CI စင်တာတွေပိတ်သိမ်းမှုကြောင့် ထိုင်းရောက် မြန်မာလုပ်သားတွေ အခက်တွေ့
2024.07.05

ထိုင်းနိုင်ငံရောက် အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအတွက် ဘယ်သူဘယ်ဝါဖြစ်ကြောင်း အထောက်အထား သက်သေခံလက်မှတ် (CI စာအုပ်) ထုတ်ပေးတဲ့ စင်တာအားလုံးကို ဇူလိုင် ၇ ရက်နေ့မှာ ပိတ်တော့မယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ဇွန်လ ၂၈ ရက်နေ့မှာ ကြေညာလိုက်ပါတယ်။
သက်သေခံလက်မှတ် (CI) စာအုပ်ထုတ်ပေးတဲ့ စခန်းရှစ်ခုမှာ လာရောက်လျှောက်ထားသူ နည်းတာကြောင့် စာအုပ်ထုတ်ပေးတာ ရပ်ထားဖို့ မြန်မာဘက်က တောင်းဆိုထားတာကြောင့် ပိတ်သိမ်းတာဖြစ်တယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကြေညာထားပါတယ်။
"ပိတ်သိမ်းရတဲ့ အကြောင်းရင်းကို အဓိက ပြန်ချုပ်လိုက်ရင်တော့ မြန်မာပြည်ဘက်ခြမ်းက ပိတ်သိမ်းတာပေါ့“
ထိုင်းအစိုးရ ထုတ်ပြန်ချက်အရ မြန်မာဘက်က တောင်းဆိုလို့ လေးလလောက်စောပြီး ပိတ်လိုက်တာဖြစ်တယ်လို့ ထိုင်းရောက် မြန်မာရွှေ့ပြောင်းလုပ်သားတွေ တရားဝင် အထောက်အထားတွေရရှိဖို့ အကျိုးဆောင်အဖြစ် ဆောင်ရွက်ပေးနေတဲ့ ကိုဟိန်းထက်အောင်က ပြောပါတယ်။
“ကြေညာချက်ထဲမှာ မြန်မာပြည်ဘက်ခြမ်းက မလုပ်ပေးတော့တဲ့အတွက် သူတို့ ပိတ်သိမ်းရတယ်ဆိုတဲ့ သဘောသက်ရောက်တာပေါ့။ အဓိက အချက်က အဲဒါပဲ ။ လူပါးသွားလည်း ထိုင်းဘက်ခြမ်းက ၁၀ လပိုင်းထိ ဖွင့်ပေးမယ်လို့ ကြားထားတယ်လေ။ ဒါပေမဲ့ အခု ၇ လပိုင်းအစမှာဆိုတော့ ၃ လ၊ ၄ လ လောက်အလိုမှာ သူတို့ ပိတ်သိမ်းလိုက်တာပေါ့။ ပိတ်သိမ်းရတဲ့ အကြောင်းရင်းကို အဓိက ပြန်ချုပ်လိုက်ရင်တော့ မြန်မာပြည်ဘက်ခြမ်းက ပိတ်သိမ်းတာပေါ့“
အထောက်အထားမဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေကို ဘယ်သူဘယ်ဝါ ဖြစ်တယ်ဆိုတဲ့ သက်သေခံလက်မှတ် CI စာအုပ်လုပ်ပေးတဲ့ စင်တာတွေမှာ ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလကနေ အောက်တိုဘာလ ၃၁ ရက်ထိ ထုတ်ပေးမယ်လို့ ထိုင်းအလုပ်သမားဝန်ကြီးဌာနက ကနဦးကြေညာထားပေမဲ့ အခုတော့ လေးလစောပြီး ပိတ်လိုက်တာပါ။
ဘန်ကောက်မှာရှိတဲ့ မြန်မာအလုပ်သမားသံအရာရှိရုံးကလည်း CI စာအုပ်ထုတ်ပေးတဲ့စခန်းတွေကို ဇွန်လ ၃၀ ရက်နေ့မှာ ပိတ်သိမ်းဖို့ မူလကလျာထားပေမဲ့ ထိုင်းအစိုးရ တောင်းဆိုချက်အရ ဇူလိုင် ၆ ရက်နေ့အထိ တိုးမြှင့်လိုက်တာလို့ ဇူလိုင် ၂ ရက်နေ့က ကြေညာပါတယ်။
