စစ်အာဏာရှင်ဆန့်ကျင်ရေး ပါဝင်ဆင်နွှဲနေတဲ့ မြန်မာအမျိုးသမီးများ

ခင်ခင်အိ (ဝါရှင်တန်ဒီစီ)
2022.03.07
စစ်အာဏာရှင်ဆန့်ကျင်ရေး ပါဝင်ဆင်နွှဲနေတဲ့ မြန်မာအမျိုးသမီးများ အာဏာသိမ်းစစ်ကောင်စီကို ခုခံတော်လှန်နေသော PDF တပ်ဖွဲ့ဝင်အမျိုးသမီးတချို့။
Photo: AFP

မတ်လ ၈ ရက်နေ့ဟာ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ ဖြစ်ပါတယ်။ အမျိုးသမီးတွေအပေါ် ခွဲခြားဆက်ဆံမှု၊ ဖိနှိပ်မှုပပျောက်ရေးအတွက် အမျိုးသမီးတွေရဲ့ အရေးပါတဲ့အခန်းကဏ္ဍကို ဖော်ထုတ်တင်ပြဖို့ ရည်ရွယ်ပြီး မတ်လ ၈ ရက်နေ့ကို အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး နှစ်စဉ် အခမ်းအနားတွေကို ကျင်းပကြပါတယ်။

ကမ္ဘာ့သမိုင်းကို ပြန်ကြည့်ရင် ခေတ်အဆက်ဆက် ဖိနှိပ်မှု၊ ခွဲခြား ဆက်ဆံမှုတွေကြားက နိုင်ငံရေး၊ လူမှုရေးလှုပ်ရှားမှုတွေမှာ အမျိုးသားတွေနဲ့ တန်းတူ ရှေ့တန်းကနေ ရွပ်ရွပ်ချွံချွံ ပါဝင်လာခဲ့ကြပါတယ်။

မြန်မာနိုင်ငံမှာလည်း ပဒေသရာဇ်ခေတ်ကနေ ကိုလိုနီခေတ်၊ လွတ်လပ်ရေးရအပြီး ပြည်တွင်းစစ်နဲ့ တစ်ပါတီခေတ်တွေမှာလည်း တန်းတူအခွင့်အရေးနဲ့ အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ အမျိုးသမီးတွေ ပါဝင်ခဲ့ကြပါတယ်။ ၂ဝ၂၁ ဖေဖော်ဝါရီလ စစ်အာဏာသိမ်းမှုအပြီး ပေါ်ပေါက်လာခဲ့တဲ့ နွေဦးတော်လှန်ရေးမှာဆိုရင် အာဏာရှင်ဆန့်ကျင်တဲ့ CDM လူထုလှုပ်ရှားမှုတွေ၊ ငြိမ်းချမ်းစွာ ဆန္ဒပြတာတွေမှာသာမက လက်နက်ကိုင် တော်လှန်ရေး လမ်းစဉ်မှာလည်း အမျိုးသမီးတွေ ဦးဆောင်ပြီး အင်နဲ့အားနဲ့ ပါဝင်လာခဲ့ကြတာကို တွေ့မြင်ကြရမှာပါ။

ရုပ်ရှင်အနုပညာရှင်တစ်ဦး ဘဝကနေ စစ်အာဏာရှင်တော်လှန်ရေးမှာ ပါဝင်လာခဲ့တဲ့ သရုပ်ဆောင် မြနှင်းရည်လွင်က အမှန်တရားဟာ အောင်မြင်စမြဲ ဖြစ်တယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ တော်လှန်ရေးမှာ ပါဝင်နေတာလို့ ပြောပါတယ်။

အာဏာရှင်ကို တော်လှန်ဖို့အတွက် သက်တောင့်သက်သာနေနေရတဲ့ ဘဝတွေကို စွန့်ခွာပြီး ခက်ခဲကြမ်းတမ်းတဲ့ လေ့ကျင့်ရေးတွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် အဖြစ် တော်လှန်ရေးမှာ ပါဝင်လာကြတဲ့ အမျိုးသမီးတွေလည်း အများအပြားရှိပါတယ်။

စစ်ကိုင်းတိုင်းက မြောင်အမျိုးသမီးစစ်သည်တော်များအဖွဲ့ဆိုရင် စစ်ပညာသင်ယူပြီးနောက် အမျိုးသားတွေနဲ့အတူ အာဏာရှင်ရဲ့တပ်ဖွဲ့တွေကို လက်နက်ကိုင် တိုက်ပွဲဝင်နေကြပါတယ်။ ဒီအမျိုးသမီးတွေဟာ စစ်အာဏာရှင်ကို အမြစ်ပြတ်တိုက်ထုတ်ဖို့ စိတ်အားပြင်းပြစွာနဲ့ သူတို့ရဲ့မိသားစု ဘဝတွေကို ပေးဆပ်ပြီး တော်လှန်ရေးမှာ ပါဝင်လာခဲ့ကြတာပါ။

