မြန်မာ့တပ်မတော် စွမ်းရည် ကမ္ဘာ့အဆင့် နှစ်ဆင့် လျော့ကျ

ကမ္ဘာ့နိုင်ငံအသီးသီးက တပ်မတော်တွေရဲ့ ကာကွယ်ရေးဆိုင်ရာစွမ်းရည်တွေကို လေ့လာနေတဲ့ Global Firepower (GFP)ရဲ့ ၂၀၁၉ ခုနှစ်အတွက် နှစ်ပတ်လည်အစီရင်ခံစာအရ ကမ္ဘာ့နိုင်ငံပေါင်း ၁၃၇ နိုင်ငံထဲမှာ မြန်မာ့တပ်မတော်က မနှစ်ကထက် နှစ်ဆင့်လျော့ကျပြီး အဆင့် ၃၇ ရှိတယ်လို့ ဖော်ပြထားပါတယ်။

(၇၄)နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား Photo: ASSOCIATED PRESS

Global Firepower(GFP) အဖွဲ့အနေနဲ့ နိုင်ငံတိုင်းရဲ့ တပ်မတော်တွေမှာ ပိုင်ဆိုင်ထားတဲ့ ကြည်း၊ ရေ၊ လေတပ်ဖွဲ့တွေရဲ့ ပစ်ခတ်နိုင်မှု စွမ်းရည်တွေ၊ ပိုင်ဆိုင်တဲ့စစ်လက်နက်ပစ္စည်းတွေရဲ့ စွမ်းရည်တွေ၊ လူ့စွမ်းအားအရင်းအမြစ်တွေအပေါ် အခြေခံပြီး လေ့လာကောက်ယူထားတာဖြစ်ပါတယ်။

ဒီစာရင်းအရ မြန်မာနိုင်ငံက အဆင့် ၃၇ ဖြစ်ပြီး အိမ်နီးချင်း ထိုင်းနိုင်ငံက အဆင့် ၂၆ နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံကတော့ အဆင့် ၄၅ ရှိတယ်လို့ ဖော်ပြထားပါတယ်။

ဒါဟာ ၂၀၁၈ ခုနှစ်က အဆင့်သတ်မှတ်ချက် ၃၅ မှာရှိနေတဲ့ မြန်မာနိုင်ငံအတွက် အဆင့်နှစ်ဆင့် လျော့ကျသွားတာပါ။

"ဒါကတော့ ထည့်သွင်းတွက်ချက်တဲ့အဖွဲ့အစည်းရဲ့ဖော်မြူလာပေါ်မှာလည်း မူတည်တယ်ပေါ့နော်၊ ဒီလိုမျိုး နှစ်ဆင့်ကျသွားတဲ့အတွက်ကြောင့် တပ်မတော်ရဲ့တစ်စုံတစ်ရာသော စွမ်းရည်တိုက်ခိုက်ရေးစွမ်းရည် နိမ့်သွားတာမျိုးမဟုတ်ဘူး၊ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ တစ်ခြားသတင်းအရင်းအမြစ်တွေကလည်း အားလုံးသိနေတဲ့အတိုင်းပဲပေါ့နော်၊ နှစ်အလိုက်နှစ်အလိုက် ကျွန်တော်တို့ ဒါက တပ်မတော်ကို ခေတ်မီတပ်မတော်အနေနဲ့ တိုးချဲ့တည်ဆောက်နေတဲ့အပိုင်းတွေလည်း ကျွန်တော်တို့မြင်နေရတာပဲလေ၊ ဆိုတော့ ကျွန်တော်တို့က နိုင်ငံတစ်နိုင်ငံရဲ့ စစ်အင်အားကိုကြည့်မယ်ဆိုရင် ဒီလိုအဖွဲ့အစည်းတစ်ခုတည်းရဲ့ လုပ်တာကိုပဲကြည့်ဖို့မသင့်ဘူး၊ နောက်တစ်ခြားအဖွဲ့အစည်းတွေရဲ့ သတ်မှတ်ချက်တွေကိုလည်း ကြည့်ပြီးတော့မှ၊ အကုန်လုံးယေဘုယျကြည့်လို့ပဲရမယ်၊ နိုင်ငံတစ်နိုင်ငံရဲ့ကာကွယ်ရေးစွမ်းရည်ကို အတိအကျမသိနိုင်တဲ့ အနေအထားမျိုးမှာတော့ ယေဘုယျအားဖြင့်ပဲ မှန်ကန်နိုင်မယ်လို့ သုံးသပ်လို့ရမယ်ပေါ့၊တိတိကျကျတော့ ထွက်လာမှာတော့မဟုတ်ဘူး၊ အဲဒီအတွက် ဒါက ဒီလိုနှစ်ဆင့်ကျတယ်ဆိုတာကတော့ ကျွန်တော်တို့ကပေါ့နော် သိပ်ပြီးတော့မှ ကျွန်တော်မြင်တာကတော့ စိုးရိမ်စရာအကြောင်းမရှိဘူးလို့ပဲမြင်ပါတယ်။"