ဒီစင်တာတွေကို ပိတ်သိမ်းပြီး မြန်မာတွေ အနေများတဲ့ နေရာတွေမှာ ရွေ့လျားစနစ်နဲ့ လိုက်လုပ်ပေးဖို့ မျှော်လင့်တယ်လို့ မြန်မာရွှေ့ပြောင်း အလုပ်သမားတွေကို အကူအညီပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်း(FED) အမှုဆောင်ညွှန်ကြားရေးမှူး ဦးထူးချစ်က ပြောပါတယ်။
“ထိုင်းအစိုးရနဲ့ စာချုပ်က ၁၀ လပိုင်းအထိရှိတယ်။ CI ဖွင့်မယ်ဆိုပြီးတော့။ CI လုပ်ပေးတဲ့ စခန်းကြီးတွေ ပိတ်တာဟာ လက်ရှိ အဲဒီစခန်းတွေအတွက် ကုန်ကျစရိတ်နဲ့ သူတို့ပြန်ရတဲ့ ငွေကြေးနဲ့ မကာမိဘူး။ အဲဒီအတွက် အရှုံးတွေပေါ်တယ်။ ဒါကြောင့် စခန်းကြီးတွေကို ပိတ်ပြီးတော့ မဖြစ်မနေ ဆယ်လပိုင်းအထိတော့ မိုဘိုင်း (လှည့်လည်) လိုက်လုပ်ပေးမယ်လို့တော့ မျှော်လင့်ရတယ်“
CI စာအုပ်ကို ပန်းရောင်ကတ်ကိုင်ထားတဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ လျှောက်ထားနိုင်တာပါ။ ပန်းရောင်ကတ်ဟာ အထောက်အထားမဲ့ ရွှေ့ပြောင်းအလုပ်သမားတွေ တရားဝင်နေထိုင်ခွင့်ရအောင် ထိုင်းအစိုးရက ထုတ်ပေးထားတဲ့ ကတ်အမျိုးအစားဖြစ်ပါတယ်။
ပန်းရောင်ကတ် ကိုင်ဆောင်ထားသူတွေဟာ သက်ဆိုင်ရာ ခရိုင်အတွင်းမှာပဲ အလုပ်လုပ်၊ နေထိုင်ခွင့်ရှိပြီး နယ်ကျော်သွားလာခွင့် မရှိပါဘူး။ လေးနှစ်သက်တမ်းရှိတဲ့ CI စာအုပ်လုပ်ပြီးမှသာ ထိုင်းနိုင်ငံတွင်း တရားဝင် နယ်ကျော် ခရီးသွား၊ အလုပ်ရွှေ့ပြောင်းခွင့်ရှိမှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့နှစ်က ပန်းရောင်ကတ် လုပ်ထားတဲ့ ရွှေ့ပြောင်းလုပ်သား ခြောက်သိန်းကျော်ရှိခဲ့ပေမဲ့ CI စာအုပ်လျှောက်သူကတော့ သုံးသိန်းကျော်သာ ရှိတယ်လို့ ဦးထူးချစ်က ဆိုပါတယ်။
ပန်းရောင်ကတ်ကိုင်ဆောင်ထားသူတွေထဲ အချို့က CI စာအုပ် မလုပ်ဘဲနဲ့ ပတ်စပို့ကို သက်တမ်းတိုးတာ၊ နိုင်ငံရေးနဲ့ တိမ်းရှောင်လာသူအများစုက CI စာအုပ် သွားမလုပ်ရဲဘဲ ပန်းရောင်ကတ်နဲ့သာ နေထိုင်ကြတာကြောင့် CI လာရောက်လုပ်ကိုင်သူ နည်းနေတာလို့လည်း ဦးထူးချစ်က ဆိုပါတယ်။
CI စင်တာ ရှစ်ခုထဲက ဆုန်ခလာနဲ့ နခွန်စဝမ်ခရိုင်တို့က စင်တာ နှစ်ခုကို ဇွန်လ ၁၉ ရက်နေ့မှာ ထိုင်းအစိုးရက ပိတ်သိမ်းခဲ့ပါတယ်။ အခုတော့ လက်ရှိ CI စာအုပ်တွေ ထုတ်ပေးနေတဲ့ မဟာချိုင်၊ စမွန်ပရာကန်၊ ပထုံဌာနီ၊ ချွန်ဘူရီ၊ စူရတ်ဌာနီနဲ့ ချင်းမိုင်ခရိုင်မှာရှိတဲ့ စင်တာ ခြောက်ခုလုံးကို ပိတ်သိမ်းတော့မှာဖြစ်ပါတယ်။
