မန္တလေးကဓာတ်ပုံဆရာ အဖမ်းခံရပြီး သုံးနာရီအကြာမှာသေဆုံး
2023.02.24
မန္တလေးမြို့က ဓာတ်ပုံဆရာ ဦးအောင်ဝင်းထွဋ်ဟာ ဖေဖော်ဝါရီလ ၁၉ ရက် ညနေပိုင်းက စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီးခံလိုက်ရပြီး နာရီပိုင်းအကြာ အဲဒီနေ့ညမှာပဲ သေဆုံး သွားတယ်လို့ သူနဲ့ နီးစပ်သူတွေက RFA ကို ပြောပါတယ်။
အသက် ၅၀ ကျော်အရွယ် ဦးအောင်ဝင်းထွဋ်ဟာ ဆောင်းနှင်းဖြူ ဓာတ်ပုံရိုက်ကူးရေး လုပ်ငန်း တည်ထောင် လုပ်ကိုင်နေတဲ့သူဖြစ်သလို တစ်ဖက်မှာလည်း ရှမ်းရိုးရာအစားအစာ ခေါက်ဆွဲဆိုင်ဖွင့်ထားပါတယ်။ နိုင်ငံရေးဘက်မှာတော့ သူက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကို ထောက်ခံသူတစ်ဦး ဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၁၉ ရက် ညနေ ၆ နာရီလောက်မှာတော့ မဟာအောင်မြေမြို့နယ်၊ ၈၁ လမ်း နဲ့ ၈၂ လမ်းကြားက ဦးအောင်ဝင်းထွဋ်ရဲ့ အိမ်ကို စစ်ကောင်စီတပ်သားတွေ ရုတ်တရက် ရောက်လာပြီး သူ့ကိုဖမ်းသွားခဲ့ပါတယ်။
အဖမ်းခံရပြီး သုံးနာရီအကြာ ည ၉ နာရီလောက်မှာတော့ ကိုအောင်ဝင်းထွဋ် သေဆုံးသွားပြီ ဖြစ်တဲ့အကြောင်း မဟာအောင်မြေမြို့နယ်၊ အမှတ် (၇) ရဲစခန်းက မိသားစုကို အကြောင်းကြားလာတယ်လို့ သူ့မိတ်ဆွေ တစ်ယောက်ကပြောပါတယ်။
“ကိုအောင်ဝင်းထွဋ်ကို သူနေတဲ့နေရာကို ၁၉ ရက်နေ့ ညနေ ၆ နာရီလောက်မှာ အိမ်စီးကားနဲ့ လာဖမ်းသွားတာ။ နောက်ထပ်ပြီး သိရတာက ၉ နာရီလောက်မှာ အမှတ် (၇) ရဲစခန်းက လူမှားလို့ဆိုပြီး ပြန်လာခေါ်ခိုင်းတာ။ လူမှားဖမ်းတာ ဆိုပြီးတော့၊ ဒါပေမဲ့ မိသားစုက စခန်းရောက်တဲ့အချိန်မှာ ကိုအောင်ဝင်းထွဋ်က အသက် မရှိတော့ဘူး”
ဦးအောင်ဝင်းထွဋ် ဘာကြောင့် အဖမ်းခံရသလဲဆိုတာကို မိသားစုက အခုချိန်ထိ အတိအကျမသိရပါဘူး။ ပြန်ရတဲ့ ရုပ်အလောင်းမှာ နှိပ်စက်ခံရတဲ့ ဒဏ်ရာဒဏ်ချက် ဘယ်လောက်များတယ်ဆိုတာကိုတော့ စစ်အာဏာပိုင်တွေကို ကြောက်ရတာကြောင့် မိသားစုက ဘယ်သူ့ကိုမှ ထုတ်မပြောပါဘူး။
"စိတ်ရင်းစိတ်ကောင်းရှိတဲ့ ဓာတ်ပုံဆရာတစ်ယောက် ကြွေလွင့်သွားတာ အရမ်း စိတ်မကောင်း ဖြစ်ရတယ်"
သူဟာ အဖမ်းမခံရခင်အထိ သူ့ရဲ့ ဖေ့စ်ဘွတ်ခ်လူမှုကွန်ရက်စာမျက်နှာမှာ ဂစ်တာတီးပြီး သီချင်းဆိုနေတာတွေကိုပဲ တင်လေ့ရှိတဲ့သူလို့ အရင်းနှီးဆုံး မိတ်ဆွေတွေက ပြောပါတယ်။
