စစ်ကိုင်းတိုင်းမှာ နှစ်လနီးပါးအတွင်း အိမ် ၆၀၀၀ ကျော် မီးရှို့ခံရ

စစ်ကိုင်းတိုင်းမှာ အရပ်သားတွေရဲ့ နေအိမ်တွေ နေ့စဉ်လိုလို မီးရှို့ခံနေရဆဲဖြစ်ပြီး RFA က ကောက်ယူထားတဲ့ အချက်အလက်တွေအရ ဧပြီလ ၁ ရက်နေ့ကနေ မေလ ၂၄ ရက် မနေ့ကအထိ အချိန်နှစ်လနီးပါးအတွင်း ကလေး၊ ခင်ဦး၊ မင်းကင်း၊ ပုလဲ၊ ရွှေဘို၊ မြင်းမူ၊ ဝက်လက်၊ ယင်းမာပင်၊ ကန့်ဘလူ၊ ချောင်းဦး စတဲ့ မြို့နယ်ပေါင်း ၁၉ ခုမှာ မီးရှို့ခံရတဲ့ အိမ်ပေါင်း ၆၂၈၁ လုံး ရှိနေပါတယ်။
အဲဒီအထဲမှာ ကလေးမြို့နယ်ဟာ အိမ်ခြေ ၁၆၀၉ လုံးနဲ့ အများဆုံး မီးရှို့ခံခဲ့ရတာပါ။ ခင်ဦးမြို့နယ်ကတော့ အိမ်ခြေ ၈၇၄ လုံးနဲ့ ဒုတိယအများဆုံးမီးရှို့ခံခဲ့ရတဲ့မြို့နယ်ဖြစ်ပြီး မင်းကင်းမြို့နယ်ကတော့ အိမ်ခြေ ၆၀၉ လုံးနဲ့ တတိယအများဆုံးဖြစ်ပါတယ်။
အခုလို မီးရှို့တဲ့ကိစ္စဟာ စစ်ကောင်စီတပ်သားတွေရဲ့ လက်ချက်ဖြစ်တယ်လို့ မေလ ၂၄ ရက် မနေ့က ဒုတိယအကြိမ် မီးရှို့ခံလိုက်ရတဲ့ ယင်းမာပင်မြို့နယ် ထရော်ကျင်းရွာက ဒေသခံ တစ်ဦးက ပြောပါတယ်။
"ထရော်ကျင်းကျေးရွာက နှစ်ကြိမ် မီးရှို့ခံရတယ်။ ပထမက ၂၅ လုံး ရှို့ခံရတယ်။ မနေ့က ဒုတိယအကြိမ်မှာ ၁၅ လုံးပါသွားတယ်။ စစ်ကောင်စီက ဘာလို့ အခုလို ခဏခဏ မီးရှို့တာ ဘာလို့လဲဆိုတာပြောဖို့ခက်ပါတယ်။ ရက်စက် ကြမ်းကြုတ်တဲ့ အပြုအမူတွေကို ကျူးလွန်နေတာဖြစ်ပါတယ်"
ထရော်ကျင်းရွာဟာ ပြီးခဲ့တဲ့ မေလ ၁၅ ရက်နေ့က ပထမဆုံးအကြိမ် မီးရှို့ခံခဲ့ရပြီးနောက် မနေ့က ဒုတိယအကြိမ် ထပ်မံမီးရှို့ခံရတာလို့ ဆိုပါတယ်။
ရွာတွေအနီးကိုရောက်လာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေကို ဒေသခံတွေ ကြောက်လန့် ထွက်ပြေးချိန်မှာပဲ နေအိမ်တွေ မီးရှို့ဖျက်ဆီးတာ ကြုံရလေ့ရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေဟာ တောထဲမှာ ဖြစ်သလို တဲထိုးပြီးနေထိုင်နေကြရတယ်လို့ နေအိမ်တွေ မီးရှို့ခံခဲ့ရတဲ့ ကန့်ဘလူမြို့နယ်၊ တင်မော်ရွာက လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
“၁၇ ရက် ငါးလပိုင်းက ဝင်လာတယ်၊ ၁၂ နာရီလောက်မှာ မီးရှို့တယ်။ ၅ နာရီမှာ မီးငြိမ်းတယ်။ အိမ်နဲ့ စပါးတိုက်က စပါး ၅၀၀ ကျော် ပါသွားတယ်။ အခုကတော့ တောထဲမှာပဲ တဲထိုးနေရတယ်။ ပြန်ဆောက်ဖို့ကလည်း ဒီဘက်က သစ်၊ ဝါးရှားတယ်။ ဒါတွေငြိမ်သွားမှပဲ ပြန်ဆောက်ဖြစ်တော့မယ်"
စစ်ကိုင်းတိုင်းမှာ မြို့နယ်ပေါင်း ၃၄ မြို့နယ်နဲ့ ကျေးရွာပေါင်း ၅၉၀၀ ကျော်ရှိပြီး ကျေးရွာ အများစုဟာ စစ်ဘေးဒုက္ခတွေ ကြုံတွေ့နေကြရတာလို့ ဆိုပါတယ်။