အခုလို CI စင်တာတွေ ပိတ်သိမ်းလိုက်တာကြောင့် အလုပ်သမားတွေ အခက်တွေ့နိုင်တယ်လို့ အလုပ်သမား မဟာမိတ်အဖွဲ့ တာဝန်ရှိသူ ကိုမုန်တိုင်းက ပြောပါတယ်။
“၂၀၂၃ ခုနှစ်ကတည်းက ဘတ် (ပန်းရောင်ကတ်) ရိုက်ထားတဲ့သူတွေရှိတယ်။ သူတို့မှာ တချို့ကလည်း လက်ဗွေတွေဘာတွေ နှိပ်ထားပြီး ပြီးစီးသွားတယ်။ တချို့ သူဌေးတွေမှာက CI စာအုပ်လုပ်ပေးဖို့ နှောင့်နှေးနေတဲ့ အပိုင်းတွေရှိနေတဲ့အတွက် တကယ်လို့ ဒီ CI စာအုပ်မရဘူးဆိုရင် ရွှေ့ပြောင်းအလုပ်သမားတွေ မြို့နယ်ကျော်တာတွေ၊ နောက်ပြီး သူဌေးကျန့်အော် (သူဌေးပြောင်းစာ) တောင်းတာတွေ အခက်အခဲတွေ့တာတွေ ဖြစ်လာနိုင်တယ်“
ပန်းရောင်ကတ် ကိုင်ဆောင်ထားပြီး CI မလုပ်လိုက်ရတဲ့ ရွှေ့ပြောင်းအလုပ်သမား တစ်ဦးကတော့ အခုလို ပိတ်လိုက်တာကြောင့် သူ့အနေနဲ့ နယ်ကျော်ပြီး အလုပ်အကိုင် ရှာဖွေဖို့ ခက်ခဲသွားပြီလို့ ပြောပါတယ်။
“ကျွန်တော်တို့က အလုပ်အကိုင်ကောင်းဖို့ဆိုရင် ဘန်ကောက်တို့ မြို့ကြီးတွေသွားမှ အလုပ်အကိုင် ပိုများမှာလေ။ ဒီဘက်မှာက လူအများကြီး စုသွားတဲ့အတွက် အလုပ်လည်း ပိုရှားလာတယ်။ CI လုပ်မရတော့ ဟိုဘက်ကို (ဘန်ကောက်) တရားမဝင်လည်း မထွက်ရဲဘူး“
မြန်မာအစိုးရက ထုတ်ပေးတဲ့ နိုင်ငံကူးလက်မှတ် ပတ်စ်ပို့ အပါအဝင် အထောက်အထားတစ်စုံတစ်ရာ မရှိတဲ့ ထိုင်းရောက် ရွှေ့ပြောင်းလုပ်သားတွေအတွက် နှစ်နိုင်ငံအစိုးရက သက်သေခံအထောက်အထား လက်မှတ် (CI) စာအုပ် ထုတ်ပေးနေတာဖြစ်ပါတယ်။ နိုင်ငံကူးလက်မှတ် မရှိသူတွေအနေနဲ့ CI စာအုပ်ရှိမှသာ ထိုင်းနိုင်ငံတွင်း တရားဝင် သွားလာခွင့်ရှိမှာဖြစ်ပါတယ်။ CI စာအုပ်နဲ့ ပန်းရောင်ကတ် မရှိသူတွေဟာ ထိုင်းနိုင်ငံတွင်း တရားမဝင် နေထိုင်၊ အလုပ်လုပ်ကိုင်သူတွေ ဖြစ်သွားမှာပါ။
CI စင်တာတွေ ပိတ်သိမ်းတဲ့အခြေအနေနဲ့ ပတ်သက်ပြီး ရန်ကုန်မြို့က မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံရုံးနဲ့ ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးတို့ကို RFA က အီးမေးလ်ကတစ်ဆင့် ဆက်သွယ်မေးမြန်းခဲ့ပေမဲ့ အကြောင်းမပြန်ပါဘူး။
ထိုင်းနိုင်ငံမှာ နည်းလမ်းမျိုးစုံနဲ့ ရောက်နေတဲ့ မြန်မာ ခုနစ်သန်းနီးပါးရှိပြီး အကြောင်းအမျိုးမျိုးကြောင့် ရောက်နေကြတဲ့ မြန်မာတွေအနေနဲ့ ထိုင်းအာဏာပိုင်တွေဘက်က တရားဝင် နေထိုင်ခွင့်၊ အလုပ်လုပ်ခွင့်အတွက် အထောက်အထားတွေ ထုတ်ပေးချိန်မှာ မဖြစ်မနေ လျှောက်ထားကြဖို့ အလုပ်သမားအရေး ဆောင်ရွက်သူတွေက တိုက်တွန်းကြပါတယ်။