သူဟာ လူမှုဆက်ဆံရေး ကောင်းသလို ဓာတ်ပုံပညာနဲ့ ပတ်သက်ပြီး ဘယ်သူ့ကိုမဆို ကူညီပေးတတ်တယ်လို့ ဦးအောင်ဝင်းထွဋ်နဲ့ အနှစ်နှစ်ဆယ်နီးပါး ရင်းနှီးခဲ့တဲ့ မိတ်ဆွေတစ်ဦးက RFA ကို ပြောပါတယ်။
“ကင်မရာဖလင်ခေတ်ကတည်းက အစ်ကိုတို့နဲ့ ရင်းနှီးခဲ့တဲ့ မိတ်ဆွေလို့လည်း ပြောလို့ရတယ်။ ဆရာသမားလို့လည်း ပြောလို့ရတယ်။ သူ့ဆီက ပညာတချို့လည်း ရခဲ့တယ်။ သူက ပျော်ပျော်နေတက်တယ်။ ဆုံးရှုံးသွားတဲ့အတွက် စိတ်မကောင်းဘူး။ ဝမ်းနည်းတယ်။ မသိရင် မေးလို့ရတယ်။ ပြောပြတတ်တယ်။ အားလုံးကို ကူညီတတ်တဲ့ စိတ်ရင်းစိတ်ကောင်းရှိတဲ့ ဓာတ်ပုံဆရာတစ်ယောက် ကြွေလွင့်သွားတာ အရမ်း စိတ်မကောင်း ဖြစ်ရတယ်”
ဦးအောင်ဝင်းထွဋ်ရဲ့ ရုပ်အလောင်းကို မိသားစုက ဖေဖော်ဝါရီလ ၂၁ ရက်နေ့မှာ သင်္ဂြိုဟ်လိုက်ရပြီး နာရေးကို အကျဉ်းရုံးသာလုပ်ခဲ့ရပါတယ်။
သူဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း အဖမ်းခံရမှာ စိုးရိမ်တဲ့အတွက် တိမ်းရှောင် ခဲ့ရသေးတယ်လို့ သူနဲ့နီးစပ် သူတွေက ပြောပါတယ်။
NLD ပါတီရဲ့ ရန်ကုန်တိုင်း စမ်းချောင်းမြို့နယ် ဒု-ဥက္ကဋ္ဌ ဦးဘိုဘိုဦး ကတော့ NLD ပါတီဝင်နဲ့ ပါတီထောက်ခံအားပေးသူတွေကို အခုလို အကြောင်းမဲ့ သတ်ဖြတ်တာတွေအတွက် အပြစ်ရှိသူတွေ တစ်နေ့မှာ ပြန်ပြီးပေးဆပ်ရလိမ့်မယ်လို့ RFA ကို ပြောပါတယ်။
“စစ်ကောင်စီဟာ NLD ပါတီဝင်တွေနဲ့ ပါတီထောက်ခံသူတွေကို ပစ်မှတ်ထားပြီးတော့ ပိုမိုသတ်ဖြတ်လာတဲ့ အထိ လက်ရဲ၊ ဇက်ရဲ လုပ်နေတာပေါ့နော်။ သူတို့ရဲ့ လမ်း၊ သူတို့တက်လမ်း မှန်သမျှကို အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ပိတ်ပင်ထားတယ်လို့ မြင်နေတာ။ အခုလက်ရှိ စစ်ခေါင်းဆောင်ဟာ ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်ထားတဲ့သူ ဖြစ်ပါတယ်။ ဒီလို စစ်ရာဇဝတ်မှုပေါင်း မြောက်မြားစွာကို ကျူးလွန်ထားတဲ့ လူတစ်ယောက်အနေနဲ့ မလွဲမသွေ တာဝန်ခံမှု၊ တာဝန်ယူမှု အပြည့်ရှိရပါလိမ့်မယ်။ တရားရင်ဆိုင် ရပါလိမ့်မယ်”
စစ်အာဏာသိမ်း နှစ်နှစ်အတွင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီဝင် ၈၄ ဦး သေဆုံးခဲ့ပြီး အဲဒီအထဲမှာ ထောင်တွင်းနဲ့ စစ်ကြောရေး သေဆုံးသူ ၂၃ ဦး၊ အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၆၀ ဦးနဲ့ ကြိုးပေးကွပ်မျက်ခံရသူ တစ်ဦး ပါဝင်တယ်လို့ NLD ပါတီက ပြီးခဲ့တဲ့ ဇန်နဝါရီလမှာ ထုတ်ပြန်ပါတယ်။
