နိုင်ငံခြားကို တရားဝင်သွားဖို့ သံရုံးနဲ့ အလုပ်သမား ကူညီရေးအဖွဲ့တွေ တိုက်တွန်း
2018.10.18
မလေးရှားနိုင်ငံကို တရားမဝင် အလုပ်လုပ်ဖို့လာရင်း ထိုင်းနိုင်ငံစစ်ဆေးရေးစခန်းတွေကနေ အဖမ်းခံရတဲ့ မြန်မာအလုပ်သမားတွေရှိနေတာကြောင့် တရားဝင်သွားလာကြဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးက ပြီးခဲ့တဲ့ အာက်တိုဘာ ၁၆ ရက်နေ့က သတင်းထုတ်ပြန်ထားပါတယ်။
ထိုင်းနိုင်ငံ ဆူရတ်ဌာနီ ပြန်လည်ထူထောင်ရေးစခန်းမှာ ဖမ်းမိထားတဲ့ တရားမဝင်မြန်မာနိုင်ငံသားတွေကို ထားရှိတာဖြစ်ပါတယ်။ အဲဒီမှာရှိတဲ့ မြန်မာနိုင်ငံသား ၂၁ ယောက်ထဲကနေ ၅ ယောက်ကို နိုင်ငံသားစိစစ်ပြီး မြန်မာနိုင်ငံကို ပြန်လွှတ်လိုက်တာဖြစ်တယ်လို့ မြန်မာသံရုံး အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး က ပြောပါတယ်။
အဲဒီအလုပ်သမားတွေဟာ မြန်မာနိုင်ငံက ပွဲစားတွေကနေတဆင့် ထားဝယ်၊ ထီးခီး၊ ကန်ချနပူရီလမ်းကြောင်း၊ ကော့သောင်း၊ ရနောင်းလမ်းကြောင်း၊ မြိတ်-ပကျွတ် လမ်းကြောင်းတွေကနေ ထိုင်းနိုင်ငံကို ရောက်လာပြီး အဲဒီကနေမှ မလေးရှားနိုင်ငံကို သွားရင်း ထိုင်းစစ်ဆေးရေးဂိတ်တွေကနေ ဖမ်းမိတာဖြစ်တယ်လို့ သိရပါတယ်။
သူတို့တွေကို လူကုန်ကူးခံရသူတွေအဖြစ် သတ်မှတ်ပြီး ပွဲစားတွေကိုလည်း ဖမ်းဆီးအရေးယူဖို့ ထိုင်းနိုင်ငံအစိုးရဘက်က ဆောင်ရွက်နေတယ်လို့ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦးက ပြောပါတယ်။
"အခုလက်ရှိကတော့ လူကုန်ကူးတယ်လို့ သတ်မှတ်ပြီးသွားပြီ။ တချို့သံသယရှိတဲ့သူတွေ သတင်းရတဲ့သူတွေကို ထိုင်းဘက်က သက်ဆိုင်ရာတာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးပြီးတော့ တချို့ဆို တရားရုံးဆွဲတင်တာတွေ လုပ်နေပြီပေါ့နော်။"
အဲ့ဒီ ထိုင်းနိုင်ငံအစိုးရ စစ်ဆေးရေးစခန်းတွေကို ရှောင်ပြီး တရားမဝင်သွားလာကြတဲ့အခါ တချို့ဆို လူကုန်ကူးခံရတာ၊ ပွဲစားတွေက လမ်းခုလတ်မှာထားပြီး ထွက်ပြေးသွားလို့ အခက်ခဲဖြစ်ကြရတာတွေ ရှိကြပါတယ်။ တချို့အလုပ်သမားတွေဆို တောထဲမှာ ဒုက္ခရောက်ကြရလို့ အကူညီလမ်းတောင်းတာတွေရှိကြတယ်လို့ ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ဆရာတော်ဦးဇောတိက က မိန့်ကြားပါတယ်။
