NCA လက်မှတ်ထိုး ၁ဝ ဖွဲ့နဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ဆက်ဆံရေး
2021.04.30
NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့၁၀ဖွဲ့ထဲက ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ PPST က မြန်မာနိုင်ငံတွင်းက ပြည်တွင်း ပဋိပက္ခတွေကို ဖြေရှင်းနိုင်မဲ့ နည်းလမ်းများရှာ ဆောင်ရွက်မယ်လို့ ထုတ်ပြန်ထားပြီး CRPH အဖွဲ့အပေါ် ဆက်စပ်ပံ့ပိုးဖို့ အမျိုးသားညီညွတ်ရေးအစိုးရ ဖွဲ့စည်းနိုင်ခြင်းဟာ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် တိုးတက်မှု ခြေလှမ်းလို့ကြေညာထားပါတယ်။ ဒီကြေညာချက်ကို CRPHက ကြိုဆိုခဲ့ပါတယ်။ဒါပေမဲ့ ဒီအဖွဲ့တွေဟာ စစ်ကောင်စီနဲ့လည်း အဆက်အဆံမပျက်ရှိဖို့ လိုလားနေတယ်လို့ ဝေဖန်သူတွေကပြောပါတယ်။
PPST အစည်းအဝေးကို ပြီးခဲ့တဲ့ အပတ်ဧပြီ ၂၆နဲ့ ၂၇ရက်နေ့တွေက online ကတဆင့် ကျင်းပခဲ့ပြီး ဘုံသဘောထား ရပ်တည်ချက် ၇ ချက် ထုတ်ပြန်ခဲ့ပေမယ့် ဒီကြေညာချက်ထဲမှာ ပါဝင်တဲ့ အချက်တွေကို ဘယ်လို ဆက်လက် အကောင်အထည်ဖော်မယ်ဆိုတာ ဆွေးနွေးခဲ့ခြင်း မရှိခဲ့ပါဘူး။
ကြေညာချက်ထဲမှာ CRPHနဲ့ NUG ကို ပံ့ပိုးဝန်းရံသွားမှာ ဖြစ်တယ်လို့ ဆုံးဖြတ်လိုက်တဲ့အပြင် စစ်ကောင်စီက ဖမ်းဆီးထားသူတွေ ပြန်လွှတ်ပေးဖို့ အကြမ်းဖက် သတ်ဖြတ်နေတာတွေရပ်ဖို့ တိုင်းရင်းသားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာတွေကို ဗုံးကြဲတိုက်ခိုက်တာ ရပ်ဖို့ PPST က တောင်းဆိုထားပါတယ်။
ဒါပေမဲ့ PPST အဖွဲ့ထဲက နှစ်ဖွဲ့ဖြစ်တဲ့ DKBA နဲ့ KNLA-PC တို့ဟာ PPST အစည်းအဝေး ကျင်းပနေချိန်မှာပဲ စစ်ကောင်စီက ဗိုလ်ချုပ်ကြီး ရာပြည့် ဦးဆောင်တဲ့ ငြိမ်းချမ်းရေးအဖွဲ့နဲ့ နေပြည်တော်မှာ သွားရောက် ဆွေးနွေးနေတာကြောင့် PPST ရဲ့ ရပ်တည်ချက်အပေါ်မှာ မေးခွန်းထုတ်တာတွေ ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး PPST အစည်းအဝေးပြောရေးဆိုခွင့်ရှိသူ၊ KNU နိုင်ငံခြားရေးတာဝန်ခံ ဖဒိုစောတောနီးကတော့ PPSTမှာ ပါဝင်တဲ့ အဖွဲ့တွေဟာ ကိုယ့်ဆုံးဖြတ်ချက်နဲ့ ကိုယ်ဆောင်ရွက်ခွင့် ရှိတယ်လို့ ပြောပါတယ်။
“ သီးခြားရပ်တည်ပိုင်ခွင့်တွေ ရှိပါတယ်။ ကိုယ်အဖွဲ့နဲ့ကိုယ် သီးခြားစီသွားလုပ်လို့ရပါတယ်။ ကျနော်တို့အဖွဲ့ဆိုလည်း သီးခြားကိုယ့်ဖာသာ လုပ်လို့ရတာတွေရှိတယ်”
ဖဒိုစောတောနီးက စစ်ကောင်စီဘက်ကတော့ ခုလိုအဖွဲ့တွေကို ခွဲထုတ်ဖို့ လုပ်တာမျိုးဟာ ဟိုးအရင်ကတည်းက လုပ်ရိုးလုပ်စဉ် ဖြစ်တယ်လို့ပြောပါတယ်။
“သိတဲ့အတိုင်းပဲ။ စည်းလုံးညီညွတ်မှုကို သူတို့ဘယ်လိုဖြိုခွဲမလဲဆိုတာ ခုမှမဟုတ်ပါဘူး။ ဟိုးအရင်ကထဲကလည်း သွေးခွဲပြီ လုပ်တာပါပဲ”
