ဆိပ်ဖြူမြို့နယ် ပိုင်းရွာသူ မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရကြောင်း ခင်ပွန်းပြော

2022.08.22
ဆိပ်ဖြူမြို့နယ် ပိုင်းရွာသူ မုဒိမ်းကျင့်သတ်ဖြတ်ခံခဲ့ရကြောင်း ခင်ပွန်းပြော စစ်သားတွေ မုဒိန်းကျင့် သတ်ဖြတ်သွားသည့် ဆိပ်ဖြူမြို့နယ်၊ ပိုင်းရွာမှ မနှင်းဝေကို မြင်ရစဥ်
Photo: Citizen Journalist

မကွေးတိုင်း ဆိပ်ဖြူမြို့နယ်၊ ပိုင်းရွာက အသက် ၃၇ နှစ်အရွယ် မနှင်းဝေဟာ ခင်ပွန်းနဲ့ အတူ ဇူလိုင် ၉ ရက်နေ့ ညနေပိုင်းက သူတို့နေထိုင်တဲ့ ယာတဲကနေ ရွာထဲက အိမ်မှာ မွေးမြူထားတဲ့ ဝက်တွေကို အစာကျွေးဖို့ အသွားမှာ ဖမ်းဆီးခံခဲ့ရပါတယ်။ ရွာမြောက်ဘက် အဝင်ဝနားမှာ ကင်းပုန်းဝပ်နေတဲ့ စစ်သားတွေက သူတို့ကို အဝေးကနေ သေနတ်နဲ့ လှမ်းပစ်ချိန်မှာ ခင်ပွန်းဖြစ်သူက ထွက်ပြေး လွတ်မြောက်ခဲ့ပေမယ့် မနှင်းဝေကတော့ ဖမ်းဆီးခံခဲ့ရတာလို့ ခင်ပွန်းဖြစ်သူ ကိုနိုင်ဝင်းက ပြောပါတယ်။

ဇူလိုင် ၁၀ ရက်နေ့မှာတော့ အဓမ္မပြုကျင့်ပြီး သတ်ဖြတ်ခံထားရတဲ့ မနှင်းဝေရဲ့ ရုပ် အလောင်းကို ရွာထဲမှာ ပြန်တွေ့ခဲ့ကြရတယ်လို့ မနှင်းဝေရဲ့ ခင်ပွန်း ကိုနိုင်ဝင်းက RFA ကို ပြောပါတယ်။

"ကျနော့် မိန်းမရဲ့ ခန္ဓာကိုယ်ပေါ်မှာ အင်္ကျီလက်ရှည် ပါတယ်။ အဲ့ဒီမှာ ကျနော် အလောင်းတွေ့ထားတဲ့ အချိန်ကျတော့ ကျနော့်မိန်းမ အင်္ကျီလက်ရှည်က မပါတော့ဘူး။ လုံချည်ကျွတ် ဘာကျွတ်နဲ့။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့ကသေပြီးမှ လာချထားတဲ့ ပုံစံက မုဒိမ်းကျင့်ပြီးမှ သတ်ထားတာပဲ။ အဲ့ပုံစံပဲ ရာနှုန်းပြည့် ပြောနိုင်တယ်။ မကျေ နပ်လို့ မိသွားခဲ့လို့ ပစ်သတ်ချင်လို့ ရှိရင် ဆန်ခါပေါက်ဖြစ်အောင် ပစ်သတ်သွားတောင် ကျနော် ခံသာပါတယ်။ အခုက လူမဆန်တဲ့ အပြုအမူလုပ်သွားတာကို ကျနော်က အဲ့ဒါကို ရင်ထုမနာ ခံစားရတာ"

မနှင်းဝေရဲ့ ရုပ်အလောင်းမှာ လည်ပင်းကို စစ်ဖိနပ်တွေနဲ့ ဖိနင်းထားတာတွေအပြင် လက်တွေကို လိမ်ချိုးထားပြီး လည်ပင်းမှာ ထိုးသွင်းဒဏ်ရာ တစ်ချက်ပါ တွေ့ရတယ်လို့ ဆိုပါတယ်။

မနှင်းဝေနဲ့အတူ လွယ်အိတ်ထဲမှာပါသွားတဲ့ မိသားစုဝင်တွေရဲ့ နိုင်ငံသားမှတ်ပုံတင် လေးကတ်၊ အိမ်ထောင်စု စာရင်းနဲ့ စာချုပ်စာတမ်းတွေကိုပါ မီးရှို့ခံထားရတယ်လို့လည်း ပြောပါတယ်။