"ဒီလိုပဲ ခေါ်တဲ့သူတွေကခေါ်တယ်။ သွားတဲ့သူတွေကသွားတယ်။ ဘုန်းဘုန်းတို့ဆီ မကြာမကြာ အကူညီတောင်းကြတယ်။ တောထဲမှာ ခေါ်လာတဲ့ ကယ်ရီတွေက ပစ်ထားသွားလို့၊ ပို့ဆောင်တဲ့သူတွေက ထားသွားလို့ ဒီလိုဒီလို ဒုက္ခရောက်နေပါတယ်ဆိုပြီး မကြာမကြာ အကူညီတောင်းလို့ ပေးနေရပါတယ်။"
မြန်မာနိုင်ငံမှာ အလုပ်ကိုင်ရှားပါးလာတာ၊ လုပ်ခလစာနည်းတာတွေကြောင့် ပြည်ပနိုင်ငံတွေမှာ အလုပ်သွားလုပ်ကြတာတွေ များလာပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ခလစာဟာ ၁ လ ၁ သိန်းခွဲရဖို့ မလွယ်ပေမဲ့ မလေးရှားနိုင်ငံမှာဆိုရင် တစ်လကို ကျပ် ၃ သိန်းလောက်ရနိုင်တာကြောင့် စွန့်စားသွားလာကြတာပါ။ အဲဒီလို မလေးရှားနိုင်ငံကို တရားမဝင်အလုပ်လုပ်ဖို့အသွား ထိုင်းမှာ အဖမ်းခံလိုက်ရတဲ့သူတွေဟာ နေပြည်တော်၊ တပ်ကုန်း၊ ပဲခူး၊ ကျောက်ကြီး ၊ ထားဝယ်၊ တနင်္သာရီ စတဲ့မြို့တွေက ဖြစ်တယ်လို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ အများအားဖြင့် ပညာအရည်ချင်းနည်းပါးတဲ့သူတွေ ၊ စီးပွားရေးနိမ့်ပါးတဲ့သူတွေက နိုင်ငံခြားမှာ အလုပ်လုပ်ပြီး မိသားစုကို ထောက်ပံ့မယ်၊ ငွေကြေးစုဆောင်းမယ်ဆိုတဲ့ ရည်ရွယ်ချက်တွေနဲ့ သွားလာကြတာလို့ ပြောပါတယ်။
မလေးရှားနိုင်ငံကို အလုပ်သွားလုပ်ဖို့ဆိုပြီး ပွဲစားတွေကနေတဆင့် သွားလာကြတာမျိုးရှိသလို၊ မလေးမှာရှိတဲ့ ကိုယ့်ဆွေမျိုးသားချင်း၊ မိတ်ဆွေ အချိတ်အဆက်တွေနဲ့ သွားလာကြတာဖြစ်ပါတယ်။ အဲဒီလိုသွားတဲ့အခါမှာ ငွေကြေးအရင်ပေးရတာမျိုး မဟုတ်ဘဲ အလုပ်ရမှသာ လုပ်ခလစာတွေကနေ ဖြတ်တောက်တာ ဖြစ်တယ်လို့ ဆရာတော် ဦးဇောတိက က မိန့်ပါတယ်။
ဒါပေမဲ့ အဲဒီအလုပ်သမားတွေဟာ အလုပ်အကိုင်ကောင်းတယ်ဆိုတဲ့ ပွဲစားတွေရဲ့အပြောကိုသာ ယုံကြည်ပြီး လိုက်လာပေမဲ့ တကယ်တမ်းမှာတော့ ကိုယ်အလုပ်လုပ်မယ့် နိုင်ငံက အခြေအနေမှန်တွေကို မသိကြဘူးလို့ ထိုင်းနိုင်ငံက အလုပ်သမားရေး ကူညီပေးနေတဲ့ ပညာရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ဖောင်ဒေးရှင်းက ဦးထူးချစ်က ပြောပါတယ်။
