ယာဉ်မတော်တဆမှုတွေနဲ့ မြန်မာလုပ်သားတွေ သေဆုံးမှု
2018.10.21

ဒီနှစ်အတွင်း ထိုင်းနိုင်ငံမှာ မြန်မာအလုပ်သမားတွေ လိုက်ပါလာတဲ့ ယာဉ်မတော်တဆမှု ၅ မှု ရှိခဲ့ပြီး မြန်မာ အလုပ်သမား အယောက် ၄၀ ကျော် သေဆုံးခဲ့ပါတယ်။ ကြံ့ခိုင်မှုအားနည်းတဲ့ မှန်လုံယာဉ်အသေးတွေကို မစီးဘဲ ကြံ့ခိုင်မှုကို အမြဲစစ်ဆေးနေတဲ့ ယာဉ်ကြီးတွေကိုသာ စီးကြဖို့ မြန်မာအလုပ်သမား ကူညီရေးအဖွဲ့တွေက ပြောကြပါတယ်။
RFA သတင်းထောက် မဇာဏီထွဏ်း စုစည်းတင်ပြထားပါတယ်။
ဒီနေ့မနက်က ထိုင်းနိုင်ငံ ဘန်ကောက်ကနေ မဲဆောက်ကိုပြန်လာတဲ့ မှန်လုံယာဉ်တစ်စီး သစ်ပင်ကို ဝင်တိုက် တာကြောင့် မြန်မာအလုပ်သမား ၁၀ ယောက်နဲ့ ထိုင်းနိုင်ငံသား ယာဉ်မောင်း တစ်ဦး သေဆုံးခဲ့ပါတယ်။
အရှိန်လွန်ပြီး သစ်ပင်ကို ဝင်တိုက်မိရာကနေ ယာဉ်မီးလောင်ခဲ့တာလို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးကနေ သိရပါတယ်။ အဲဒီယာဉ်ပေါ်မှာ မြန်မာအလုပ်သမား ၁၅ ယောက်ပါလာပြီး ၅ ယောက်ကတော့ ဆေးရုံမှာ အရေးပေါ်ကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေရဲ့ အချက်အလက်တွေကလည်း မီးလောင်တဲ့အထဲပါသွားတာကြောင့် ဘယ်သူဘယ်ဝါဆိုတာ စုံစမ်းနေတုန်းပဲလို့ မြန်မာသံရုံးရဲ့ အလုပ်သမားသံအရာရှိ ဦးစန်းမောင်ဦး က ပြောပါတယ်။
"မိသားစု သူငယ်ချင်းမိတ်ဆွေတွေ သိခဲ့တယ်ဆိုရင်လည်း ပြောနိုင်တာရှိရင်လည်း ပြောလို့ရအောင် အခုလောလောဆယ်တော့ ဖွင့်ပေးထားတယ်ပေါ့နော်။ စက်ရုံတစ်ရုံတည်းက သွားတာတော့ မဖြစ်နိုင်လောက်ဘူး ။ တနေရာစီက ကားစုငှားပြီး သွားတဲ့သဘောဖြစ်မယ်ဗျ"
အခုချိန်မှာတော့ ရဲစခန်းမှာ အမှုဖွင့်ထားပြီး ရဲတပ်ဖွဲ့ကလည်း ယာဉ်နဲ့ပတ်သက်တဲ့ အချက်လက်တွေကို စုံစမ်းစစ်ဆေးနေတယ်လို့လည်း ပြောပါတယ်။
သြင်္ကန်ပွဲတော်ရက်၊ သီတင်းကျွတ်ပွဲတော်ရက်တွေလို အခါကြီးရက်ကြီးတွေ၊ အလုပ်ပိတ်ရက် ဆက်တိုက်ရတဲ့ ကာလတွေမှာ မြန်မာအလုပ်သမားတွေဟာ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံကို အလည်ပြန်ကြပါတယ်။ အဲဒီ လမ်းခရီးမှာ မှန်လုံယာဉ်တွေကို စုပေါင်းငှားပြီးသွားလာတာ များတယ်လို့ မြန်မာအလုပ်သမား ကူညီရေးအဖွဲ့တွေက ပြောပါတယ်။
အဲဒီယာဉ်တွေဟာ အဝေးပြေးလမ်းမှာ မောင်းနှင်ဖို့ သင့်တော်တဲ့ယာဉ်တွေ မဟုတ်တဲ့အပြင် ယာဉ်တွေရဲ့ ကြံ့ခိုင်မှုတွေကို ပုံမှန်စစ်ဆေးကြတာမရှိတာကြောင့် ယာဉ်မတော်တဆမှုတွေ မကြာခဏဖြစ်ပြီး မြန်မာ အလုပ်သမားတွေ သေဆုံးကြတာဖြစ်တယ်လို့လည်း သိရပါတယ်။
အခုကာလဟာ ပွဲတော်ရက်ကာလဖြစ်တာကြောင့် မြန်မာအလုပ်သမားတွေ အိမ်ပြန်တာများကြပါတယ်။ ဒါ့ကြောင့် ကားသမားတွေကလည်း နေ့ ည မအိပ်ဘဲ မောင်းနှင်ကြတယ်လို့ သိရပါတယ်။ အိပ်ရေးပျက်တဲ့ ယာဉ်မောင်းတွေ မောင်းတာကြောင့် လမ်းမှာ အိပ်ငိုက်ပြီး ကားမတော်တဆဖြစ်တာတွေ များတယ်လို့ သိရပါတယ်။