အဲဒီစစ်ကြောင်းဟာ ဇူလိုင် ၉ ရက် နေ့လယ်ပိုင်းလောက်က ပိုင်းရွာကိုရောက်ရှိလာ ခဲ့တာဖြစ်ပြီး ရွာမှာ ညအိပ် စခန်းချပြီးနောက် ဇူလိုင် ၁၀ ရက် နေ့လယ်လောက်မှာ ပြန်ထွက်သွားကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

အဲဒီစစ်ကြောင်းပြန်မထွက်ခင် မနက် ၁၀ နာရီလောက်မှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေက ရွာအပေါ်ကနေ ဒရုန်းနဲ့ ထောက်လှမ်းကြည့်ရာမှာ မနှင်းဝေရဲ့ ရုပ်အလောင်း ဘေးမှာ စစ်သားသုံးယောက်ကို တွေ့ခဲ့ကြရတယ်လို့ ဆိပ်ဖြူ PDF တပ်ရင်း - ၇၁၂ က သတင်းနဲ့ ပြန်ကြားရေး တာဝန်ခံ ကိုဘုန်းလူ က ပြောပါတယ်။

"စစ်ကောင်စီက ရွာထဲကို ဝင်နေတဲ့ အချိန်ဆိုတော့ ကျနော်တို့က ရွာနားကို ကပ်မရ ဘူးဗျ။ ရွာနားကို ကပ်မရတော့ ဒရုန်းနဲ့ အဲ့ကောင်တွေ ရှိသေးလား၊ မရှိသေးလား ဝဲကြည့်တဲ့အချိန်မှာ မနှင်းဝေအလောင်းနားမှာ စစ်ကောင်စီက စစ်သားသုံးယောက်ကို တွေ့ရတယ်။ ကျနော်တို့ကတော့ မုဒိမ်းကျင့်ပြီးမှ သတ်သွားတယ်လို့ ယူဆရတယ်။ ဘာလို့လဲဆိုတော့ လက်တွေကို လိမ်ချိုးထားတယ်။ ပြီးလို့ရှိရင် ခြေကားယား လက် ကားယား ပုံစံတွေ ဆိုတော့။ အဲ့ဒါနဲ့ ရွာကနေ ဒါကတော့ မုဒိမ်းကျင့်တဲ့ အနေအထား ဖြစ်နိုင်တယ်ဆိုပြီး မိန်းမကိုယ်တွေ ဘာတွေကို ကြည့်တော့ အဲ့လို လက္ခဏာတွေ တွေ့ရတယ်လို့ ပြောတယ်"

စစ်ကောင်စီတပ်သားတွေ ပြန်ထွက်သွားချိန်မှာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့တွေ၊ PDF တွေက မနှင်းဝေရဲ့ ရုပ်အလောင်းကို ကနဦး တွေ့ရှိခဲ့ကြတာပါ။ အဲဒီရုပ်အလောင်းရဲ့ အနီးဝန်းကျင်မှာတော့ ပခုက္ကူမြို့အခြေစိုက် တပ်မ (၁၀၁) တံဆိပ်တစ်ခု တွေ့ရှိခဲ့ရသလို ရွာထဲမှာ ဖျက်ဆီးခံထားရတဲ့နေအိမ်တစ်လုံးကနေ ရေတပ်ဦးထုပ်တစ်လုံး၊ တပ်ကြပ်ကြီး တစ်ဦးရဲ့ ဓာတ်ပုံနဲ့ မှတ်ပုံတင်တစ်ခု ကျကျန်ခဲ့တာကို သိမ်းဆည်းရမိခဲ့ တယ်လို့ ဆိုပါတယ်။

အဲဒီနေ့က ရွာထဲကို ဝင်ရောက်လာတဲ့ စစ်ကြောင်းမှာ တပ်မ (၁၀၁)၊ ကပစ (၂၁) နဲ့ ရေတပ်သားအချို့ ပါဝင်တယ် လို့ PDF တပ်ဖွဲ့ဝင်တွေက ပြောပါတယ်။

အဲဒီစစ်ကြောင်း ပြန်ထွက်သွားပြီးနောက်ပိုင်းမှာ အင်အား ၃၀၀ ကျော်လောက်ရှိတဲ့ နောက်ထပ် စစ်ကြောင်း နှစ်ခုဟာ ပိုင်းရွာအပါအဝင် ရှားလှနဲ့ ဝန်ကြီးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်လာရာကနေ ဇူလိုင်လ ၂၀ ရက်နေ့ အထိ PDF အဖွဲ့တွေနဲ့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့တယ်လို့လည်း ပြောပါတယ်။

မနှင်းဝေတို့ ဇနီးမောင်နှံဟာ သာမန် အရပ်သားတွေ ဖြစ်ပြီး PDF တပ်ဖွဲ့ဝင်တွေနဲ့ မပတ်သက်ဘူးလို့လည်း ဒေသခံ ကျေးရွာသားတွေက ပြောပါတယ်။

