ရနောင်းမြို့က ထိန်းသိမ်းခံမြန်မာ ၆၀၀ ကျော်ကို သုံးသုတ်ခွဲပြီး ပြန်ခေါ်မည်
2023.02.01

ထိုင်းနိုင်ငံ၊ ရနောင်းမြို့၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ထိန်းသိမ်းရေးစခန်း (IDC) မှာ ဖမ်းဆီးခံ ထားရတဲ့ မြန်မာနိုင်ငံသား ၆၀၀ ကျော်ဟာ မြန်မာနိုင်ငံပြန်ရဖို့ ကြန့်ကြာနေတာကြောင့် ဇန်နဝါရီလ ၂၈ နဲ့ ၂၉ ရက်နေ့တွေမှာ ဆန္ဒပြခဲ့ကြပါတယ်။
အဲဒီနောက် အချိန်နှစ်ပတ်အတွင်း အပြီးသတ်ခေါ်ယူသွားမယ့်အကြောင်း ဘန်ကောက်မှာ ရှိတဲ့ မြန်မာစစ်ကောင်စီသံရုံးက ဇန်နဝါရီလ ၃၀ နေ့က ထုတ်ပြန်ခဲ့ပါတယ်။
"တစ်ခါခေါ် လူတစ်ရာကျော်။ အထဲမှာရှိတာ ခုနစ်ရာ၊ ရှစ်ရာလောက်ရှိတယ်”
ထိန်းသိမ်းခံထားရတဲ့ မြန်မာနိုင်ငံသားတွေကို မနက်ဖြန် ဖေဖော်ဝါရီလ ၂ ရက်၊ ၈ ရက်နဲ့ ၁၅ ရက်တွေမှာ အသုတ်လိုက်ခွဲပြီး မြန်မာနိုင်ငံကို ပြန်ခေါ်သွားမယ်လို့ ထိန်းသိမ်းရေး စခန်းမှာ သုံးလကြာရောက်နေတဲ့ ကိုအောင်ထွန်းဦးက RFA ကို ပြောပါတယ်။
“ဖေဖော်ဝါရီလ ၂ ရက်နေ့ပါမှာ။ မနေ့က ခေါ်တယ်။ လက်ဗွေနှိပ်ရတယ်၊ ကျနော်တို့ကို ဓာတ်ပုံရိုက်တယ်။ ဖောင်တွေဘာတွေ ဖြည့်ရတယ်ဗျ။ ကျနော်တို့ လက်ဗွေနှိပ်တော့ (လူအရေအတွက်) ၁၀၀ ကျော်တယ်ဗျ။ မိန်းကလေးရော ယောကျာ်းလေးရော အကုန်ပါတယ်ဗျ”
ထိုင်းနိုင်ငံအတွင်းမှာ အထောက်အထား မပြည့်စုံမှု၊ တရားမဝင် ဝင်ရောက်နေထိုင်မှု စတာတွေအပါအဝင် အကြောင်းအမျိုးမျိုးနဲ့ ပြစ်ဒဏ်က လွတ်ရက်စေ့တဲ့ မြန်မာတွေကို မြန်မာနိုင်ငံပြန်ပို့ဖို့ ဒီရနောင်းမြို့ ထိန်းသိမ်းရေးစခန်းမှာ ထိုင်းအာဏာပိုင်တွေက ထိန်းသိမ်းထားတာလို့ သူက ပြောပါတယ်။
အဲဒီမှာ မြန်မာနိုင်ငံသား အမျိုးသား၊ အမျိုးသမီး စုစုပေါင်း ၆၅၀ ဝန်းကျင်ရှိပြီး မြန်မာဘက်က ပုံမှန်ခေါ်ယူမှု မလုပ်ခဲ့တာ နှစ်လခန့်ကြာပြီလို့ သူက ပြောပါတယ်။
မြန်မာအာဏာပိုင်တွေဘက်က တရားဝင်ပြန်ခေါ်တာမရှိပေမယ့် မြန်မာနဲ့ ထိုင်း ပွဲစားတွေကနေတစ်ဆင့် မြန်မာ ကျပ်ငွေ ၁၀ သိန်းကျော်နဲ့ ညီမျှတဲ့ ထိုင်းဘတ်ငွေ တစ်သောင်းပေးပြီး ထွက်ခွာကြသူတွေကတော့ ပုံမှန်ရှိနေတယ်လို့ ဒီထိန်းသိမ်းရေး စခန်းထဲမှာရှိနေတဲ့ မြန်မာနိုင်ငံသားတွေက ပြောပါတယ်။
