ကမ္ဘာ့ဖလားအင်္ကျီနဲ့ မြန်မာနိုင်ငံက ဖိနှိပ်ခံ အထည်ချုပ်အလုပ်သမားများ
2022.12.01
အမေရိကန်ဒေါ်လာ ၉ဝ ကနေ ၁၅ဝ လောက်အထိ ပေးဝယ်ရတဲ့ ကမ္ဘာ့ဖလားအထိမ်းအမှတ် ဘောလုံးအင်္ကျီတွေကို ချုပ်တဲ့သူတွေဟာ မြန်မာနိုင်ငံက အထည်ချုပ်အလုပ်သမားတွေဖြစ်ပြီး၊ သူတို့ရဲ့လုပ်ခလစာဟာ တစ်ရက်ကို အမေရိကန်ဒေါ်လာ ၂ ဒေါ်လာကျော်၊ မြန်မာငွေနဲ့ဆိုရင် ၄၈၀၀ ကျပ်ပဲရတယ်လို့ နယူးယောက်တိုင်းမ်သတင်းစာက ရေးသားဖော်ပြလိုက်ပါတယ်။
ရန်ကုန် ရွှေပြည်သာမြို့နယ်မှာရှိတဲ့ "မြန်မာပေါင်ချိန်" စက်ရုံက အလုပ်သမား ၇၈၀၀ လောက်ဟာ ဖိနပ်နဲ့ အားကစားဝတ်စုံတွေ အဓိကထုတ်လုပ်တဲ့ ကမ္ဘာကျော် Adidas အမှတ်တံဆိပ်ကုမ္ပဏီအတွက် အထည်တွေချုပ်ပေးနေရတယ်လို့ ဖော်ပြပါတယ်။
လုပ်ခလစာနည်းနည်းနဲ့ အလုပ်လုပ်နေကြတဲ့ မြန်မာနိုင်ငံက အလုပ်သမားတွေဟာ ကိုဗစ်ကပ်ရောဂါဂယက်ကြောင့် စားဝတ်နေရေး အခက်အခဲ အကြပ်အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။
အခုကိုဗစ်ကပ်ဘေးကနေ ပြန်နာလန်ထူလာချိန်၊ လေးနှစ်တစ်ကြိမ်ကျင်းပတဲ့ ကမ္ဘာ့ဖလားပွဲနဲ့ ကြုံတောင့်ကြုံခဲအချိန်မှာ လုပ်ခလစာ ပိုရဖို့ ကြိုးစားကြတဲ့ မြန်မာအလုပ်သမားတွေဟာ အလုပ်ရှင်တွေရဲ့ ပြစ်ဒဏ်ပေးနှိပ်ကွပ်တာကို ခံနေရပြန်တယ်လို့ နယူးယောက်တိုင်းမ်က ရေးသားပါတယ်။
ကမ္ဘာ့ဖလားဘောလုံးအင်္ကျီတွေ ချုပ်နေပေမဲ့ တစ်နေ့ကို မြန်မာငွေ ၄၈၀၀ ပဲရလို့ လစာတိုးတောင်းကြတဲ့ အလုပ်သမားတွေဟာ အလုပ်ဖြုတ်ခံရတဲ့အထိ ရှိနေတယ်လို့ ဆိုပါတယ်။
မြန်မာပေါင်ချိန် အထည်ချုပ်စက်ရုံက အလုပ်သမားတွေဟာ လုပ်ခလစာ ၄၈၀၀ ကနေ ၈ဝဝဝ တိုးမြှင့်ပေးဖို့ ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ ဆန္ဒပြခဲ့ပါတယ်။ ဆန္ဒပြပွဲကို ထိန်းချုပ်ဖို့ စက်ရုံအာဏာပိုင်တွေက စစ်သားတွေကို ခေါ်ခဲ့တယ်လို့ ဆိုပါတယ်။

ဆန္ဒပြတောင်းဆိုချက် မအောင်မြင်ဘဲ အဲဒီဆန္ဒပြပွဲကို ဦးဆောင်ခဲ့တဲ့ အလုပ်သမား ၂၆ ယောက် အလုပ်ကနေ ထုတ်ခံခဲ့ရပါတယ်။
စစ်တပ်က အာဏာသိမ်းထားတာကို အခွင့်ကောင်းယူပြီး စက်ရုံဘက်က အလုပ်သမားတွေကို ခေါင်းပုံဖြတ် ဖိနှိပ်နေတယ်လို့ အလုပ်သမားတွေက ယူဆနေကြပါတယ်။
အလုပ်ပြုတ်သွားတဲ့သူတွေဟာ ဝင်ငွေမရှိဘဲ စားရမဲ့သောက်ရမဲ့ ဖြစ်နေတဲ့အခြေအနေတွေကို နယူးယောက်တိုင်းမ်က ဖော်ပြပါတယ်။
မြန်မာပေါင်ချိန် အထည်ချုပ်စက်ရုံဟာ ထိုင်ဝမ်နိုင်ငံသားပိုင် စက်ရုံဖြစ်ပါတယ်။

ဒီအလုပ်သမားတွေနဲ့ ပတ်သက်လို့ ထိုင်ဝမ်အခြေစိုက် ကုမ္ပဏီရုံးကို နယူးယောက်တိုင်းမ်သတင်းဌာနက ဆက်သွယ်မေးမြန်းရာမှာတော့ သူတို့တွေဟာ မြန်မာနိုင်ငံက ချမှတ်ထားတဲ့ အလုပ်သမားဥပဒေတွေနဲ့အညီ လုပ်နေတယ်လို့သာ အကြောင်းပြန်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကမ္ဘာကျော် Adidas အမှတ်တံဆိပ်ကုမ္ပဏီကို နယူးယောက်တိုင်းမ်က မေးမြန်းရာမှာတော့ ဒီကိစ္စကို စုံစမ်းစစ်ဆေးမှာဖြစ်ပြီး ဒီလိုအလုပ်ထုတ်တဲ့လုပ်ရပ်ကို ကန့်ကွက်ကြောင်း၊ အလုပ်ဖြုတ်ခံထားရတဲ့ အလုပ်သမားတွေကို အမြန်ပြန်ခန့်ဖို့ မြန်မာပေါင်ချိန်ကုမ္ပဏီကို တောင်းဆိုကြောင်း သတင်းမှာ ဖော်ပြထားပါတယ်။