လုံခြုံရေးအရ အမည်မဖော်လိုတဲ့ တရားလွှတ်တော် ရှေ့နေတစ်ဦးကတော့ သံသယနဲ့ ဖမ်းဆီးခံရသူတွေကို ရိုက်နှက်စစ်ဆေးခွင့် မရှိသလို အသက်သေဆုံးတဲ့အထိ ကျူးလွန်ရင် ဒါဟာ ကျူးလွန်သူတွေကို သေဒဏ်ပြန် ပေးရမယ့် ပြစ်မှုမျိုးလို့ RFA ကို ပြောပါတယ်။

“ခန္ဓာကိုယ် ထိခိုက်နာကျင်အောင်၊ အသက်သေဆုံးအောင် လုပ်ဆောင်တာတွေက ရာဇသတ်ကြီး ဥပဒေအရ ကိုယ်အင်္ဂါ ထိခိုက်သွားမယ်၊ ကျိုးပဲ့သွားမယ်ဆိုရင် ဒါဟာ နာကျင်စေမှုပဲ၊ ပုဒ်မ ၃၂၃ တို့ ၃၂၄၊ ၃၂၅၊ ၃၂၆ ပေါ့ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ် အထိ ချမှတ်နိုင်တဲ့ ပြစ်ဒဏ်ဖြစ်သလို အသက်သေဆုံးခဲ့မယ်ဆိုရင်လည်း ရည်ရွယ်ချက်ရှိရှိ ဖမ်းဆီးနှိပ်စက်တာ၊ စစ်မေးရင်းနဲ့ ကွယ်လွန်သွားတာ ဖြစ်တဲ့အတွက် ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၀၂/၁ (ခ) အရကြိုတင်ကြံစည်မှု ဖြစ်တဲ့အတွက် လူသတ်မှုဖြစ်တဲ့အတွက် သေဒဏ်မှတစ်ပါး အခြား ပြစ်ဒဏ်မပေးနိုင်တဲ့ သေဒဏ်ပဲပေးရမယ်ဆိုတဲ့ ပြစ်မှုဖြစ်ပါတယ်”
စစ်တပ်က အာဏာသိမ်းပြီးနောက် မြန်မာနိုင်ငံတစ်ဝန်းက အရပ်သားတွေ နေ့စဉ် သတ်ဖြတ်ခံနေရတာကို နိုင်ငံတကာက လစ်လျူမရှုသင့်တော့ဘူးလို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
“နေ့တဓူဝ အပြစ်မဲ့တဲ့ ပြည်သူတွေ အသတ်မခံရတဲ့နေ့ မရှိဘူး။ အဖမ်းမခံရတဲ့နေ့ မရှိဘူး။ မီးရှို့မခံရတဲ့နေ့ မရှိဘူး။ နိုင်ငံတကာအနေနဲ့ ဒီစစ်အုပ်စု ဒီလောက် ရက်စက်ယုတ်မာနေတဲ့ ကိစ္စကို နှုတ်လေးကနေ ပြောနေမယ် စာလေး ထုတ်နေတာမျိုး မဟုတ်ဘဲနဲ့ တကယ်ကို စစ်အုပ်စုကို ထိရောက်တဲ့ ဖိအားပေးမှုတွေ လုပ်ဖို့အတွက် အရေးကြီးတယ်”
နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရေးအသင်း (AAPP) ရဲ့ ဖေဖော်ဝါရီ ၂၃ ရက် ထုတ်ပြန်ချက်အရ စစ်တပ် အာဏာသိမ်းထားတဲ့ နှစ်နှစ်ကျော်အတွင်း နိုင်ငံတစ်ဝန်းမှာ အကြောင်းအမျိုးမျိုးနဲ့ သတ်ဖြတ်ခံရသူ ၃,၀၂၆ ဦး ရှိပါတယ်။
RFA က သီးသန့်ပြုစုထားတဲ့ စာရင်းတွေအရ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ ၅ ရက်နေ့ထိ ညှဉ်းပန်းနှိပ်စက်ခံရမှုကြောင့် စစ်ကြောရေးမှာ သေဆုံးတဲ့သူ ၁၅၁ ဦး ရှိပါတယ်။