"ပြည်တွင်းကလာတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမားတွေအနေနဲ့ ထိုင်းနိုင်ငံနဲ့ မလေးရှားနိုင်ငံရဲ့ အခြေအနေကို ဂဃဏန မသိဘူး။ ပွဲစားတွေရဲ့ စည်းရုံးလှုံ့ဆော်မှုကောင်းလို့၊ အစိုးရသတ်မှတ်ထားတာထက် ပိုပေးရတယ်။ ဒီရောက်တော့လည်း ဒုက္ခတွေရောက်ပြီး တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေဖြစ်တယ်။ အဓိကကတော့ သူတို့သွားမယ့်နိုင်ငံက သတင်းချက်လက်တွေကို မသိတာရယ်၊ ပွဲစားတွေက အစိုးရအာဏာပိုင်တွေနဲ့ပေါင်းပြီး လုပ်စားနေတာ အခုထိရှိတုန်းပဲဗျ။"
မလေးရှားကို တရားဝင်သွားမယ်ဆိုရင် အနည်းဆုံး ၃ လလောက်စောင့်ရပြီး ငွေကြေးဆိုရင်လည်း ၁၂ သိန်းကနေ သိန်း ၃၀ လောက်အထိ ကုန်ကျတာတွေရှိတယ်လို့ မလေးရှားနိုင်ငံမှာ အလုပ်သမားတွေကို ကူညီပေးနေတဲ့ လူမှုအဖွဲ့အစည်းတွေကနေ သိရပါတယ်။
တရားမဝင်လမ်းကြောင်းကနေ သွားမယ်ဆိုရင်တော့ မလေးငွေ ရင်းဂစ် ၂၀၀၀ ၊ ( မြန်မာငွေကျပ် ၈ သိန်းလောက်) ကုန်ကျပါတယ်။
အဲဒါကြောင့် ပွဲစားတွေ တဆင့်ပြီးတဆင့် လွှဲပြောင်းခေါ်တဲ့ တရားမဝင်လမ်းကြောင်းကနေ မလေးရှားနိုင်ငံကို ကံကောင်းပြီး ရောက်လာခဲ့တဲ့သူတွေလည်း ရှိကြပါတယ်။ ဒါပေမဲ့ တရားမဝင်အလုပ်သမားတွေဖြစ်တာကြောင့် လုပ်ခလစာ အမှန်ရရှိတာတွေ၊ ကျန်းမာရေးရပိုင်ခွင့်တွေ စတဲ့ အခွင့်အရေးတွေလည်း ဆုံးရှုံးကြရပါတယ်။နောက်ပြီး မလေးအစိုးရက ဆက်တိုက်အဖမ်းအဆီးတွေရှိနေတယ်လို့လည်း သိရပါတယ်။
အဲဒီလို အဖမ်းအဆီးတွေကို ထွက်ပြေးရင်းနဲ့ အသက်အန္တရာယ်ကြုံရတာတွေရှိတယ်လို့ကပုန်း ၇ ရက်သားသမီး နာရေးကူညီမှုအသင်းက ဦးစန်းဝင်းက ပြောပါတယ်။
"ရပ်ကွက်ထဲ ၊ အိမ်တွေထဲကို အဖမ်းဆီးစပြီဆိုကတည်းက မမှန်တဲ့သူတွေက ကြောက်ရွံ့ပြီး ခုန်ချလို့လည်း မရဘူး။ မရတော့ အိမ်သာပိုက်လိုင်းကို ခိုပြီးဆင်းတော့ အိမ်သာပိုက်လိုင်းက ခံနိုင်ရမယ်မရှိဘူး။ လူကတည်း ၄ ၊ ၅၊ ၆ ယောက်ဆိုတော့ ပိုက်လိုင်းက နောက်ကို လန်ကျပြီး ပွဲချင်းပြီး သေတာတွေရှိတယ်။"
မလေးရှားနိုင်ငံက စားသောက်ဆိုင်တွေ၊ စိုက်ပျိုးရေးလုပ်ငန်းတွေ၊ စက်ရုံအလုပ်ရုံတွေရဲ့ အလုပ်ရှင်အများစုက တရားမဝင်အလုပ်သမားတွေကို ပိုလိုချင်ကြတယ်လို့ ပြောကြပါတယ်။
ဘာကြောင့်လဲဆိုရင် အဲဒီတရားမဝင်အလုပ်သမားတွေ အကြောင်းတစ်စုံတရာကြောင့် ထိခိုက်ဒဏ်ရာရခဲ့ရင် ဘာမှတာဝန်ယူစရာမလိုတာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ဒါကြောင့် တစ်ခုခုဖြစ်လာခဲ့ရင် လျော်ကြေး နစ်နာကြေးတွေရရှိအောင် ကြိုးစားပေးချင်ပေမဲ့ မြန်မာအလုပ်သမားတွေက တရားမဝင်ဖြစ်နေတာကြောင့် ကူညီပေးဖို့ အခက်ခဲဖြစ်တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အတွင်းဝန် ဒေါ်မေသူဖြူက ပြောပါတယ်။