စစ်မှုထမ်းဟောင်းတစ်ယောက်လည်းဖြစ် စစ်ရေးနဲ့ နိုင်ငံရေးလေ့လာမှုတွေ လုပ်နေတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအင်စတီကျူက အမှုဆောင်ဒါရိုက်တာ ဒေါက်တာနိုင်ဆွေဦး ပြောသွားတာပါ။

Global Firepower(GFP) အဖွဲ့အနေနဲ့ နည်းပညာအချက်အလက်တွေ၊ လက်နက်အမျိုးအစား ကွဲပြားမှုတွေ၊ နိုင်ငံတွင်းမှာ စစ်မှုထမ်းဆောင်နိုင်တဲ့ အသက်အရွယ်မှာ ရောက်နေတဲ့ လူဦးရေ၊ ဘဏ္ဍာရေးတည်ငြိမ်မှု၊ ကျန်းမာရေးအခြေအနေစတဲ့ အချက်ပေါင်း ၅၅ ချက်ခန့်အပေါ်မှာ မူတည်ပြီးတွက်ချက်တာဖြစ်လို့ အခုလိုအဆင့်ကျသွားတာဖြစ်နိုင်တယ်လို့ ဒေါက်တာနိုင်ဆွေဦး ကဆိုပါတယ်။

ဘယ်လိုအချက်တွေကိုအခြေခံပြီး ပြုစုလည်းမသိတဲ့အတွက် မှတ်ချက်မပေးလိုဘဲ တပ်မတော်ကတော့ ခေတ်မီတပ်မတော်ဖြစ်အောင် စိတ်ပိုင်းရော ရုပ်ပိုင်းရော ပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်နေတယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

"ကျွန်တော်တို့ရဲ့ပြုပြင်ပြောင်းလဲမှုမှာတော့ ကျွန်တော်တို့စံချိန်စံညွန်းနဲ့ပဲ ကျွန်တော်တို့ ပြုပြင်ပြောင်းလဲနေတာတွေရှိပါတယ်၊ သူတို့ဆီက သူတို့ရဲ့ဘယ်လိုစံနှုန်းတွေနဲ့ ဘယ်လိုဆုံးဖြတ်တယ်ဆိုတာတော့ ခြေခြေမြစ်မြစ်မသိတဲ့အတွက် ကျွန်တော်တို့အနေနဲ့တော့ မှတ်ချက်ပေးရန်မရှိပါဘူး၊ ကျွန်တော်ပြောနိုင်တာတစ်ခုပဲရှိပါတယ်၊ တပ်မတော်အနေနဲ့ကတော့ ခေတ်မီတပ်မတော်ဖြစ်ရေးအတွက် ရုပ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေ စိတ်ပိုင်းဆိုင်ရာပြုပြင်ပြောင်းလဲမှုတွေ ဆောင်ရွက်လျက်ရှိပါတယ်၊ ခေတ်မီတပ်မတော်ဖြစ်ရေးဆိုတာမှာကတော့ ကျွန်တော်တို့ နှစ်ပိုင်းရှိပါတယ်၊ တိုက်စွမ်းရည်နဲ့ တိုက်စွမ်းအားပေါ့၊ ခုနကပြောတဲ့ စစ်လက်နက်ပစ္စည်းကိရိယာတွေ၊ ပြုပြင်ပြောင်းလဲရမှာရှိသလို ကျွန်တော်တို့လူနဲ့ပတ်သက်ပြီးလည်း ပြောင်းလဲရမှာရှိတယ်၊ လေ့ကျင့်ရေးပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရမှာတွေလည်း ဒါတွေကိုကျွန်တော်တို့ ဆောင်ရွက်လျက်ရှိပါတယ်၊ စည်းမျဉ်းစည်းကမ်း ဥပဒေ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုဆိုတဲ့နေရာမှာတော့ အရင်တုန်းက တပ်နဲ့ပတ်သက်လာလို့ရှိရင် နိုင်ငံတကာပေါ့ ကျွန်တော်တို့လိုက်နာရမယ့် စည်းမျဉ်းစည်းကမ်းတွေရှိတယ်၊ ဒါတွေနဲ့ပတ်သက်ပြီးလည်း ကျွန်တော်တို့သည် တပ်မတော်သင်တန်းကျောင်းတွေမှာ မသင်မနေရ ဥပဒေဘာသာရပ်အနေနဲ့ သင်ကြားပို့ချပေးခြင်းတွေကို ဆောင်ရွက်လျက်ရှိတယ်"

