အပေးအယူလုပ်ဖို့ မြန်မာစစ်တပ် စိတ်မဝင်စား

စစ်တပ်မှာ ထောင်နဲ့ချီတဲ့ စစ်သည်အင်အားနဲ့ ရုရှားက ထောက်ပံ့ထားတဲ့ လက်နက်အင်အား ရှိပေမယ့် အာဏာရယူနိုင်စွမ်းမရှိဘဲ ဖြစ်နေပါတယ်။ ဒါဟာမြန်မာပြည်သူတွေအတွက် အားတက်ဖွယ်ရာဖြစ်ကြောင်းလည်း သတင်းမှာဖော်ပြပါတယ်။

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်အား ၂၀၂၁ ခုနှစ် မတ် ၂၇ ရက်နေ့က ကျင်းပသော ၇၆ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနားတွင် တွေ့ရစဉ်။ Photo: Reuters

မြန်မာနိုင်ငံမှာ ၁၉၆၂ ခှနှစ်က စပြီး စစ်တပ်က တိုက်ရိုက်ရော သွယ်ဝိုက်ပြီးတော့ပါ အုပ်ချုပ်ခဲ့ပေမယ့် အတိုက်အခံတိုင်းရင်းသားလူမျိုးစုတွေနဲ့ နှစ်ပေါင်းများစွာ စစ်ရေးပဋိပက္ခတွေ ပေါ်ပေါက်ခဲ့ ပေါ်ပေါက်နေဆဲဖြစ်ပါတယ်။ အခုဆိုရင် ပြည်တွင်းပဋိပက္ခဟာ နှစ်ပေါင်း သုံးဆယ် ကျော်ခဲ့ပါပြီ။

ပြီခဲ့တဲ့နှစ် ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ်ရဲ့နောက်ဆုံးအကြိမ် အာဏာသိမ်းခဲ့အပြီး တစ်နှစ်ခွဲကာလအတွင်း နိုင်ငံဟာ စစ်တပ်ရဲ့ အဆုံးစွန် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေနဲ့အတူ နိုင်ငံ့စီးပွားရေး၊ ပြည်သူ့ကျန်းမာရေး၊ လူငယ်မျိုးဆက်တွေရဲ့ပညာရေး စတဲ့ ကဏ္ဍ အသီးသီး ဗုန်းဗုန်းလဲခဲ့ရပြီး ဒုက္ခသည်ပြဿနာနဲ့လည်း ရင်ဆိုင်နေရပါတယ်။

ဒါပေမဲ့ အာဏာသိမ်းစစ်ကောင်စီကတော့ အစုလိုက်အပုံလိုက်သတ်ဖြတ်တာတွေ၊ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် ထောင်နဲ့ချီ ဖမ်းဆီး အကျဉ်းချတာတွေကို ကမ္ဘာသိ လုပ်ဆောင်ခဲ့တဲ့အပြင် မကြာသေးခင်ကပဲ ရှေ့နေဟောင်းတစ်ဦး အပါအဝင် ဒီမိုကရေစီရေးတက်ကြွလှုပ်ရှားသူ လေးဦးကို ကွပ်မျက်စီရင်ခဲ့ပါတယ်။

အဲဒီလို စီရင်တာတွေအပေါ် နိုင်ငံတကာအသိုင်းအဝန်းက ပြစ်တင် ရှုတ်ချဝေဖန်ခဲ့ကြပြီး၊ အရှေ့တောင်အာရှနိုင်ငံတွေက ပြစ်ဒဏ်လျှော့ပေါ့ဖို့ တောင်းဆိုခဲ့ကြပေမယ့် စစ်ကောင်စီကတော့ ပြည်တွင်းမှာ မြေလှန်စနစ်ကိုသာ သုံးစွဲခဲ့ပါတယ်။ ဒါဟာ စစ်ကောင်စီအနေနဲ့ အိမ်နီးချင်းနဲ့ ဒေသတွင်းနိုင်ငံတွေရဲ့သဘောထားအမြင်တွေကို အလေးမထားဘဲ လုပ်စရာရှိတာလုပ်မယ် ဆိုတဲ့သဘောကို ပြသလိုက်တာဖြစ်ပြီး မြန်မာပြည်သူတွေကလည်း စစ်တပ်ဟာ အပေးအယူ အလျှော့အတင်းလုပ်ဖို့ စိတ်မဝင်စားဘူးဆိုတာကို သိရှိနေပြီး ဖြစ်ကြောင်းလည်း Japan Times သတင်းစာက ဖော်ပြပါတယ်။

မြန်မာ့အရေးကျွမ်းကျင်သူ David Scot Mathieson ကလည်း ပြီးခဲ့တဲ့နှစ် အာဏာသိမ်းအပြီး စစ်ရေးပဋိပက္ခတွေဟာ အခုအခါ မြို့ပြတွေဆီ ပျံ့နှံ့သွားပြီး၊ အရင်ကပဋိပက္ခနည်းပါးခဲ့တဲ့ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းဒေသတွေမှာပါ တိုက်ပွဲတွေ ပေါ်ပေါက်လာခဲ့ကြောင်း ပြောဆိုပါတယ်။ စစ်တပ်မှာ ထောင်နဲ့ချီတဲ့ စစ်သည်အင်အားနဲ့ ရုရှားက ထောက်ပံ့ထားတဲ့ လက်နက်အင်အား ရှိပေမယ့် အာဏာရယူနိုင်စွမ်းမရှိဘဲ ဖြစ်နေပါတယ်။ ဒါဟာမြန်မာပြည်သူတွေအတွက် အားတက်ဖွယ်ရာဖြစ်ကြောင်းလည်း သတင်းမှာဖော်ပြပါတယ်။

