ရုရှားမျက်နှာသာပေးခံနေရတဲ့ မြန်မာစစ်တပ်
2021.08.30
၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်က အာဏာသိမ်းလိုက်တဲ့ မြန်မာ စစ်တပ်နဲ့ စစ်ရေးဆက်ဆံရေး အထူးကောင်းမွန်တဲ့ ရုရှားနိုင်ငံဟာ မြန်မာနဲ့ ၁၉၄၈ ခု ဖေဖော်ဝါရီမှာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး စတင်ခဲ့ပါတယ်။ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုက ရှစ်လေးလုံး အရေးတော်ပုံကြီးအပြီး ၁၉၉၀ ပြည့်နှစ်က အစပျိုးလာပေမယ့် ၂၀၀၀ ပြည့်နှစ်လွန်ပိုင်းတွေမှာ ပိုလို့ အရှိန်မြင့်လာပါတယ်။
၂၀၁၀ က ၂၀၂၀ အထိ ဆယ်နှစ်အတွင်း မြန်မာစစ်တပ်ဟာ ရုရှား တိုက်လေယာဉ်တွေ၊ သယ်ယူပို့ဆောင်ရေး လေယာဉ်တွေ၊ ဒုံးခွင်းယာဉ်တွေ၊ ဝေဟင်ပစ် ဒုံးကျည်တွေနဲ့ တာဝေးပစ် ဒုံးကျည်တွေကို တောက်လျှောက် ဝယ်ယူပါတယ်။
ဒီနှစ် သြဂုတ် ၂၂ ရက်က ၂၈ ရက်ထိ Army 2021 လက်နက်ပြပွဲနဲ့ International Army Games ပြိုင်ပွဲ ကျင်းပနေချိန်မှာ သြဂုတ် ၂၆ ရက်ထုတ် ရုရှား Politic Magazine မှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ မေးမြန်းခန်းကို တိုက်တိုက်ဆိုင်ဆိုင် ဖော်ပြပါတယ်။
ရုရှားလက်နက်ပြပွဲကို စစ်ကောင်စီ ကြည်း၊ ရေ၊ လေ ညှိနှိုင်းကွပ်ကဲရေးမှုူး ဗိုလ်ချုပ်ကြီး မောင်မောင်အေး တက်ရောက်ချိန်ဟာ မြန်မာစစ်တပ်က ရိုဟင်ဂျာတွေကို သတ်ဖြတ်တဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေး စတင်တဲ့ ဩဂုတ် ၂၅ ရက် လေးနှစ်ပြည့်နဲ့လည်း တိုက်ဆိုင်နေပါတယ်။
ရုရှားကာကွယ်ရေးဝန်ကြီးဌာနှက ကမကထလုပ်တာဖြစ်ပြီး လက်နက်ရောင်းချမှုနဲ့ စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်မှုကို အားပေးမြှင့်တင်တဲ့ International Military and Technical Forum, ARMY 2021 စစ်ရေးပြပွဲမှာ နိုင်ငံတကာစစ်ရေးနဲ့ နည်းပညာရပ်ဆိုင်ရာ ဆွေးနွေးပွဲ လည်းပါဝင်ပါတယ်။ Artificial Intelligence ဆိုတဲ့ စစ်ဘက်သုံး ဉာဏ်ရည်တု နည်းပညာလည်း ပြသတယ်လို့ Justice for Myanmar က ပြောပါတယ်။
လက်နက်ပြပွဲအတွင်းမှာပဲ မြန်မာစစ်တပ်နဲ့ စစ်ရေးအရ ပိုမိုပူးပေါင်းဆောင်ရွက်မယ်လို့ ရုရှား ကာကွယ်ရေး ဒု-ဝန်ကြီး Alexander Fomin ဖမြူးက ဗိုလ်ချုပ်ကြီး မောင်မောင်အေးကို ပြောပါတယ်။