ဒါ့အပြင် ခေတ်မီတပ်မတော်ဖြစ်ဖို့ နိုင်ငံတကာနဲ့ချုပ်ဆိုထားတဲ့ စာချုပ်တွေထဲက လိုက်နာရမယ့် ဥပဒေပါအချက်အလက်တွေကို တပ်တော်အဆင့်တိုင်းမှာ သင်ကြားပေးနေတယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဆိုပါတယ်။

အရှေ့တောင်အာရှနိုင်ငံတွေထဲမှာတော့  အင်ဒိုနီးရှားနိုင်ငံ၊ ဗီယက်နမ်နိုင်ငံနဲ့ ထိုင်းနိုင်ငံပြီးရင် မြန်မာနိုင်ငံက စတုတ္တနေရာမှာရှိနေပါတယ်။

မြန်မာ့တပ်မတော်ရဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ စစ်သည်အင်အားဟာ လေးသိန်းနဲ့ ခြောက်ထောင်ရှိပြီး မြေပြင်တိုက်ခိုက်ရေး ကြည်းတပ်တွေမှာ တိုက်ပွဲဝင်နိုင်တဲ့ တင့်ကားအရေအတွက် ၄၃၄ စီး၊ ဘီးပါတဲ့တိုက်ခိုက်ရေးယာဉ် အစီး ၁၃၀၀၊ လက်နက်ကြီး ၁၀၈ ခု၊ ဟာဝိတ်ဇာ အမြောက်ကြီး ၁၅၈၂ ခုနဲ့ ရော့ကတ်ဒုံးကျည် ၁၁၄ ခုပိုင်ဆိုင်ထားထားတယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ရေတပ်ပိုင်ဆိုင်မှုအနေနဲ့ တိုက်ခိုက်ရေးသင်္ဘောစုစုပေါင်း ၁၅၅ စီးရှိပြီး အဲဒီအထဲမှာ ဖရီးဂိတ်သင်္ဘော ငါးစီးနဲ့ ကင်းလှည့်ရေယာဉ် ၆၅ စီးပါဝင်တယ်လို့ဆိုပါတယ်။

ဒါပေမဲ့ မြန်မာ့တပ်မတော်က မကြာသေးခင်ကမှ India ရေတပ်ကနေ အရစ်ကျနဲ့ ထပ်မံဝယ်ယူလိုက်တဲ့  နှစ် ၅၀ သက်တမ်းရှိ ရုရှားနိုင်ငံထုတ် Kilo Class အမည်ရ ရေငုပ်သင်္ဘောရဲ့ စာရင်းတော့ ဒီအစီရင်ခံစာထဲမှာ မပါဝင်ပါဘူး။

