင်နေရတဲ့ အတွင်းနဲ့အပြင် ဖိအားများ


2019.04.05
by-election-2017-622.jpg ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲမှာ NLD ပါတီ မွန်ပြည်နယ် ချောင်းဆုံမြို့နယ်မှာ မဲဆွယ်နေစဉ်
Photo: RFA

၂ဝ၂ဝ မှာ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကြီး တဖြည်းဖြည်း နီးကပ်လာချိန်မှာ NLD အစိုးရကို ဖိလာနေတဲ့ ဖိအားတွေ ပိုပိုများလာနေပါတယ်။ ဒီဖိအားတွေထဲမှာ ပြည်ပနိုင်ငံတွေ အထူးသဖြင့် အနောက်နိုင်ငံတွေက ဖိအားတွေ အများအပြား ရှိနေသလို ပြည်တွင်းက ဖိအားတွေပါ တိုးလာနေပါတယ်။ NLDပါတီ ကြံ့ကြံ့ခိုင်ကျော်လွှားနိုင်ပါမလားဆိုတဲ့ မေးခွန်းတွေ ထွက်ပေါ်နေပါတယ်။ RFA ဝိုင်းတော်သား ဦးတင်အောင်ခိုင်က သုံးသပ်တင်ပြထားပါတယ်။

~~~~~~~~~~~~~~~~~~~~~~
သုံးနှစ်သား NLD အစိုးရ ရင်ဆိုင်နေရတဲ့ အတွင်းနဲ့အပြင် ဖိအားများ
( ဦးတင်အောင်ခိုင်)


လူထုထောက်ခံမှုနဲ့ အပြည့်နဲ့ ၂ဝ၁၅ ရွေးကောက်ပွဲကို ကျော်ဖြတ်ခဲ့တဲ့ NLD ပါတီဟာ အစိုးရဟာ သုံးနှစ်ဆိုတဲ့ သက်တမ်းကျော်လာချိန်မှာ ဒဏ်ရာအနာတရတွေ များလာနေတာ တွေ့မြင်ရပါတယ်။ ရရှိတဲ့ ဒီဒဏ်ရာတွေကို ပြန်ကြည့်ရင် တချို့ဟာ NLD အပေါ်အမြင်မကြည်သူတွေ၊ အာဃာတကြီးသူတွေ၊ မင်းသားမလုပ်ရလို့ ပတ်မကြီးကို ထိုးဖောက်ချင်သူတွေရဲ့ အမျိုးမျိုးခြေထိုးလို့ရလာတာမျိုးတွေ ဖြစ်သလို တချို့ကတော့ ကိုယ့်လျှောက်ရမယ့် လမ်းကို ကိုယ်တိုင် စမ်းတဝါးဝါး ဖြစ်နေတာကြောင့် ခလုတ်တိုက်မိလို့ ရတဲ့ဒဏ်ရာမျိုးတွေ ဖြစ်နေတာ တွေ့ရပါတယ်။

ဒီနေရာမှာ အစိုးရအနေနဲ့ အရင်ဆိုးမွေတွေကို လက်ခံပြီး ခေါင်းခံရှင်းနေရတယ်ဆိုတာလည်း အမှန်ပါ။ ဒါဟာလည်း မြန်မာနိုင်ငံအနေနဲ့ ဆယ်စုနှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရတဲ့ အခြေအနေတွေကြောင့်ပါသလို ပြောင်းလဲချိန်တန်ပြီလို့ ကြွေးကြော်လာသူများ ကိုယ်တိုင် အရင်လိုစဉ်းစားပြီး အရင်ခေတ်တုန်းကလို လုပ်နေတဲ့ အခြေအနေတွေကြောင့်လည်း ဖြစ်ပါတယ်။ ဒီတော့ ကြုံတွေ့လာတဲ့ အခြေအနေပေါ်မှာ အရှိကို အရှိအတိုင်း၊ အဖြစ်ကို အဖြစ်အတိုင်း မှန်မှန်ကန်ကန် သုံးသပ်နိုင်ရဲလားဆိုတဲ့ မေးခွန်းတွေလည်း ထွက်ပေါ်နေပါတယ်။

ဒီမေးခွန်းအတွက် အဖြေမှာလည်း ကိုယ့်ရဲ့ ပျော့ကွက်၊ အခြေအနေကို သုံးသပ်ဖို့ထက် တိုက်ခိုက်လာသူတွေကိုသာ အပြစ်ဖို့နေတာ တွေ့မြင်နေရပါတယ်။ ဥပမာအနေနဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက ဖြစ်ပျက်ခဲ့တဲ့ အခြေအနေအပေါ် ကျရောက်လာတဲ့ နိုင်ငံတကာဖိအားတွေနဲ့ ပတ်သက်ပြီး ဒါဟာ မြန်မာနိုင်ငံကောင်းကျိုးကို မလိုလားသူတွေရဲ့ ဝိုင်းဝန်းကြံစည်မှုတခု အဖြစ်သာ မြင်ပြီး တုန့်ပြန်နေခြင်းပါ။ ဒီလိုယူဆပါတယ်လို့ နိုင်ငံတကာကို သွယ်ဝှိုက်ပြီးတမျိုး၊ ဗြောင်တမျိုးလည်း ပြောခဲ့တာ တွေ့ရပါတယ်။