အလုပ်သမားတွေ အများစုဟာ အာမခံ ရှိတဲ့ ကားတွေကို စီးကြတာနည်းတယ်လို့ မြန်မာအလုပ်သမားတွေကို ကူညီပေးနေတဲ့ ရောင်ခြည်ဦးအဖွဲ့ က ကိုမိုးကျော် က ပြောပါတယ်။
"သြင်္ကန်ကာလတွေ ၊ MOU နဲ့တက်ပြီး ပြန်လာတဲ့ ကာလတွေမှာ သေဆုံးတာများတာတွေ့ရတယ်။ အဝေးကိုသွားလို့ရတဲ့ ဟိုင်းဝေးကို မောင်းလို့ရတဲ့၊ ကြံ့ခိုင်မှုမရှိတဲ့ကားတွေကို အသုံးပြုပြီး ဒီလို ဖြစ်တယ်လို့ သုံးသပ်ထားတယ်။ ကားကြီးကွင်းတွေကို သွားရတဲ့စရိတ်တွေ ကတိကထ လက်မှတ်ဖြတ်ရတာတွေ အဲ့ဒါတွေကို မကြိုက်ပုံရတယ်။ လွယ်လွယ်ပဲ ကားစက်ရုံရှေ့လာမယ်။ အဲ့ဒီကားပေါ် တက်လိုက်သွားမယ်။"
ကားကြီးကွင်းက ကားကြီးတွေရဲ့ဈေးနှုန်းက တစ်ယောက်ကို ထိုင်းငွေ ဘတ် ၄၀၀ ကနေ ၆၀၀ အထိရှိပြီး မြန်မာငွေနဲ့ဆိုရင် ကျပ် ၂ သောင်းကနေ ၃ သောင်းလောက် ကျသင့်ပါတယ်။ မြန်မာလုပ်သားတွေ အစီးများတဲ့ စူပါကာစတန်ကားတွေရဲ့ ဈေးနှုန်းကလည်း အတူတူလောက်ပါပဲ။ ဒါပေမယ့် အဲဒီလိုစုပေါင်းစီးကြတဲ့ အကြောင်းရင်းကတော့ ကားလက်မှတ်ဖြတ်စရာမလိုဘဲ နေထိုင်ရာနေရာအရောက် လာကြိုပေးတာကြောင့် မြန်မာလုပ်သားတွေဟာ စုပေါင်းပြီး ငှားစီးကြတာဖြစ်တယ်လို့ သိရပါတယ်။
ရွှေ့ပြောင်းအလုပ်သမားကူညီရေးနဲ့ ကယ်ဆယ်ရေးဆရာတော် ဦးဇောတိက ကတော့ မြန်မာအလုပ်သမားတွေ အနေနဲ့ ကိုယ့်အသက်ကို အလေးထားပြီး ခရီးသွားလာကြဖို့ မိန့်ကြားပါတယ်။
"ကိုယ့်အသက်ဟာ ကိုယ်တိုင်ပဲ ဂရုစိုက်ရမှာ ဖြစ်တဲ့အတွက် အလုပ်သမားတွေအနေနဲ့ အိမ်တိုင်ယာရောက် လာကြိုတယ်ဆိုပေမဲ့လို့ တစ်ယောက်တည်းမောင်းတဲ့ကားတွေက အိပ်ငိုက်တာတွေဖြစ်ပြီး အခုလို အဖြစ်တွေဖြစ်တော့ ဖြစ်နိုင်ရင် ကားကြီးတွေကိုပဲ စီးကြပါ။ ကားကြီးတွေက ၂ ယောက်မောင်းတာဖြစ်လို့ စိတ်ချရတယ်၊ လုံခြုံမှုရှိတယ်။ ဂိတ်ကိုသွားစီးရတယ်ဆိုပေမယ့် အာမခံချက်အပြည့်ရှိတယ်"
ဒီနေ့ ယာဉ်တိမ်းမှောက်မှုမှာ သေဆုံးသွားတဲ့ မြန်မာအလုပ်သမားတွေရဲ့ အချက်အလက်တွေကို စုံစမ်းနေသလို သူတို့ရဲ့ မိသားစုတွေနဲ့အဆက်သွယ်ရဖို့လည်း ကြိုစားနေတယ်လို့ သိရပါတယ်။ မြန်မာသံရုံးရဲ့ စာရင်းတွေအရင် ဒီနှစ်အတွင်း ယာဉ်မတော်တဆမှု ၅ မှု ကြောင့် မြန်မာအလုပ်သမား အယောက် ၄၀ ကျော် သေဆုံးခဲ့ပါတယ်။
အခုသီတင်းကျွတ်ကာလလို အလုပ်ပိတ်ရက်ရှည်ရတဲ့ အချိန်တွေမှာ မြန်မာပြည်ကို ပြန်လာမယ့်အလုပ်သမားတွေ၊ ပိတ်ရက်ကုန်ဆုံးလို့ ထိုင်းကို ပြန်မယ့် မြန်မာအလုပ်သမားတွေအနေနဲ့ လမ်းခရီးလုံခြုံစိတ်ချရဖို့အတွက် အဓိက ထားဖို့ တိုက်တွန်းလိုက်ရပါတယ်ရှင်။