အခုလို မြန်မာပြည်ပြန်ပို့ရမယ့် အချိန်ကြန့်ကြာနေရတာဟာ မြန်မာအာဏာပိုင်တွေ ကြောင့် ဖြစ်တယ်လို့ ထိုင်းနိုင်ငံမှာ ၁၅ နှစ်ကြာ အလုပ်လုပ်ကိုင်နေတဲ့ မြန်မာ လူမျိုးတစ်ဦးက ပြောပါတယ်။
“မြန်မာပြည်ဘက်ခြမ်းက အကျင့်ယုတ်တာ။ ကျနော် ဘန်ကောက် Immigration (လူဝင်မှုကြီးကြပ်ရေး) ထိုင်းဘက်ခြမ်းက လူဝင်မှုကြီးကြပ်ရေးနဲ့ ပြောဖူးတယ်။ မြန်မာဘက်ခြမ်းကို သူတို့ ပြောတာလည်း မြန်မာက ဟိုအကြောင်းပြ ဒီအကြောင်းပြ နဲ့ပေါ့နော်။ ကိုဗစ်အကြောင်းပြ၊ နိုင်ငံရေးအကြောင်းပြတဲ့ အဲဒီလိုမျိုးတွေပေါ့။ ခေါ်စရာရှိ အကုန်လုံးခေါ်သွားတာ မဟုတ်ဘူး။ တစ်ခါခေါ် လူတစ်ရာကျော်။ အထဲမှာရှိတာ ခုနစ်ရာ၊ ရှစ်ရာလောက်ရှိတယ်”
ဘန်ကောက်မြို့က မြန်မာသံရုံးကတော့ ကိုဗစ်ရောဂါကြောင့် အကန့်အသတ်နဲ့ ခေါ်ယူနေရတာလို့ ဇန်နဝါရီလ ၃၀ ရက်နေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
မြန်မာလူမျိုးတွေကို ဖမ်းဆီးထားတဲ့ ဒီထိန်းသိမ်းရေးစခန်းဟာ သုံးထပ်အဆောက်အအုံ တစ်ခုဖြစ်ပြီး အောက်ဆုံးထပ်မှာတော့ ထိုင်းအာဏာပိုင်တွေ နေထိုင်ပါတယ်။
မြန်မာလူမျိုး ၆၀၀ ကျော်ဟာ ပေ ၄၀၊ ပေ ၂၀ အကျယ်အဝန်းရှိတဲ့ အခန်းခြောက်ခန်းမှာ ထိန်းသိမ်းခံထားရတာဖြစ်ပြီး လူဦးရေများပြားတာကြောင့် အရေပြားရောဂါဖြစ်သူတွေပါ ရှိနေတယ်လို့ ထိန်းသိမ်းရေးစခန်းမှာ ရောက်ရှိနေတဲ့ ကိုဇော်မျိုးလွင်က ပြောပါတယ်။
“အခန်းကတော့ သေးလားဆိုတော့ မသေးဘူး။ ဒါပေမဲ့ လူကနည်းနည်းများတော့ ကျပ်တယ်ပေါ့နော်။ လူဘယ်လောက်လောက်နေလဲဆိုရင် တစ်ခန်းမှာဆိုရင် ယောကျ်ားလေးတွေက ပိုများတယ်။ ယောက်ျားလေးတွေက တစ်ရာကျော်တယ်။ မိန်းကလေးတွေက ပိုနည်းတာပေါ့။ ဖြစ်တယ်ဆိုလည်း ကိုယ်ခံအားမကောင်းတဲ့ ရောဂါတွေပေါ့၊ ယားနာတဲ့ အရေပြားရောဂါတွေ အဲဒါမျိုးတွေကို အရင်ပို့တယ်”
ဒီဖမ်းဆီးခံထားရသူတွေဟာ ပြစ်ဒဏ်ကျခံပြီးသူတွေဖြစ်ပေမယ့် သူတို့ကို အကျဉ်းသားတွေလိုပဲ ဆက်ဆံပြီး ဆန်ပြုတ်နဲ့ ထမင်းနှစ်နှပ်ကျွေးတယ်လို့ သူက ပြောပါတယ်။
ဒါပေမဲ့ ထမင်းက ခြောက်လုတ်စာခန့်သာရှိပြီး အသားဖက်တစ်ဖက်သာ ပါဝင်သလို သူတို့အတွက် လူမှုကူညီရေးအဖွဲ့တွေက ရိက္ခာထောက်ပံ့ချင်ပေမယ့် ထိုင်းအာဏာပိုင် တွေဘက်က ခွင့်မပြုဘူးလို့ သူက ပြောပြပါတယ်။