"မနှင်းဝေအလောင်းနားမှာ စစ်ကောင်စီက စစ်သားသုံးယောက်ကို တွေ့ရတယ်"

အပြစ်မဲ့တဲ့ ကျေးရွာသူတစ်ဦး အခုလို အကြမ်းဖက်သတ်ဖြတ်ခံရတဲ့ဖြစ်ရပ်အပေါ် ယူကျုံးမရဖြစ်ရကြောင်း ပိုင်းရွာက အသက် ၇၀ အရွယ် အမျိုးသမီးတစ်ဦးက ပြောပါတယ်။

"အဒေါ်ကြီးတို့၊ အစ်မကြီးတို့ အနေနဲ့ကတော့ ဘာပြောနိုင်မှာတုန်း။ မကျေနပ်တာလေး တစ်ခုပေါ့ အဒေါ်ကြီးတို့မှာတော့။ ဒီလောက် ဖျင်းဖျင်းရိုးရိုးလေးကံမကောင်းလို့ ဖြစ် ချေတာ အသည်းနာတာပေါ့။ ကျုပ်တို့မှာတော့ ယူကျုံးမရ ဖြစ်ရတာပေါ့"

ပိုင်းရွာသူ မနှင်းဝေ မုဒိမ်းကျင့်သတ်ဖြတ်ခံရတယ်ဆိုတဲ့ ပြောဆိုချက်တွေအပေါ် RFA အနေနဲ့ သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။

ဒီကိစ္စနဲ့ ပတ်သက်လို့ မကွေးတိုင်း စစ်ကောင်စီပြောခွင့်ရသူ လူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့် ကို RFA က ဒီနေ့ ဖုန်းနဲ့ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးနောက် တရားဥပဒေ စိုးမိုးမှုမရှိတော့ တာကြောင့် အမျိုးသမီးတွေရဲ့ ဘဝဟာ လုံခြုံမှုကင်းမဲ့နေတယ်လို့ အမျိုးသား ညီညွတ်ရေး အစိုးရ၊ အမျိုးသမီး၊ လူငယ်နဲ့ ကလေး သူငယ်ရေးရာဝန်ကြီးဌာနက အမျိုးသမီးနဲ့ ဂျန်ဒါရေးရာဌာနမှူး ဒေါ်သန္တာက ပြောပါတယ်။

"ကျမတို့ တိုက်ပွဲဖြစ်တဲ့ ဒေသတွေကတော့ ဒါသေချာတယ် အသတ်ခံရမယ်။ နောက် မုဒိမ်းကျင့်ခံရမယ်။ မုဒိမ်းကျင့်ပြီး အသတ်ခံရမယ်။ ဒါမျိုးတွေက လွယ်လွယ်လေးပဲ၊ ရှင်းရှင်းလေးပဲ။ မြင်သာထင်သာရှိတယ်။ မြို့ပေါ်မှာလည်း ကျမတို့ မလုံခြုံဘူးလို့ ပြောလို့ရတာပဲ။ မိန်းကလေးတွေကို ဖုန်းတွေ ယူစစ်တယ်။ အဲ့ဖုန်း တွေ ယူစစ်ရင်း အဲ့က ရတဲ့ ဖုန်းနံပါတ်တွေနဲ့ ညဘက်တွေမှာ မဖွယ်မရာ စကားတွေ ပြောဆိုဆက် သွယ်တယ်။ ဒါမျိုးတွေကြောင့် မြို့ပြလည်း လုံခြုံမူ ရှိမနေဘူး။ ဒါက စစ်တပ်အာဏာ သိမ်းပြီး ဖြစ်လာတဲ့ အခြေအနေတွေပါ"

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ပိုင်းကျေးရွာအဝင်ကို မြင်ရစဥ် (Photo: CJ)
မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ပိုင်းကျေးရွာအဝင်ကို မြင်ရစဥ် (Photo: CJ)

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်းမှာ အမျိုးသမီးတွေအပေါ် စစ်တပ်က ကျူးလွန် ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု ၂၅ ကြိမ်အထိ ရှိခဲ့တယ်လို့လည်း ပြောပါတယ်။

