မဏိပူရ်က ပြစ်ဒဏ်ကျခံပြီးသား မြန်မာနိုင်ငံသားတွေ ပြန်လွှတ်ပေးဖို့ မိသားစု၀င်တွေ မျှော်လင့်

RFA Burmese
2024.05.09
မဏိပူရ်က ပြစ်ဒဏ်ကျခံပြီးသား မြန်မာနိုင်ငံသားတွေ ပြန်လွှတ်ပေးဖို့ မိသားစု၀င်တွေ မျှော်လင့် ချင်းပြည်နယ်၊ ရိဒ်ခေါဒါရ်နှင့် အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ် ဆက်သွယ်ထားသည့် ရိဒ်- ဇိုခေါ်ထာရ် ဂိတ်တံတားအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံကနေ အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ်မှာ ရွှေ့ပြောင်းအလုပ်လုပ်ကိုင်တဲ့ အလုပ်သမား ၇၇ ဦးဟာ အိန္ဒိယအာဏာပိုင်တွေက လူ၀င်မှုကြီးကြပ်ရေးဥပ‌ဒေနဲ့  ၂၀၂၁ ခုနှစ် မတ်လမှာ ဖမ်းဆီးခံခဲ့ရပါတယ်။

သူတို့ကို ချမှတ်လိုက်တဲ့ ထောင်ဒဏ် ငါးလနဲ့ ငွေဒဏ် ရူပီး တစ်ထောင်ကို ပြစ်ဒဏ်ကျခံပြီးဖြစ်ပေမယ့် သုံးနှစ်နီးပါးအထိ အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံခဲ့ရပါတယ်။

"ဘယ်တော့လွတ်မယ်လို့ မသိဘူး၊ တစ်ပတ်၊ နှစ်ပတ်ကြာရင် လွတ်မယ်လို့ ပြောကြတယ်"

ပြီးခဲ့တဲ့ မတ်လ ၈ ရက်နေ့မှာ အဲဒီ ရွှေ့ပြောင်းအလုပ်သမား ၇၇ ဦးထဲက ပထမသုတ်အနေနဲ့ ရင်ခွင်ပိုက်ကလေး အပါအ၀င် ကလေးငယ် ကိုးဦးနဲ့ အမျိုးသမီး ၂၉ ဦး၊ စုစုပေါင်း ၃၈ ဦးကို မြန်မာနိုင်ငံကို ပြန်လွှဲပေးဖို့ အင်ဖာအကျဉ်းထောင်ကနေ အိန္ဒိယ-မြန်မာနယ်စပ် မိုးရေးမြို့ကို ပို့ပေးခဲ့ပါတယ်။

သူတို့ဟာ အသက် ၂၀ ကျော်ကနေ ၄၀ ဝန်းကျင်ရှိတဲ့သူတွေဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက်က ချက်ချင်းလက်မခံခဲ့တာကြောင့် မိုးရေးမြို့ထဲက စစ်တပ်စခန်းတစ်ခုမှာ မြန်မာနိုင်ငံသား ၃၈ ဦးဟာ နှစ်လနီးပါးအထိ ဆက်ထိန်းသိမ်းခံခဲ့ရပြီး မေလ ၂ ရက်နေ့မှာတော့ မြန်မာနိုင်ငံဘက်က လွှဲပြောင်းလက်ခံခဲ့ပါတယ်။

၇၇ ဦးထဲက လက်ရှိ အကျဉ်းထောင်ထဲ ကျန်ရှိနေတဲ့ မြန်မာရွှေ့ပြောင်းအလုပ်သမား ၃၉ ဦးကို ပြန်လွှတ်ပေးဖို့ မျှော်လင့်နေတယ်လို့ မိသားစု‌၀င်တွေက RFA ကို ပြောပါတယ်။

ပြန်လွတ်မလာသေးသူတွေထဲမှာ မဏိပူရ်ပြည်နယ်ထဲမှာ ဆယ်နှစ်ကျော်ကြာအထိ ရက်ကန်းအလုပ် လုပ်ကိုင်နေတဲ့ ကိုအောင်ကျော်စိုးရဲ့ အမျိုးသမီးနဲ့ ခုနစ်နှစ်အရွယ် သမီးဖြစ်သူလည်း ပါ၀င်နေတာကြောင့် ပြန်လွတ်‌ဖို့ မျှော်လင့်နေတယ်လို့ ကိုအောင်ကျော်စိုးက ပြောပါတယ်။

"ကျွန်တော် မိသားစုထဲက မပါသေးဘူး။ ကျွန်တော်သမီးနဲ့ ကျွန်တော်မိန်းမရှိပါတယ်။ အဲဘက်မှာ ၁၀ နှစ်၊ ၁၁ နှစ်လောက်ရှိပြီ၊ ရက်ကန်းခတ်နေတာပေါ့။ အလည်ပြန်လာတာတော့ရှိတယ်။ နောက်တစ်သုတ် ပြန်လွတ်မယ့်ထဲမှာ ပါတယ်ထင်တယ်။ ဘယ်တော့လွတ်မယ်လို့ မသိဘူး၊ တစ်ပတ်၊ နှစ်ပတ်ကြာရင် လွတ်မယ်လို့ ပြောကြတယ်"

ပြန်လည်လွတ်မြောက်လာသူတွေဟာ စစ်တပ်အာဏာမသိမ်းခင်ကတည်းက မဏိပူရ်ပြည်ထဲကို ‌ရွှေ့ပြောင်းလုပ်ကိုင်တဲ့ ရက်ကန်းအလုပ်သမားတွေဖြစ်တယ်လို့ အကူအညီပေးနေသူတွေက ပြောပါတယ်။