ရွှေ့ပြောင်းအလုပ်သမား အခွင့်အရေး ကွန်ရက် (MWRN) ရဲ့ ဥက္ကဋ္ဌ ဦးအောင်ကျော်ကတော့ အခုလို ထိန်းသိမ်းရေးစခန်းအတွင်း ဆန္ဒပြမှုတွေဖြစ်လာတာဟာ အခွင့်အရေးချိုးဖောက်မှု တွေကို သည်းမခံနိုင်တော့တာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။
“ကျနော်တို့ကိုယ်တိုင်လည်း အထဲဝင်ကြည့်လို့ မရတဲ့အတွက်ကြောင့် ဘယ်လောက် အထိ ဆိုးရွားတယ်ဆိုတာကိုတော့ မပြောနိုင်ဘူးပေါ့နော်။ သို့သော် ကျနော်တို့ လေ့လာသိရှိရသလောက် အချုပ်ခန်းတို့၊ အကျဉ်းထောင်တို့ဆိုတာ ကျနော်တို့နိုင်ငံလို ထိုနည်းတူစွာပဲ သိပ်ပြီးတော့ သပ်သပ်ရပ်ရပ်ရှိဟန် မတူပါဘူး။ လုပ်သားတွေ လုံးဝသည်းမခံနိုင်ဘူးဆိုတာလည်း သတ်မှတ်တဲ့လူဦးရေထက် များပြီးတော့ လုံးဝပြည့်ကျပ်နေတာမျိုးတွေ ရှိနိုင်ပါတယ်။ ကျနော်ထင်ပါတယ် နိုင်ငံတကာ စံချိန်စံညွှန်းနဲ့ ကြည့်မယ်ဆိုရင်တော့ အခွင့်အရေးချိုးဖောက်ခံရတဲ့ လက္ခဏာမျိုးတွေ ပေါ်ပေါက်နိုင်ပါတယ်ဗျ”

ဘန်ကောက်မြို့ မြန်မာသံရုံးရဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ ထုတ်ပြန်ချက်မှာတော့ ဖေဖော်ဝါရီလ ၂ ရက်နေ့မှာ ဖမ်းဆီးခံ မြန်မာ ၂၂၀ ဝန်းကျင်ကို ပထမအသုတ် ပြန်ခေါ်မယ်လို့ ရေးသားထားပါတယ်။
အဲဒီနောက်မှာ ကျန်တဲ့ လူ ၄၀၀ ကျော်ကို ဖေဖော်ဝါရီလ ၈ ရက်နေ့နဲ့ ၁၅ ရက်နေ့တွေမှာ နှစ်သုတ်ထပ်မံခေါ် ယူသွားဖို့ရှိနေပြီး ဒီအတွက်လည်း မြန်မာနိုင်ငံ၊ ကော့သောင်းမြို့နယ် အုပ်ချုပ်ရေးမှူးတွေနဲ့ ညှိနှိုင်းပြီးဖြစ်တယ်လို့ ဆိုပါတယ်။
ရနောင်းထိန်းသိမ်းရေးစခန်းက မြန်မာတွေကတော့ စီစဉ်ထားတဲ့အတိုင်း ခေါ်ယူဖို့နဲ့ ရက်ရွှေ့တာတွေ မလုပ်ဖို့ တိုက်တွန်းပြောဆိုကြပါတယ်။
မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် အလုပ်အကိုင်ရှားပါးမှု အခြေအနေ၊ စီးပွားရေး ကျဆင်းမှုတွေနဲ့ ပြည်ပရင်းနှီးမြှုပ်နှံမှုတွေ ထွက်ခွာတာတွေကြောင့် ပြည်ပထွက်ခွာ အလုပ်လုပ်ကိုင်သူတွေရှိနေပြီး အာဏာသိမ်း နှစ်နှစ်အတွင်းမှာ ထိုင်းနိုင်ငံကို ပြောင်းရွှေ့အလုပ် လုပ်ကိုင်သူဟာလည်း လေးသိန်းဝန်းကျင်ရှိခဲ့တယ်လို့ ထိုင်းနိုင်ငံက မြန်မာအလုပ်သမားအရေး ဆောင်ရွက်သူတွေက ပြောပါတယ်။
ထိုင်းအာဏာပိုင်တွေကလည်း ၂၀၂၂ ခုနှစ်အတွင်း တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ခြောက်သောင်းကျော်ကို ဖမ်းမိခဲ့တယ်လို့ ၂၀၂၂ ခုနှစ် ဒီဇင်ဘာလမှာ ထုတ်ပြန်ထားပါတယ်။