မြန်မာနိုင်ငံဟာ အာရှ-ပစိဖိတ်ဒေသနဲ့ အရှေ့တောင်အာရှက ရုရှားနိုင်ငံအတွက် မဟာဗျူဟာကျ ယုံကြည် စိတ်ချရတဲ့ မိတ်ဖက်နိုင်ငံ ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။ ဒါနဲ့ ဆက်စပ်လို့ အရင့်အရင်က ရုရှား-မြန်မာ ဆက်ဆံရေးကို ပြန်ကြည့်ရင် ရှစ်လေးလုံး အရေးတော်ပုံ စတင်ဖို့ မြစ်ဖျားခံတဲ့ ဖုန်းမော်အရေးအခင်းက အဓိကကျတဲ့ ဖုန်းမော်တက်ရောက်ပညာသင်ကြားခဲ့တဲ့ ရန်ကုန်စက်မှုတက္ကသိုလ်ဟာ ရုရှား-မြန်မာ ချစ်ကြည်ရေးအဖြစ် တည်ဆောက်ထားတဲ့ တက္ကသိုလ်ဖြစ်ပါတယ်။
ဒါတင်မက တစ်ခေတ်တစ်ခါက ခေတ်အမီဆုံးလို့ ပြောစမှတ်ပြုတဲ့ ရန်ကုန် အင်းလျားလိတ် ဟိုတယ်အပြင် တောင်ကြီး စဝ်စံထွန်းဆေးရုံ၊ ကြက်မောက်တောင်ဆည် စတာတွေဟာ ရုရှား ဆောက်လုပ်ရေးဆိုင်ရာ လက်ရာတွေပဲ ဖြစ်ပါတယ်။
ဝန်ကြီးချုပ် ဦးနု လက်ထက်မှာရော၊ ဗိုလ်ချုပ် နေဝင်း လက်ထက်မှာပါ အဲဒီတုန်းက ဆိုဗီယက်ပြည်ထောင်စု ဟောင်း ရုရှားနဲ့ ဆက်ဆံရေး ကောင်းမွန်ပြီး ရုရှားနိုင်ငံကိုလည်း သွားရောက်ခဲ့ပါတယ်။ ဒါပေမဲ့ စစ်ရေးအရ ဆက်ဆံရေး မရှိသလောက် ဖြစ်ပါတယ်။
ခု စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုူးကြီး မင်းအောင်လှိုင် အာဏာသိမ်းပြီးနောက် ဇွန်လမှာ ရုရှားနိုင်ငံ ရောက်ရှိချိန်အတွင်း စစ်လက်နက်ပစ္စည်း ထုတ်လုပ်ရောင်းချရေးဆိုင်ရာ ပုဂ္ဂိုလ်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဒီမတိုင်ခင် ၂၀၀၁ ကတည်းက မြန်မာစစ်တပ်ကို ရုရှားက MiG-29 ဂျက်တိုက်လေယာဉ် လေးစင်း ရောင်းချပြီး ဖြစ်ပါတယ်။ အဲဒီနောက် ၂၀၀၂ မှာ ၁၀ စင်းထပ်ဝယ်ပြီး ၂၀၀၆ မှာဆို ရုရှား MiG လေယာဉ် ကော်ပိုရေးရှင်းရုံး ရန်ကုန်မှာ ဖွင့်လှစ်တဲ့အထိ စစ်ဘက်ဆက်ဆံရေး တိုးတက်လာပါတယ်။
ရှစ်လေးလုံးအပြီး စစ်အစိုးရအဆက်ဆက် စစ်ရေးနိုင်ငံရေးအရ တရုတ်နိုင်ငံကို အားထားပေမယ့် ရုရှားနဲ့လည်း ဆက်ဆံရေး ကောင်းပါတယ်။
အရှိန်ကောင်းလာတဲ့ ရုရှား-မြန်မာ စစ်ရေးဆက်ဆံရေးနဲ့ ပတ်သက်ပြီး စစ်တပ်အရာရှိဟောင်းတွေ စုစည်း တည်ထောင်ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ ကျွန်တော်တို့က တရုတ်ကိုပဲ အမြဲတမ်း မှီခိုရတော့မလား။ ကမ္ဘာ့နိုင်ငံရေးက ပြောင်းလာတဲ့အချိန်မှာ ကျွန်တော်တို့က တစ်နိုင်ငံတည်းကိုပဲ နေရာတကာမှာ မှီခိုနေဖို့ တစ်နိုင်ငံတည်းကိုပဲ မဟာမိတ်ပြုဆက်ဆံဖို့က