အခု မကွေးတိုင်း ဆိပ်ဖြူမြို့နယ် ပိုင်းရွာသူ မနှင်းဝေ ဖြစ်ရပ်ကို မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်တဲ့ စုံစမ်း စစ်ဆေးမှု ယန္တရား (IIMM) ကို တင်ပြထားပြီး နောက်ပိုင်း ပြည်တွင်း မှာ ပြည်သူ့တရားစီရင်ရေးစနစ် ဖော်ဆောင်နိုင်တဲ့အခါ တရားမျှတမှု ရရှိဖို့၊ တရားစွဲဆို အပြစ်ပေးနိုင်ဖို့ အချက်အလက်တွေ စုဆောင်းထားတယ်လို့ ဒေါ်သန္တာက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၁ ရက်နေ့က ချင်းပြည်နယ် မြောက်ပိုင်း တီးတိန် မြို့နယ် အာလွယ် (Aklui) ကျေးရွာမှာ အသက် ၂၇ နှစ်အရွယ် ကလေးမီးဖွားပြီးကာစ မိခင်တစ်ဦးကို စစ်ကောင်စီတပ်သား သုံးယောက်က အဲ့ဒီနေ့ ညပိုင်းမှာ အဓမ္မ ပြုကျင့်ခဲ့တဲ့ ဖြစ်စဉ် ရှိခဲ့ပါတယ်။

အဲဒီအမျိုးသမီးရဲ့ ခင်ပွန်းကို စစ်သားသုံးယောက်က သေနတ်နဲ့တေ့ပြီး ခင်ပွန်းဖြစ်သူ ရှေ့မှာပဲ အဓမ္မပြုကျင့်ခဲ့တာ ဖြစ်ပါတယ်။

ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က မေးမြန်းစဉ်က ဟုတ်၊ မဟုတ် စုံစမ်းနေဆဲ ဖြစ်ပြီး မှန်ခဲ့တယ်ဆိုရင် စစ်ဘက်ဥပဒေအရရော၊ နယ်ဘက်ဥပဒေအရပါ အရေးယူသွားမယ်လို့ ပြောဆိုခဲ့ဖူးပါတယ်။ ဒါပေမဲ့ အခု အချိန် ၁၀ လကြာလာတဲ့အထိ စစ်ကောင်စီဘက်က စုံစမ်းစစ်ဆေး အရေးယူမှုတွေ လုပ်ဆောင်နေ တယ်ဆိုတာ မတွေ့ရသေးပါဘူး။

ဒီလို ဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်သူတွေကို အရေးယူနိုင်ဖို့ နိုင်ငံတကာက ဝိုင်းဝန်းလုပ်ဆောင်ပေးဖို့ လိုအပ်တယ်လို့ မြန်မာနိုင်ငံ အမျိုးသမီး ရေးရာ အဖွဲ့ချုပ်၊ တွဲဖက်အထွေထွေအတွင်းရေးမှူး မလွေးပိုးငယ်က ပြောပါတယ်။

"နိုင်ငံတကာကလည်း လျစ်လျူရှုတာမျိုး မဟုတ်ဘဲနဲ့ အရေးယူဖို့ လုပ်သင့်သလို ဒီအမျိုးသမီးတွေကို ကျူးလွန်နေတဲ့ စစ်တပ်က ကျူးလွန်ခွင့်ကို လွတ်ငြိမ်းချမ်သာ ခွင့်က အခုအချိန်အထိ ရနေတယ်။ သူ့အပေါ် အရေးယူမှုတွေက တစ်ခါမှ ကျမတို့ နိုင်ငံမှာ မရှိခဲ့ဘူး။ အဲ့ဒါကြောင့်မို့လို့ မြန်မာနိုင်ငံရဲ့ ပြည်တွင်းဥပဒေနဲ့ သိပ်အရေးယူလို့ မရနိုင်ဘူးဆိုရင် နိုင်ငံတကာ ဥပဒေနဲ့ အရေးယူနိုင်ဖို့ လုပ်ရလိမ့်မယ်။ နိုင်ငံတကာ တွေလည်း ဝိုင်းဝန်းလုပ်ဆောင်သင့်တယ်လို့ ကျမကတော့ ပြောချင်ပါတယ်"

စစ်တပ်က အမျိုးသမီးတွေကို ဗျူဟာကျကျ စစ်လက်နက်တစ်ခု အဖြစ် ဒီနေ့အထိ အသုံးပြုနေပြီး ဒါတွေဟာ လူသားမဆန်တဲ့ စစ်ရာဇဝတ်မှုတွေ ဖြစ်တာကြောင့် နိုင်ငံတကာ ဥပဒေတွေကို ချိုးဖောက်နေတာလို့လည်း ပြောပါတယ်။

လက်ရှိ မြန်မာနိုင်ငံအနှံ့မှာ ဖြစ်ပွားနေတဲ့ စစ်မက်ကြောင့် အမျိုးသမီးတွေဟာ မလုံခြုံမှုနဲ့ ဥပဒေအရ အကာအကွယ် မရမှုတွေကို ရင်ဆိုင်နေကြရတယ်လို့လည်း အမျိုးသမီးအခွင့် အရေးလှုပ်ရှားသူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။