ခင်ဦးမြို့နယ် ငါးတင်းကြီးရွာက ဒေသခံတစ်ဦးကတော့ စစ်တပ်က နယ်မြေရှင်းလင်းရေး တွေ ဆက်တိုက်လုပ်ဆောင်နေတာကြောင့် ဆုံးရှုံးသွားတဲ့နေအိမ်တွေ ပြန်ဆောက်မယ့် အရေးကို မစဉ်းစားနိုင်သေးဘူးလို့ ပြောပါတယ်။
“စစ်ကောင်စီလက်ထက်မှာတော့ အိမ်ပြန်ဆောက်ဖို့ဆိုတာ စိတ်ကူးလို့ကို မရသေး ပါဘူး၊ ငွေကြေးအင်အား အရလည်း အခက်အခဲဖြစ်တယ်။ အိမ်တစ်လုံးဆိုလည်း သိန်း ၂၅၀၊ ၅၀၀ လောက်တန်တာကို၊ ပြီးရင်လည်း ဒါကို မီးထပ်မရှို့ဘူးလို့ ဘယ်သူမှ အာမခံလို့မရဘူး၊ စိတ်ထဲမှာ မဖြေသာဘူး၊ မိဘတွေကလည်း အသက်ကြီးတော့ လုံလုံခြုံခြုံနဲ့ နေစေချင်တာ၊ အခုက ထန်းရွက်လေးဖြစ်သလိုမိုးထားတဲ့အခါကျတော့ မိုးကမလုံ၊ အောက်က ရေကလာဆိုတော့ ဒီလိုဒုက္ခကတော့ မကြုံဖူးပါဘူး"
သူ့အနေနဲ့ နေအိမ် ဆုံးရှုံးခဲ့ရတာကြောင့် ကျန်းမာရေးမကောင်းတဲ့ အသက် ၈၀ ကျော်အရွယ် မိဘတွေအတွက် နေ့စဉ်နဲ့အမျှ စိတ်သောကရောက်နေရတယ်လို့ ပြောပါတယ်။
"အခုကတော့ တောထဲမှာပဲ တဲထိုးနေရတယ်"
ငါးတင်းကြီးရွာဟာ ပြီးခဲ့တဲ့ ဧပြီလ ၃ ရက်နေ့က အိမ်ခြေ ၂၀၀ ကျော် မီးရှို့ခံခဲ့ရတဲ့ ရွာဖြစ်ပြီး ရွာသားတွေဟာ ယာယီတဲတွေနဲ့ ဖြစ်သလို နေထိုင်နေရပါတယ်။
စစ်ကောင်စီတပ်က အရပ်သားတွေရဲ့ နေအိမ်တွေကို မီးရှို့တယ်ဆိုတဲ့ ပြောဆိုချက်တွေ အပေါ် စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းပါတယ်။
“ကျနော်တို့အနေနဲ့ ရွာတွေကို ဝင်ရောက်ခြင်းမရှိဘူး၊ အဓိကကတော့ ရွာတွေနားမှာ ရှိနေတဲ့ သူတို့စခန်းချ ထားတဲ့ နေရာတွေ၊ သူတို့လက်နက်ထုတ်လုပ်နေတဲ့နေရာတွေကို လုံခြုံရေးအရ အဓိကဆောင်ရွက်တာ ဖြစ်တယ်။ အဲ့ဒီနေရာမှာ PDF တွေအနေနဲ့ သူတို့ ရဲ့ အကျင့်အတိုင်းပါပဲ အချို့ပြည်သူ့စစ် ဖွဲ့စည်းတယ်ဆိုတဲ့ ရွာတွေ သတင်းရတာနဲ့ လူအင်အားစုပြီးတော့ တိုက်ခိုက်တာတွေရှိတယ်။ ဆုတ်သွားရင် မီးရှို့တာတွေရှိတယ်။ သူတို့မီးရှို့ပြီး ဆုတ်သွားတဲ့နောက်ပိုင်းဆိုရင် တပ်က မီးရှို့သယောင် သတင်းလွှင့်တာ မျိုးတွေရှိတယ်"
စစ်ကောင်စီဘက်က အခုလိုပြောဆိုချက်တွေကို ဒေသခံတွေနဲ့ ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက လက်မခံကြပါဘူး။
စစ်ကောင်စီတပ်ရဲ့ လုပ်ရပ်တွေကို ရင်နာနာနဲ့ ထိုင်ကြည့်နေရတယ်လို့ မင်းကင်းမြို့နယ် တောင်တွင်းဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဗိုလ်မိုးယံက ပြောပါတယ်။