ယေဘူယျအားဖြင့် ရုပ်ပိုင်းဆိုင်ရာ ကြံ့ခိုင်မှုမှာ အမျိုးသားတွေထက် အားနည်းတယ်ဆိုပေမဲ့ စစ်အာဏာရှင်ကိုတိုက်ထုတ်ဖို့အတွက် ဒီအမျိုးသမီး စစ်သည်တွေဟာ အမျိုးသားတွေနဲ့ တန်းတူ တောတောင်တွေမှာ စစ်ပညာကို ခက်ခက်ခဲခဲ သင်ယူလေ့ကျင့်ခဲ့ပြီး တိုက်ပွဲဝင်နေကြတာပါ။ စစ်ကိုင်းမြို့အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ MDF ရဲ့ ကွန်မန်ဒိုအမျိုးသမီးစစ်သည် မထက်ထက်နိုင်က စစ်အာဏာရှင်ကို အမြစ်ပြတ် တိုက်ထုတ်နိုင်ရမယ်ဆိုတဲ့ စိတ်တခုတည်းနဲ့ တိုက်ပွဲဝင်နေတယ်လို့ ပြောပါတယ်။

တိုက်ခိုက်ရေးသင်တန်းတွေကို ခက်ခက်ခဲခဲ ပင်ပင်ပန်းပန်း တက်ရောက်ခဲ့ပြီး လက်နက်အင်အားမမျှလို့ နောက်တန်းကနေပဲ ဆေးကုသရေးတွေ ဘက်ကို ပါဝင်သွားကြတဲ့ အမျိုးသမီးတော်လှန်ရေး စစ်သည်တွေလည်း အများအပြားရှိနေပါတယ်။ သူတို့တွေဟာ တိုက်ပွဲတွေကြားက ဒဏ်ရာရ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကို အသက်စွန့်ကယ်ဆယ်ပြီး ဆေးကုသပေးတာတွေအပြင် စစ်ဘေးရှောင်တွေကို ဆေးကုသပေးနေကြတာပါ။

Dove KK ဆေးအထောက်အကူပြုအဖွဲ့ဟာ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဖွဲ့စည်းထားပြီး ကရင်နီပြည်နယ်ထဲမှာ ဆေးအထောက်အကူပြုနေတဲ့ အဖွဲ့အစည်း ဖြစ်ပါတယ်။

အခုလို အမျိုးသမီးတွေ သူတို့ရဲ့ဘဝတွေကို ပေးဆပ်ပြီး ကြမ်းတမ်းတဲ့ အခက်အခဲတွေကြားက မတရားမှုကို တိုက်ထုတ်နေကြတာတွေကို အသိအမှတ်ပြုရမှာ ဖြစ်တယ်လို့ မြန်မာအမျိုးသမီးသမဂ္ဂရဲ့ဥက္ကဋ္ဌ ဒေါ်တင်တင်ညိုက ပြောပါတယ်။ အမျိုးသမီးတွေရဲ့ အင်အားဟာ အနာဂတ်နိုင်ငံတော် တည်ဆောက်ရေးအတွက် များစွာအထောက်အကူဖြစ်တဲ့အတွက် သူတို့ကို ဦးဆောင်ကဏ္ဍမှာ လုပ်ဆောင်ခွင့်ပေးရမှာ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ကမ္ဘာ့အမျိုးသမီးထုရဲ့ အခန်းကဏ္ဍကို လက်ခံအသိအမှတ်ပြုဖို့ အမျိုးသမီးတွေရဲ့ စွမ်းဆောင်ရည်တွေ ပိုပြီးမြင့်လာစေဖို့ အမျိုးသမီးတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲပြဿနာတွေကို ပူးပေါင်းဖြေရှင်းဖို့ စတဲ့ အချက်တွေနဲ့ နှစ်စဉ် အပြည်ပြည်ဆိုင်ရာအမျိုးသမီးနေ့ကို ကျင်းပလာခဲ့တာ အခုဆိုရင် ၁၁၂ နှစ် ပြည့်မြောက်လာခဲ့ပါပြီ။

ကမ္ဘာတစ်ဝန်းက အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေ တစ်နှစ်ထက်တစ်နှစ် ပိုပြီး တိုးတက်လာတာနဲ့အမျှ မြန်မာနိုင်ငံက အမျိုးသမီးတွေရဲ့ အခွင့်အရေးတွေလည်း တိုးတက်ရလာနိုင်ဖို့ အစဉ်အမြဲ ကြိုးပမ်းဆောင်ရွက်ရမှာ ဖြစ်တယ်လို့ အမျိုးသမီးအခွင့်အရေးလှုပ်ရှားသူတွေက ပြောကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။