ဒါ့ပြင် စစ်ကောင်စီတပ်ဟာ ပြည်သူ့ခုခံရေးတပ်ဖွဲ့ PDF တွေ အပေါ် လျှော့တွက်ထားပုံလည်းရပါတယ်။ နိုင်ငံမှာ စစ်တပ်အာဏာသိမ်းအပြီး အနုပညာရှင်တွေအပါအဝင် လူငယ်လူလတ် အများအပြား PDF အဖွဲ့ဝင်တွေ အဖြစ် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီ သွားရောက်ပူးပေါင်းခဲ့ကြပါတယ်။ အဲဒီအဖွဲ့တွေဟာ စစ်ကောင်စီတပ်တွေ ထင်မြင်ယူဆထားတာထက် တိုက်ပွဲတွေမှာ ပိုမိုထိထိရောက်ရောက် စွမ်းဆောင်နိုင်ခဲ့ကြပြီး စစ်တပ်ယာဉ်တန်းတွေ၊ စစ်တပ်အခြေစိုက်စခန်းတွေကို တိုက်ခိုက်နိုင်၊ အနှောင့်အယှက်ပေးနိုင်ခဲ့ကြ ပါတယ်။

အလားတူ နိုင်ငံနေရာအနှံ့က စစ်တပ်အရာရှိတွေနဲ့ သူတို့ရဲ့ အခြေစိုက် စခန်းတွေအပေါ် ပြောက်ကျားနည်းနဲ့ တိုက်ခိုက်ခဲ့ကြတာဟာလည်း စစ်တပ်အတွက် အကြောက်တရားဒဏ်ခံရတဲ့အပြင် စစ်တပ်ရဲ့အမိန့်ပေး အမိန့်ခံစနစ်ကိုလည်း ထိခိုက်စေပါတယ်။

စစ်တပ်ကလည်း PDF တပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအပေါ် နေရာအနှံ့ ဗုံးကြဲတာ၊ မြို့တွေ ရွာတွေ မီးရှို့တာ စတဲ့ အကြမ်းဖက်လုပ်ရပ်တွေနဲ့ ပြန်လည်တုံ့ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီနည်းလမ်းတွေဟာ မထိရောက်ဘဲ ဒေသခံပြည်သူတွေအနေနဲ့ စစ်တပ်ကို ပိုမိုဆန့်ကျင်ပြီး PDF နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေဆီကိုသာ ပူးပေါင်းခဲ့ကြပါတယ်။

ဒီအတွင်း နှစ်ပေါင်းများစွာ ပြည်သူနဲ့ကင်းကွာနေအောင် စီစဉ်ခံထားရတဲ့ စစ်တပ်မှာ၊အခုအခါ ရာထူး အဆင့် အမျိုးမျိုးက တပ်ပြေးအရေအတွက် ပိုမိုများပြားလာနေကြောင်း Japan Times သတင်းက ဖော်ပြပါတယ်။ ထိရောက်တဲ့ လူမှုသတင်းမီဒီယာကြောင့်စစ်တပ်ရဲ့အခြေအနေကို ရိပ်စားမိလာတဲ့ အောက်ခြေအဆင့်တပ်သားတွေ PDF တပ်ဖွဲ့ဆီ လာရောက်ပူးပေါင်းခဲ့ကြတာတွေ စစ်တပ်ကနေ တပ်ပြေးအဖြစ် စွန့်ခွာခဲ့ကြတာတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

Cobra စစ်ကြောင်းက တပ်ဖွဲ့ဝင်တစ်ဦးကို ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင် ဇူလိုင်လ ၃၁ ရက်နေ့က တွေ့ရစဉ်။ (Photo: Cobra Column)

တကယ်တော့ မြန်မာစစ်တပ်ဟာ တပ်သားသစ်၊ အရာရှိသစ်တွေ စုဆောင်းရရှိဖို့ ခက်ခဲလာနေပါတယ်။ ဒါဟာ မြန်မာ့တပ်မတော်မှာ စိတ်ဓာတ်ရေးမှာ ကျဆင်းလာနေတာကို ပြသနေပြီး တပ်သားအရေအတွက်လည်း ခန့်မှန်းတာထက် ပိုမိုလျော့နည်းလာနေကြောင်း လေ့လာသူတွေက ဆိုပါတယ်။ စစ်တပ်မှာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ကျဆင်းလာလေ တစ်ဖက်လက်နက်ကိုင်အဖွဲ့တွေရဲ့ တိုက်ခိုက်မှုတွေ အောင်မြင်လာလေ ဖြစ်ပါတယ်။

ဒီအတွင်း အဝေးရောက်အမျိုးသားညိညွတ်ရေးအစိုးရ NUG ရဲ့ သံရုံးကို၊ သြစတြေးလျနိုင်ငံ ကင်ဘာရာမြို့မှာ ဖွင့်လှစ်ခွင့်ရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org