မလေးရှားရောက် မြန်မာနိုင်ငံသားတွေ အခက်အခဲ
2023.04.07

ထိုင်းနိုင်ငံရောက် မြန်မာအလုပ်သမားတွေက တစ်လကို ထိုင်းဘတ်ငွေ အများဆုံး ၁၃ဝဝဝ လောက်ရနေချိန်မှာ မလေးရှားရောက် မြန်မာတွေကတော့ တစ်လကို ရင်းဂစ် နှစ်ထောင်လောက်အထိ ရနေကြတဲ့အတွက် ယေဘုယျအားဖြင့် မလေးရှားကိုရောက်ရင် ပိုကောင်းတယ်လို့ ပြောကြပါတယ်။
ဒါပေမဲ့လည်း တရားမဝင်ရောက်ရှိလာသူတွေအတွက် ဖမ်းဆီးခံရနိုင်တဲ့အန္တရာယ်ကတော့ မလေးရှားမှာ ပိုများတယ်လို့ မြန်မာတွေက RFA ကိုပြောပါတယ်။
ကွာလာလမ်ပူမြို့က ဆောက်လုပ်ရေးလုပ်ငန်းတစ်ခုမှာ ဝင်ရောက်လုပ်ကိုင်နေတဲ့ ကိုဟိန်းဇော်လင်းကို မကြာခင်လပိုင်းအတွင်းက တွေ့ဆုံခဲ့ရာမှာ မြန်မာပြည်ထက် အများကြီး ပိုအဆင်ပြေပါတယ်လို့ ပြောပါတယ်။
“ကျွန်တော်က အရင်က ရန်ကုန်မှာ အလုပ်လုပ်တယ်။ ဂျပန်စက်ရုံမှာ။ အာဏာသိမ်းတော့ ဂျပန်တွေက ထွက်သွားတော့ ကျွန်တော်လည်း အလုပ်မရှိတော့ အဆင်မပြေတော့ ဒီကိုလာလိုက်တာ။ ဒီမှာကတော့ အလုပ်အကိုင်အားလုံး အဆင်ပြေပါတယ်။ မြန်မာပြည်မှာ ဆောက်လုပ်ရေးဆိုတော့ ဒီမှာလည်း ဆောက်လုပ်ရေးပဲပေါ့။ ဆောက်လုပ်ရေးက ကျွမ်းကျွမ်းကျင်ကျင် လုပ်တတ်ပါတယ်။ မြန်မာပြည်မှာကျတော့ တံတားတွေ လုပ်တယ်။ ဝရိန်ဆော်တယ်။ ဒီမှာတစ်နေ့ကို ရင်းဂစ် တစ်ရာ ရတယ်။ ကုန်ကျစရိတ်ကတော့ ဒီမှာတော့ စရိတ်ငြိမ်းပေးထားတာပေါ့။ တစ်လကို ဆယ့်သုံးသိန်းလောက် ပို့လို့ရတာပေါ့။ မိသားစုရှိတယ်။ မိန်းမပို့တယ်။ မိဘကတော့ တစ်လ တစ်သိန်းလောက်ထောက်ပံ့နိုင်တယ်။”
သူတို့ရဲ့အလုပ်ရှင်ကတော့ ဦးအောင် ဆိုသူပါ။ မလေးရှားစကားကို ကောင်းကောင်းပြောတတ်သလို ကွာလာလမ်ပူမှာ အနေကြာပြီဖြစ်လို့ အဆက်အသွယ်လည်း အတော်များပါတယ်။ သူ့ဆီရောက်လာတဲ့ မြန်မာ အလုပ်သမားတွေကို သူများထက်ပိုပေးထားပါတယ်လို့ သူကပြောပါတယ်။
“ကျွန်တော် တစ်နေ့ကို ရင်းဂစ် တစ်ရာပေးထားတယ်။ ထမင်းကျွေးတယ်။ နေတာကတော့ လုပ်ငန်းထဲမှာ နေတယ်။ ဒီကနေ့ပြီးတော့ နောက်လုပ်ငန်းတစ်ခုကို ပြောင်းမယ်ဆိုလည်း လုပ်ငန်းထဲမှာပဲ နေရာထိုင်ခင်း ဖန်တီးပေးရတာပေါ့။”
မလေးရှားရောက် မြန်မာအလုပ်သမားအများစုက တစ်နေ့ကို ရင်းဂစ် ၅ဝ လောက်ပဲရပေမယ့် ကိုယ့်နိုင်ငံသားတွေကို တတ်နိုင်သမျှ စောင့်ရှောက်ရမှာဟာ ကျွန်တော့်တာဝန်ပဲလို့လည်း ဦးအောင်က ပြောပါတယ်။
“မြန်မာပြည်မှာ သိပ်ခက်ခဲလို့ ဒီကိုထွက်လာတာ ဖြစ်တယ်။ ဒီဘက်မှာ အင်ဒိုနီးရှားတွေကို သုံးတဲ့အခါမှာလည်း ဒီလောက်ပေးရတာပဲ။ ကလေးတွေကြည့်တော့ လုပ်လည်းလုပ်နိုင်တယ်။ ဒါကြောင့် ရင်းဂစ်တစ်ရာ ပေးထားတာ။”
အင်ဒိုနီးရှားကလာတဲ့ အလုပ်သမားတွေကတော့ မြန်မာအလုပ်သမားတွေထက်ပိုပြီး လုပ်ခလစာရပါတယ်။ သူတို့ထဲမှာ တချို့က ပိုပြီးကျွမ်းကျင်တယ်လို့ ဦးအောင်က ပြောပါတယ်။