"ရောက်လာတဲ့ တရားမဝင်အလုပ်သမားတွေက အလုပ်ရှင်ဆီမှာ အလုပ်လုပ်တယ်။ နေထိုင်မကောင်းဖြစ်တယ်။ အလုပ်ခွင်ထဲမှာ ထိခိုက်ဒဏ်ရာရတယ်။ အလုပ်ရှင်ကလေ ဆေးရုံသာသွားပြီး ပို့ထားလိုက်တာ။ ပြီးရင် ထွက်ပြေးပြီး ဖုန်းနံပါတ်တွေ ပြောင်းပြီး အဆက်သွယ်မလုပ်ဘူး။ အဲဒီတော့ ဆေးရုံကလည်း သံရုံးကိုပဲ ဆက်သွယ်တယ်။ ဆေးရုံစရိတ်တွေကလည်း ခေါင်ခိုက်နေတာ။ ကိုယ့်မြန်မာနိုင်ငံသားခံရပေမဲ့ ဘယ်လိုမာမာတင်းတင်းနဲ့ ဘယ်လိုသွားပြီး ဘယ်အလုပ်ရှင်ကို Complain တက်ရမှန်းမသိ၊ အဲဒီလိုဖြစ်နေတာ။"
မလေးရှားနိုင်ငံမှာ တရားမဝင်အလုပ်လုပ်လို့ အဖမ်းခံရတဲ့သူတွေကို မလေးအစိုးရက ထောင်ဒဏ် ၃ လဒဏ်ချမှတ်ပြီးတဲ့အခါမှာ ထိန်းသိမ်းရေးစခန်းတွေကို ပို့ဆောင်တာဖြစ်ပါတယ်။ အဲဒီထိန်းသိမ်းရေးစခန်းတွေကနေ နိုင်ငံသား ဟုတ် မဟုတ် သံရုံးကနေ သွားစိစစ်ပြီး မြန်မာနိုင်ငံကို ပြန်ပို့ပေးတာဖြစ်တယ်လို့ မလေးရှားနိုင်ငံဆိုင်ရာ မြန်မာသံရုံး အတွင်းဝန် ဒေါ်မေသူဖြူက ပြောပါတယ်။
အဲဒီလို မြန်မာနိုင်ငံကို ပြန်ပို့တာဆိုရင် ၂၀၁၈ခုနှစ် ဇန်နဝါရီကနေ စက်တင်ဘာအထိ အယောက် ၃၃၀၀ ကျော်ရှိနေပြီလို့ မြန်မာသံရုံးကနေ သိရပါတယ်။
မလေးရှားအစိုးရကနေ ဖမ်းဆီးထားတဲ့ တရားမဝင် မြန်မာအလုပ်သမားအရေအတွက် တိတိကျကျတော့ မသိရဘူးလို့ ပြောပါတယ်။
မလေးရှားနိုင်ငံမှာ တရားဝင်အလုပ်လုပ်တဲ့ မြန်မာအလုပ်သမား အယောက် ၂ သိန်းလောက်ရှိပြီး တရားမဝင်လုပ်ကိုင်နေတဲ့ အရေအတွက်ကတော့ ၃ သိန်းလောက်ရှိနေတယ်လို့ မြန်မာသံရုံးကနေ သိရပါတယ်။
တရားမဝင်အလုပ်သမားတွေကတော့ ဥပဒေရဲ့ အကာကွယ်ကို မရကြပါဘူး။
အခုချိန်မှာဆိုရင် မလေးရှားနိုင်ငံကိုသာမကဘဲ ထိုင်း၊ ဂျပန်၊ ကိုးရီးယား နိုင်ငံတွေကို တရားဝင်သွားရောက် အလုပ်လုပ်ကိုင်ခွင့်တွေရှိနေတာကြောင့် တရားဝင်လမ်းကြောင်းကနေသာ သွားပြီးအလုပ်လုပ်ကိုင်ကြဖို့၊ တရားဝင်သွားရောက်အလုပ်လုပ်ပြီး ဥပဒေရဲ့ အကာကွယ်ကို ယူကြဖို့ မလေးရှားနဲ့ ထိုင်းနိုင်ငံမှာရှိတဲ့သံရုံးတွေနဲ့ အလုပ်သမားကူညီရေးအဖွဲ့တွေက တိုက်တွန်းကြပါတယ်ရှင်။