မဏိပူရ်အကျဉ်းထောင်ထဲမှာ မြန်မာနိုင်ငံအတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်လာရတဲ့ မြန်မာစစ်ဘေးဒုက္ခသည် ၆၃ ဦးလည်း လူ၀င်မှုကြီးကြပ်ရေးဥပဒေနဲ့ အဖမ်းခံထားရပါတယ်။

ဖမ်းဆီးခံထားရတဲ့ မြန်မာစစ်ဘေးဒုက္ခသည်ကို ပြန်လွှတ်တဲ့အခါ စစ်ကောင်စီကို လွှဲ‌ပြောင်းပေးခဲ့ရင် အန္တရာယ်ရှိနိုင်တယ်လို့ လုံခြုံရေးအရ အ‌မည်မဖော်လိုတဲ့ ဗမာပြည်ဒုက္ခသည်များကော်မတီ ကဘော်ချိုင့်ဝှမ်းဒေသ (BRCK)ရဲ့ တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

"အခုလက်ရှိလွှတ်နေတဲ့ လူတွေက ရက်ကန်းလုပ်သားတွေဖြစ်တယ်။ အရင်ပို့ပေးတာ ၃၈ ယောက်ကို လွှဲလိုက်တာဖြစ်တယ်။ အဲဒီဟာက စကစဘက်က လက်ခံတယ်။ အခုနောက်ပိုင်း စစ်ဘေးရှောင်တဲ့ လူတွေကျတော့ စကစ လက်ထဲအပ်မယ်ဆိုရင် အန္တရာယ်ရှိတယ်။ ကျွန်တော်တို့ ကိုယ်တိုင်ကလည်း ဒါကိုမလွှဲပေးဖို့ရန်အတွက် လိုအပ်တဲ့ ဝန်ကြီးဌာနတွေအထိ ချိတ်ဆက်ဆောင်ရွက်နေတယ်"

အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ထိန်းသိမ်းရေးစင်တာတွင် ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီးတချို့အား လုံခြုံရေးကားများနှင့် လေဆိပ်ပို့ဆောင်နေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။  (N.Biren Singh/Twitter)
အိန္ဒိယနိုင်ငံ မဏိပူရ်ပြည်နယ် ထိန်းသိမ်းရေးစင်တာတွင် ဖမ်းဆီးခံထားရသည့် မြန်မာအမျိုးသမီးတချို့အား လုံခြုံရေးကားများနှင့် လေဆိပ်ပို့ဆောင်နေသည်ကို ၂၀၂၄ ခုနှစ် မတ်လ ၈ ရက်နေ့က တွေ့ရစဉ်။ (N.Biren Singh/Twitter)

အိန္ဒိယအစိုးရဟာ ဒီမိုကရေစီ နိုင်ငံတစ်နိုင်ငံအနေနဲ့ အိမ်နီးချင်းကောင်းပီသစွာ မြန်မာနိုင်ငံသားတွေကို ကူညီစောင့်ရှောက်ဖို့လိုတယ်လို့ India For Myanmar တည်ထောင်သူ ဆလိုင်းဒိုခါရ် က RFA ကို ပြောပါတယ်။

"အိန္ဒိယ အစိုးရအနေနဲ့ ကျွန်တော်တို့ မြန်မာနိုင်ငံသားတွေကို ဖမ်းပြီးတော့မှ ပြန်ပို့မယ့်ဟာမျိုးက ဒီမိုကရေစီနိုင်ငံဖြစ်တဲ့အခါကျတော့ တော်တော်လေး လက်လွတ်စပယ်လုပ်တဲ့ လုပ်ရပ်လို့‌မြင်ပါတယ်။ ဒီမြန်မာနိုင်ငံသားတွေကို UN ခိုလှုံခွင့်ပေးဖို့ ဒါမှမဟုတ် အိန္ဒိယနိုင်ငံအတွင်းမှာပဲ နေရာတစ်ခု သတ်မှတ်ပြီးတော့မှ စနစ်တကျနဲ့ ကူညီစောင့်ရှောက်ပေးဖို့ သူတို့မှာ တာဝန်ရှိတယ်လို့ပဲ ကျွန်တော်မြင်ပါတယ်"

ဒါနဲ့ပတ်သက်ပြီးတော့ အိန္ဒိယနိုင်ငံ နယူးဒေလီမြို့မှာရှိတဲ့ မြန်မာသံရုံးနဲ့ ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး UNHCR တို့ကို မေလ ၆ ရက်နေ့မှာ RFA သတင်းဌာနက အီးမေးလ်ပို့ မေးမြန်းထားပေမယ့် တုံ့ပြန်ချက်မရသေးပါဘူး။

မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေကြောင့် အိန္ဒိယနိုင်ငံ၊ မဏိပူရ်ပြည်နယ်ထဲ ထွက်ပြေးလာတဲ့ စစ်ဘေးဒုက္ခသည် စုစုပေါင်း တစ်ထောင်ဝန်းကျင်ခန့်ရှိနေပြီး မီဇိုရမ်ပြည်နယ်ထဲမှာ မြန်မာစစ်ဘေးဒုက္ခသည် စုစုပေါင်း ခြောက်သောင်းကျော်ရှိတယ်လို့ ချင်းအရပ်ဘက်အဖွဲ့အစည်းတွေနဲ့ အကူအညီပေးနေတဲ့သူတွေက ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။