“သူတို့က အင်ဒိုနီးရှားက လာတာ။ သူတို့ကျတော့ ဆရာအဆင့်။ ၁၅၀ လောက်ပေးရတယ်။”
ဦးအောင်ထံမှာ အလုပ်လုပ်နေတဲ့ နောက်ထပ် မြန်မာလူငယ်တစ်ဦးကတော့ ကိုနေလင်းစိုးလို့ ခေါ်ပါတယ်။ ဒီမှာ ငွေပိုရပေမယ့် ထိုင်းမှာလောက် မပျော်ဘူးလို့ သူက ပြောပါတယ်။
“အမေတွေ၊ မောင်နှမတွေ ရှိတယ်။ အိမ်ထောင်မရှိဘူး။ မိဘကို အကုန်ပို့တယ်။ ပိုက်ဆံရရင် ရသလောက် အကုန်ပို့တယ်။ ပြီးခဲ့တဲ့လက ဆယ်သိန်းကျော်ပို့တယ်။ ထိုင်းကနေဖြတ်လာတာ။ ထိုင်းမှာလည်း လုပ်ဖူးတယ်။ ထိုင်းမှာ ဆယ်နှစ်လောက် လုပ်ဖူးတယ်။ ထိုင်းမှာ နေရတာလွတ်လပ်တယ်။ ဒီမှာမလွတ်လပ်ဘူး။ ဒီမှာ အဖမ်းအဆီးပိုများတယ်။”
အခုလို မလေးရှားရောက် မြန်မာတွေ ထိုင်းမှာထက်ပိုပြီး ဖမ်းဆီးခံရမယ့်အန္တရာယ်နဲ့ ရင်ဆိုင်နေရပေမယ့် စစ်ကောင်စီသံရုံးအနေနဲ့ ထိထိရောက်ရောက် အကူအညီပေးပါရဲ့လား။ တရားဝင်ရောက်ရှိနေထိုင်တဲ့ မြန်မာတွေကိုတောင် စစ်ကိုင်းတိုင်းက လာသူတွေကို ပတ်စ်ပို့သက်တမ်းတိုးပေးဖို့အတွက် သွားရောက်လျှောက်ထားတဲ့အခါ PDF တွေနဲ့ ကင်းရှင်းကြောင်း လက်မှတ်ထိုးခိုင်းသလို ဖမ်းဆီးခံရရင်လည်း ဘာမှ ဆောင်ရွက်ပေးတာ မရှိပါဘူးလို့ ကွာလာလမ်ပူမြို့ရှိ မြန်မာအလုပ်သမားရေးရာကော်မတီ ဥက္ကဋ္ဌ ဒေါ်သူဇာမောင် က RFA ကိုပြောပါတယ်။
"သူတို့က တစ်နယ်ထဲဖြစ်နေတာပဲရှိတယ်။ Effect က ကျတော့ ၅/ ဆိုရင်ကို ဘာမှ မလုပ်ပေးတော့ဘူး။ ပတ်စ်ပို့ သက်တမ်း မတိုးပေးတော့ဘူး။ ဘာလုပ်ခိုင်းလဲဆိုတော့ ပတ်စ်ပို့သက်တမ်းတိုးချင်လား ငါတို့ကို နိုင်ငံရေးနဲ့ မပတ်သက်ဘူး PDF ကို မထောက်ပံ့ဘူး ဒီလိုမျိုး ခံဝန်ကတိထိုးပါတဲ့။ ဒီဘက်ကလူတွေက သူတို့ဘာမှလည်း မလုပ်ရဘူး ဘာမှလည်းမဖြစ်တော့ ခံဝန်ကတိထိုးခိုင်းတော့ တချို့တွေက စိတ်ဆိုးကြတယ်။ မထိုးနိုင်ဘူးတဲ့။ ဘာကြောင့်လဲဆိုတော့ ဟိုဘက်မှာ ကလေးတွေသူတို့ အသက်နဲ့ရင်းပြီးတောင်မှ တိုက်ကြခိုက်တာ ငါတို့က ဒီမလေးရှားလိုနိုင်ငံမျိုးမှာ လာပြီးတော့ သူတို့နဲ့ မပတ်သက်ပါဘူးဆိုတဲ့ ဟာမျိုးကို ဘာကိစ္စ ထိုးပေးရမှာလဲတဲ့ အနည်းဆုံးတော့ စိတ်ဓာတ်ခွန်အားတော့ ပေးရမယ်။ မထိုးဘူးတဲ့။ အဲ့လိုမျိုးတွေပေါ့။”
ကွာလာလမ်ပူမှာ နှစ်ရက်ကြာနေထိုင်ခဲ့စဉ်အတွင်း ဆုံတွေ့ခဲ့တဲ့ မြန်မာအားလုံးနဲ့ မလေးရှားမိတ်ဆွေတချို့က မြန်မာသံရုံးဟာ မိမိနိုင်ငံသားတွေကို လိုအပ်သလို ကူညီခြင်း မရှိပါဘူးလို့ ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ကွာလာလမ်ပူမြို့က မြန်မာသံရုံးကို အီးမေးလ်နဲ့ ဆက်သွယ်ပြီး ဖမ်းဆီးခံရတဲ့ မြန်မာတွေကို သံရုံးအနေနဲ့ ဘာတွေ ဆောင်ရွက်ပေးပါသလဲ။ စစ်ကိုင်းတိုင်း မှတ်ပုံတင်ကိုင်ဆောင်သူတွေကို PDF ထောက်ခံအားပေးသူတွေအဖြစ် ပြောဆိုဆက်ဆံတယ်ဆိုတာ ဟုတ်ပါသလားလို့ မေးမြန်းခဲ့ပေမယ့် အခုအချိန်အထိ အကြောင်းတစ်စုံတစ်ရာ ပြန်ကြားခြင်း မရှိပါဘူး။