ဒါ့အပြင် ဝေဟင်တိုက်ခိုက်ရေး လေတပ်အင်အားမှာလည်း လေယာဉ်အစီးပေါင်း ၂၇၆ စီးရှိပြီး အဲ့ဒီအထဲမှာ ခေတ်မီလက်နက်တွေတပ်ဆင်ထားတဲ့ အဆင့်မြင့် တိုက်ခိုက်ရေးလေယာဉ် အစီး ၈၀ ၊ တိုက်ခိုက်ရေး ဂျက်လေယာဉ် ၅၉ စီး၊ ဆက်သွယ်ရေးနဲ့ ထောက်ပံ့ပို့ဆောင်ရေးလေယာဉ် ၂၅ စီး၊  လေ့ကျင့်ရေးလေယာဉ် အစီး ၈၀ နဲ့ တိုက်ခိုက်ရေးရဟတ်ယာဉ် ကိုးစီးအပါအဝင် ဟယ်လီကော်ပရာ အစီး ၈၀ ထိ ပိုင်ဆိုင်ထားတယ်လို့ ဖော်ပြထားပါတယ်။

ဒီအစီရင်ခံစာနဲ့ပတ်သက်ပြီး စစ်ရေးနဲ့ နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်က အခုလိုသုံးသပ်ပြောဆိုပါတယ်။

"ကျွန်တော်ကတော့ဗျာ အခုရက်ပိုင်းအတွင်းမှာ ဗမာပြည်ကနေပြီးတော့ ရုရှားတို့၊ အိန္ဒိယတို့ သွားပြီးတော့ လက်နက်တွေဝယ်လာတဲ့အခါကြတော့ အရင်ထက်တောင်အဆင့်က တိုးလာမလားလို့ထင်တာ အခုကလျော့ကျသွားတယ်ဆိုတော့ နည်းနည်းဘာပြောရမှန်းမသိဘူးဖြစ်နေတယ်၊ အိန္ဒိယဆီကနေပြီးတော့ ကျွန်တော်တို့က ရေငုပ်သင်္ဘောဝယ်မယ်ဆိုပြီး သတင်းတွေကလည်းထွက်တော့ကိုး၊ ထားပါတော့ ဒီကိစ္စနဲ့ပတ်သက်လို့ ကျွန်တော့်အနေနဲ့ အကဲဖြတ်ချက်ပေးဖို့အတွက် ကျွန်တော့မှာ အချက်အလက်မရှိဘူးလို့ပဲ ပြောပါရစေ"

ပြည်ထောင်စုလွှတ်တော်အနေနဲ့ ၂၀၁၈-၁၉ ဘဏ္ဍာနှစ်အတွက် ကာကွယ်ရေးအသုံးစရိတ်ကို ယခင်ဘဏ္ဍာနှစ်ထက် ကျပ်ငွေ ၅၀ ဘီလျံကျော်ပိုမိုပြီး ကျပ်ငွေ ၃၂၅၀ ဘီလျံထိခွင့်ပြုပေးဖို့ ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်မြင့်နွယ်က ဇူလိုင် ၂၂ ရက်မှာ လွှတ်တော်ကိုတင်ပြထားပါတယ်။

Global Firepower(GFP) အဖွဲ့ရဲ့ အစီရင်ခံစာမှာတော့ မြန်မာ့တပ်တော်အနေနဲ့ ကာကွယ်ရေးဆိုင်ရာဘတ်ဂျက်အသုံးပြုငွေ အမေရိကန်ဒေါ်လာ ၂.၄ ဘီလျံအထိ ရှိပေမယ့် ကြွေးမြီပေါင်းက အမေရိကန်ဒေါ်လာ ၆.၅ ဘီလျံရှိနေတယ်လို့ ဖော်ပြထားပါတယ်။

Global Firepower(GFP) အဖွဲ့ရဲ့ ဒီနှစ်ထုတ်ပြန်တဲ့အစီရင်ခံစာအရ နိုင်ငံပေါင်း ၁၃၇ နိုင်ငံမှာ အမေရိကန်တပ်မတော်က အဆင့် ၁၊ ရုရှားကအဆင့် ၂ ၊ တရုတ်နိုင်ငံကအဆင့် ၃ နဲ့ အိန္ဒိယကအဆင့် ၄ ဖြစ်ပါတယ်။

(RFA သတင်းထောက် ကိုသန့်ဇင်ဦး တင်ပြသည်။)

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org