ဘယ်လိုမှ မဖြစ်နိုင်ဘူး။ အင်အားကြီးတဲ့ နိုင်ငံတွေနဲ့ မိတ်ဖက်ဖြစ်ခြင်းအားဖြင့် ကိုယ့်နိုင်ငံအတွက် ထိုက်သင့်တဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်တယ်။ အဲဒါကြောင့်မို့ စစ်လက်နက်ဆိုင်ရာ နည်းပညာမှာ အခုချိန်အထိ သာနေဆဲဖြစ်တဲ့ ရုရှားကို စစ်ရေးဆိုင်ရာ မဟာမိတ်အဖြစ် အသိအမှတ်ပြုတာပေါ့လို့ ပြောပါတယ်။
ရုရှားဟာ ခု ကျင်းပ ပြီးစီးသွားတဲ့ Army 2021 international military-technical ၂၀၂၁ နိုင်ငံတကာ လက်နက်နဲ့ စစ်ရေးနည်းပညာပြပွဲမှာ တရုတ်၊ အိန္ဒိယ၊ Uzbekistan နဲ့ တခြားနိုင်ငံတွေနဲ့ သဘောတူညီချက် လက်မှတ်တွေရေးထိုးတဲ့အကြောင်း ရုရှား စစ်ရေးနည်းပညာ ပူးပေါင်းဆောင်ရွက်ရေး ညွှန်ကြားရေးမှူးက ပြောတယ်လို့ အစိုးရအာဘော် တာ့စ် သတင်းဌာနက ဒီလ ၂၅ ရက်မှာ ပြောပါတယ်။
ဒေါ်လာ သန်းနှစ်ထောင်ဖိုး လက်မှတ်ရေးထိုးတဲ့အကြောင်း၊ တောင်တရုတ်ပင်လယ် ရေပိုင်နက်ကိစ္စ အငြင်းပွားနေတဲ့ တရုတ်နိုင်ငံနဲ့ ပင်လယ်ရေကြောင်းဆိုင်ရာ လက်နက် သဘောတူညီချက်၊ ကက်ရှ်မီယား ဒေသနဲ့ ပတ်သက်ပြီး ပါကစ္စတန်နဲ့ နယ်စပ်ပြဿနာ ဖြစ်ပွားနေတဲ့ အိန္ဒိယနဲ့ ကြည်း လက်နက်ပစ္စည်း ကိရိယာဆိုင်ရာ သဘောတူညီချက်နဲ့ မြန်မာ Armenia, Uzbekistan နဲ့ Belarus နိုင်ငံတွေနဲ့လည်း သဘောတူညီချက် လက်မှတ်ရေးထိုးတဲ့ အကြောင်း ပြောပါတယ်။
မြန်မာစစ်တပ်ကို လေကြောင်းရန် ကာကွယ်ရေးစနစ် လက်နက်တွေ အချိန်မှီပို့ပေးမယ်လို့လည်း ပြောပါတယ်။
ဒီလို ခေတ်မီလက်နက်တွေ ဘယ်လောက်ရှိရှိ မြန်မာစစ်တပ်ဟာ တိုက်ခိုက်ရေး စွမ်းရည်ကျဆင်းနေတယ်လို့ သုံးသပ်သူတွေရှိပြီး ဒါကို တရုတ်နိုင်ငံမှာ နေထိုင်နေတဲ့ နိုင်ငံရေးလေ့လာသူ ဒေါက်တာ လှကျော်ဇော ကလည်း ပြောပါတယ်။ အနှစ် ၂၀ ကျော် ငြိမ်းချမ်းရေးယူထားပြီး စစ်တပ်က စီးပွားရေးဘက် အားသန်တဲ့ အတွက် တိုက်ခိုက်ရေးစွမ်းရည်က ၁၉၅၈-၆၂ တို့က စစ်တပ်နဲ့ မတူဘဲ ပျက်သွားတယ်လို့ ပြောပါတယ်။
အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်သူတွေက ရိုးရာသုံး တူမီးအပါအဝင် ရရာလက်နက်နဲ့ ခုခံတော်လှန်နေချိန် မှာ မြန်မာစစ်တပ်ဟာ ခေတ်မီလက်နက်နဲ့ စစ်ရေးနည်းပညာ ရသမျှယူပြီး စစ်အင်အားတောင့်တင်းနိုင်သမျှ တောင့်တင်းအောင် အစွမ်းကုန်ကြိုးစားနေတယ်လို့ လေ့လာသူတွေက သုံးသပ်ပါတယ်။