“စစ်ကောင်စီရဲ့ လုပ်ရပ်တွေက လူစိတ်မရှိတော့ဘူး၊ PDF တွေကို လိုက်တိုက်တယ်။ နိုင်အောင်မတိုက်နိုင်ရင် တွေ့ရာကြုံရာ ဘယ်သူ့အိမ်ဖြစ်ဖြစ် အကုန်မီးရှို့တာပဲ၊ တောင် တွင်း ချောင်ထဲ လမ်းဘေးရှိသမျှ၊ အိမ်တွေ၊ ဆိုင်တွေဆို မရှိသလောက်ဖြစ်ကုန်ပြီ၊ ကလေးဝနဲ့ ယာကြီးလမ်းပေါ့၊ ဒါတွေက မလုပ်သင့်ဘူး၊ ရင်နာနာနဲ့ ကြည့်နေရတာ"
စစ်ကိုင်းတိုင်းအတွင်းက နေအိမ်တွေ ဆုံးရှုံးခဲ့ကြရတဲ့ ဒေသခံတွေဟာ ကျန်းမာရေးနဲ့ စားဝတ်နေရေး မပြေလည်တာအပြင် အခုမိုးရာသီကိုဖြတ်သန်းဖို့ အမိုးအကာအကူ အညီတွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။
ပုလဲမြို့နယ် ဒေါင်းနက် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဦးပေက သူတို့အနေနဲ့ တဲအိမ်တွေ အတွက် တတ်နိုင်သလောက် ကူညီပေးနေပေမယ့် လိုအပ်ချက်တွေများနေဆဲဖြစ်တယ်လို့ ပြောပါတယ်။
“တိုင်တွေ၊ ဝါးတွေ ၊ ဝါးခြမ်းတွေ အားလုံးပေါင်းရင် ပိုက်ဆံ ခြောက်သောင်းက လူနေတဲ တစ်လုံးရတယ်။ ရွာတွေက ဘာမှမဆောက်ရသေးတဲ့အိမ်တွေကို အလှူခံပေးတယ်။ အခုက ထန်းလက်တစ်ချပ်ကို ၁၅၀ ဖြစ်သွားတယ်။ မီးလောင်တဲ့ အိမ်တွေကများတော့ ထန်းလက်စျေးတက်တယ်။ စိုက်ပျိုးချိန်ဆိုတော့ ချိုင်ရတာခက်တယ်။ အဲ့ဒါကြောင့် ထန်းလက်တစ်ချပ် ၁၅၀ လောက်ရသွားတာ"
နေအိမ်တွေ မီးလောင်ဆုံးရှုံးခဲ့သူ ထောင်ချီရှိနေပေမယ့် သူတို့အဖွဲ့အနေနဲ့ တဲအိမ် ၂၃ လုံး စာအတွက်ပဲ လှူဒါန်းနိုင်သေးတယ်လို့ ဆိုပါတယ်။
သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data for Myanmar အဖွဲ့ရဲ့ စာရင်းတွေအရ စစ်ကိုင်းတိုင်း အတွင်း ပြီးခဲ့တဲ့ ၂၀၂၁ ဇွန်လက ယင်းမာပင်မြို့နယ်မှာ နေအိမ် ရှစ်လုံး စတင် မီးရှို့ခံခဲ့ရာ ကနေ ပြီးခဲ့တဲ့ ဧပြီတစ်လတည်းမှာ မီးရှို့ခံရတဲ့ အိမ်ပေါင်း ၂၅၁၂ လုံးအထိ ရှိခဲ့ပါတယ်။ နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ဒေသခံတွေကတော့ လက်ရှိအချိန်အထိ နေအိမ်တွေ ပြန်မဆောက်နိုင် ကြသေးဘဲ နီးစပ်ရာ တောတောင်တွေထဲမှာ ယာယီတဲတွေနဲ့ ဖြစ်သလို နေထိုင်နေကြရဆဲ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မြန်မာ့မဟာဗျူဟာနဲ့ မူဝါဒလေ့လာရေး အင်စတီကျု (ISP-Myanmar) ရဲ့ ဧပြီလ ၂၇ ရက်နေ့ ထုတ်ပြန်ချက်အရ စစ်တပ်အာဏာသိမ်းချိန်ကနေ ပြီးခဲ့တဲ့ ဧပြီလ ၂၅ ရက်နေ့အထိ နိုင်ငံတစ်ဝန်းမှာ စစ်ဘေးဒုက္ခသည် ရှစ်သိန်း ကျော် ရှိနေပြီး အဲဒီအထဲက စစ်ကိုင်းတိုင်းဟာ ဒုက္ခသည် နှစ်သိန်းလေးသောင်းကျော်နဲ့ ဒုက္ခသည်အများဆုံးရှိနေတဲ့ဒေသဖြစ်ပါတယ်။