PPST အဖွဲ့မှာ အပစ်ရပ်လက်မှတ်ရေးထိုးထားတဲ့ လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၁၀ ဖွဲ့နဲ့ ဖွဲ့စည်းထားပြီး ABSDF မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး၊ ကရင်အမျိုးသားအစည်းအရုံး KNU၊ ရှမ်းပြည်ပြန်လည်တည်ထောင်ရေးကောင်စီ RCSS/SSA၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ ALP၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကရင်အမျိုးသားအစည်းအရုံး ကရင်အမျိုးသားတပ်မတော် KNU/KNLA၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် DKBA၊ ပအိုဝ်း အမျိူးသားလွတ်မြောက်ရေးအဖွဲ့ PNLO၊ မွန်ပြည်သစ်ပါတီ NMSP နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး LDU တို့ဖြစ်ပါတယ်။
ဒီအဖွဲ့ ၁၀ ဖွဲ့ဟာ အဖွဲ့ကွဲသလို ရပ်တည်ချက်လည်း မတူကွဲပြားတယ်လို့ တိုင်းရင်းသားအရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။
“အပစ်ရပ်အဖွဲ့တွေမှာ သုံးမျိုးသုံးစားရှိပါတယ်။ ပထမက တက်တက်ကြွကြွတိုက်ခိုက်နေတဲ့ အဖွဲ့ KNUလိုပေါ့။ နောက်တပိုင်းကတော့ ခြံစည်းရိုးပေါ် ခွထိုင်တယ်။ စစ်ကောင်စီကိုတော့ မတိုက်ဘူး တိုင်းရင်းသားအချင်းချင်းတော့ တိုက်တယ် RCSSလိုပေါ့။ နောက်တဖွဲ့ကတော့ သိပ်အင်အားလည်း မရှိတဲ့အခါကျတော့ တက်ကြွတဲ့လှုပ်ရှားမှုတွေထဲမှာ မပါဘဲနဲ့ စစ်ကောင်စီအပေါ်မှာ ပြတ်သားတဲ့ သဘောထားမပြရဲတဲ့ အဖွဲ့အစည်းတွေပေါ့”
NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲမှာ အမြင်သဘောထားတချို့ကွဲနေရတာဟာ အဖွဲ့ငယ်တွေအနေနဲ့ မိမိတို့ ရပ်တည်နိုင်ရေးဟာလည်း အရေးကြီးတာကြောင့် စစ်ကောင်စီနဲ့ မြွေမသေ တုတ်မကျိုး ပုံစံမျိုး ဆက်ဆံနေရတာမျိုး ရှိတယ်လို့ PPST အစည်းအဝေးတက်ရောက်တဲ့ ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောပါတယ်။
“တချို့ အဖွဲ့ငယ်တွေဟာ မိမိရဲ့လုံခြုံမှုနဲ့ ရပ်တည်ရေးအတွက် မိမိရဲ့ စီးပွားရေးလုပ်ငန်းတွေဟာ လက်ရှိ အာဏာပိုင်အဖွဲ့နဲ့ ဆက်စပ်နေတဲ့အခါကျတော့ ပြောဆိုဆွေးနွေးဖို့ ဆက်သွယ်ရေးလိုင်း ဖွင့်ထားတယ်လို့ ထင်ပါတယ်။ နောက်တရက်နှစ်ရက်လောက်ဆို ထပ်ပြီးသွားတွေ့ကြဦးမယ့် အဖွဲ့တွေလည်း ရှိမှာပါ”
NCA ၁၀ဖွဲ့ထဲက စစ်ကောင်စီနဲ့ သွားတွေ့မယ့် အဖွဲ့တွေလာမယ့် ရက်ပိုင်းအတွင်း ရှိနိုင်သေးတယ်လို့လည်း ပြောပါတယ်။ PPST အစည်းအဝေးက အမျိုးသားညီညွတ်ရေး အစိုးရNUGကိုကြိုဆိုတဲ့ သတင်း ထုတ်ပြန်ခဲ့ သလို ပြည်သူ့လွှတ်တော် ကိုယ်စားပြုကော်မတီ CRPHကို ပံ့ပိုးသွားမယ်ဆိုတဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပြီး နောက်တနေ့မှာပဲ CRPH က PPSTရဲ့ ရပ်တည်ချက်ကို ကြိုဆိုတယ်လို့ ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။