မြန်မာနိုင်ငံ တိုးတက်အောင်မြင်မှုတွေ ရလာမှာကို စိုးရိမ်သူတွေ ရှိကောင်းရှိနိုင်ပေမယ့် နိုင်ငံအားလုံးတော့ ဒီလိုပူးပေါင်းကြံစည်မှုမှာပါဝင်မှာ မဟုတ်ပါ။ ဒီနေရာမှာ သံရေးတမန်အရေးကို ပါးပါးနပ်နပ်အသုံးချဖို့ လိုသလို၊ အပြည်ပြည်ဆိုင်ရာ စံနှုန်းများဆိုင်ရာအပိုင်းနဲ့ ကိုယ်လုပ်ကိုင်နေပုံတွေကို ချိန်ထိုးကြည့်ပြီး သုံးသပ်ဖို့လည်းလိုမှာပါ။ ဒါပေမယ့်လည်း အခြေအနေအရ လှုပ်ရင်းနဲ့ နစ်သထက်နစ်လာရတဲ့ အခြေအနေကို မြင်နေရပါတယ်။

နောက်တချက်ကတော့ ပြည်တွင်းက ဖိအားအခြေအနေပါ။ ရွေးကောက်ပွဲမှာ ကိုယ့်ကို အပြတ်ရှုံးလို့ အခဲမကျေဖြစ်နေသူတွေကို အသာထား၊ ရွေးကောက်ပွဲမှာ အောင်ပန်းဆင်ပြီးတဲ့နောက် အစိုးရဖွဲ့ချိန်မှာ NLD ပါတီကို ဝန်းရံသူတွေ၊ မိတ်ဖက်တွေ အများအပြား ဆုံးရှုံးခဲ့ရတာလည်း မြင်တွေ့ရပါတယ်။ အထူးသဖြင့် မိတ်ဖက်ပါတီ တိုင်းရင်းသားတွေ ဆုံးရှုံးသွားတာတွေ ရှိခဲ့ပါတယ်။ ဒီအတွက် NLD ပါတီက ဦးစီးဦးဆောင်သူတချို့ သုံးသပ်မိပေမယ့် ပြန်ပြီး အဖတ်ဆယ်တာမျိုး လုပ်နိုင်တာ မတွေ့ခဲ့ရပါဘူး။

အလားတူ ပြည်နယ်တချို့မှာ ဗိုလ်ချုပ်ကြေးရုပ်ထုကြောင့် ပြဿနာပေါ်လာတာမျိုးတွေရှိသလို တံတားအမည်ပေးတဲ့ ကိစ္စဟာလည်း ပါတီရဲ့မူ မဟုတ်ဘူးလို့ ပါတီတာဝန်ရှိသူတွေက ငြင်းဆိုထားပေမယ့် ပါတီထဲက ပုဂ္ဂိုလ်တချို့ မျက်နှာလိုမျက်နှာရလုပ်လို့ ပြဿနာပေါ်ရတာမို့ NLD ပါတီနဲ့ အစိုးရကိုပဲ ဒေသခံတွေက အဆိုးမြင်နေတာဖြစ်ပါတယ်။

အခုနောက်ဆုံး ၉ဝခုနှစ် ရွေးကောက်ပွဲအနိုင်ရပုဂ္ဂိုလ်ကြီးတွေရဲ့ အသံထွက်ပေါ်လာပြန်ပါပြီ။ အစိုးရအနေနဲ့ လုပ်သင့်လုပ်ထိုက်တာ မလုပ်နိုင်ခဲ့တာမို့ သူတို့ နိုင်ငံရေးလောကထဲ ပြန်ဝင်လာတော့မယ်လို့ ပြောလာတာပါ။ ဘယ်လိုပဲပြောပြော နိုင်ငံရေးသုံးသပ်သူ အများစုကတော့ ၂ဝ၂ဝရွေးကောက်ပွဲမှာ NLD ပါတီပဲ အနိုင်ရမယ့် အလားအလာတော့ ရှိနေဆဲလို့ သုံးသပ်နေကြပါတယ်။  

ဒါပေမယ့် ချိန်ကိုက်ဗုံးတလုံးကတော့ ရှိပါသေးတယ်။ ဒီဗုံးကတော့ ရွေးကောက်ပွဲ ရလဒ်ကို တကယ့်ကို ကဗြောင်းကပြန် ဖြစ်နိုင်ခြေရှိနေတာပါ။ လူတွေကြား မချိတင်ကဲပြောနေကြတဲ့ ဧရာဝတီမြစ်ဆုံဆည် စီမံကိန်း လုပ်ခွင့်ပြုလိုက်မယ့်ကိစ္စပါ။

ဒီစီမံကိန်းကြီးကိစ္စဟာ NLD ပါတီအတွက် ချိန်ကိုက်ဗုံးကြီးတလုံး ဖြစ်တယ်လို့ ပြောနေကြတာပါ။

ဖတ်ရှုသူအများဆုံး သတင်းများ။
သတင်းဆောင်းပါးများ
ငလျင်ဒဏ်သင့် ပြည်သူအချို့ နိုင်ငံတကာအထောက်အပံ့နဲ့ အလှမ်းဝေးနေ
မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။