မြန်မာစစ်တပ်ကို တရုတ်နဲ့ရုရှား ဂျက်တိုက်လေယာဉ်တွေ ပံ့ပိုးနေကြောင်း ကုလကိုယ်စားလှယ်ပြော

ဦးသစ်ဆင်း (ဝါရှင်တန်ဒီစီ)
2022.02.25
မြန်မာစစ်တပ်ကို တရုတ်နဲ့ရုရှား ဂျက်တိုက်လေယာဉ်တွေ ပံ့ပိုးနေကြောင်း ကုလကိုယ်စားလှယ်ပြော ၂ဝ၂၁ ခုနှစ်က နေပြည်တော်တွင် ကျင်းပသော ၇၆ နှစ်ပြည့် တပ်မတော်နေ့အခမ်းအနားတွင် စစ်ဘက်ဆိုင်ရာယာဉ်များဖြင့် စစ်ရေးပြချီတက်စဉ်။
Photo: Reuters

မြန်မာနိုင်ငံမှာ စစ်တပ်ဟာ အရပ်ဘက်ပြည်သူတွေအပေါ် ရုရှားနဲ့တရုတ် လက်နက်သစ်တွေ အသုံးပြုပြီး၊ တိုက်ခိုက်နေကြောင်း နိုင်ငံတကာသတင်းတွေက ဖော်ပြပါတယ်။

ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကျွမ်းကျင်သူ၊ အမေရိကန် လွှတ်တော်အမတ်ဟောင်း မစ္စတာ တွမ်အင်ဒရူးရဲ့ အစီရင်ခံစာမှာ ၂၀၁၈ ခုနှစ်၊ ရခိုင်ပြည်နယ်က မွတ်စလင် ရိုဟင်ဂျာတွေကို ဘင်္ဂလားဒေ့ရှ်ဘက် မောင်းထုတ်ခဲ့တာက အစ ဂျက်တိုက်လေယာဉ်တွေ အပါအဝင် လက်နက် အမျိုးအစားတွေကို ဖော်ပြထားပါတယ်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေနဲ့ မြန်မာနိုင်ငံတွင်းကို လက်နက်တွေ စီးဝင်မလာအောင် ဟန့်တားပေးဖို့လည်း တောင်းဆိုထားပါတယ်။ ရုရှားက မြန်မာကို ဂျက်တိုက်လေယာဉ် နှစ်မျိုး၊ သံချပ်ကာကား နှစ်မျိုးနဲ့ ဒရုန်းလက်နက်တွေ ရောင်းချထောက်ပံ့ပေးခဲ့သလို တရုတ်ကလည်း ဂျက်တိုက်လေယာဉ်တွေ လွှဲပြောင်းရောင်းချပေးခဲ့ပါတယ်။

ဒါ့ပြင် ဆာဗီးယားနိုင်ငံကလည်း မြန်မာအာဏာသိမ်းစစ်ကောင်စီကို လက်နက်ပံ့ပိုးပေးနေတဲ့အထဲ ပါဝင်နေကြောင်း သတင်းတွေ ထွက်ပေါ်နေတာပါ။

Thomas Andrews ကလည်း - အရပ်ဘက် ပြည်သူတွေကို တိုက်ခိုက်ဖို့ အသုံးပြုမယ့် လက်နက်တွေဆိုတာ သိလျှက်နဲ့ မြန်မာနိုင်ငံတွင်းကို မတင်သွင်းသင့်ကြောင်း၊ တရုတ်၊ ရုရှားနဲ့ ဆာဗီးယားတို့ မြန်မာစစ်ကောင်စီကို တိုက်ခိုက်ရေးလေယာဉ်တွေ ပံ့ပိုးပေးနေကြောင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒါပေမဲ့ ဆာဗီးယားကတော့ ငြင်းဆိုပါတယ်။

စစ်တပ် အာဏာသိမ်းမှုတွေနဲ့ အကြိမ်ကြိမ်ကြုံခဲ့ရတဲ့ မြန်မာနိုင်ငံမှာ ထောင်နဲ့ချီတဲ့ ပြည်သူတွေ သေဆုံးခဲ့ရပြီး သိန်းနဲ့ချီ နေရာရွှေ့ပြောင်း ခဲ့ကြရပါတယ်။ အာဏာသိမ်းစစ်တပ်အဆက်ဆက်ကတော့ တပ်မတော်ဟာ အကြမ်းဖက်သ မားတွေကို ချေမှုန်းနေကြောင်း ပြောဆိုပြီး ကုလသမဂ္ဂရဲ့ ပါဝင်ပတ်သက်မှုကို လက်မခံကန့်ကွက်ခဲ့ပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ ဝမ်ဝင်ဘင်းကတော့ - တရုတ်ပြည်အနေနဲ့ အဖွဲ့အစည်းအားလုံး၊ အုပ်စုအားလုံးနဲ့ အညီအညွတ်ပြုပြီး နိုင်ငံ့ရေရှည် အကျိုးစီးပွားအတွက် ဆောင်ရွက်မှာဖြစ်သလို ပြဿနာ အခက်အခဲတွေကိုလည်း နိုင်ငံရေးအရ ဆွေးနွေးမှုတွေကနေ တဆင့် ပြေလည်အောင် ဖြေရှင်းသွားမှာ ဖြစ်ကြောင်း ပြောဆိုပါတယ်။

ဆာဗီးယား နိုင်ငံကတော့- မြန်မာကို လက်နက်ထောက်ပံ့နေတယ်ဆိုတာ မဟုတ်မှန်ကြောင်း၊ မြန်မာနိုင်ငံမှာ အာဏာသိမ်းမှု ဖြစ်ပွားခဲ့ပြီး ကတည်းက အခြေအနေသစ်ကို ဂရုတစိုက် လေ့လာနေခဲ့ကြောင်း၊ ပြီးခဲ့တဲ့နှစ် မတ်လအတွင်းမှာတော့ အရင်သဘောတူညီချက်အရရော ပို့ကုန် ဆိုင်ရာ တောင်းဆိုမှု အသစ်တွေအရပါ မြန်မာနိုင်ငံကို လက်နက်မတင်သွင်းတော့ဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ကြောင်း ပြောဆိုပါတယ်။

လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ကုလသမဂ္ဂကတော့ မြန်မာအာဏာသိမ်း စစ်ကောင်စီအနေနဲ့ အရပ်ဘက်ပြည်သူတွေနဲ့ တိုင်းရင်းသား လူမျိုးစုဒေသတွေမှာ လက်နက်ကြီး တိုက်ခိုက်မှုနဲ့ လေကြောင်း တိုက်ခိုက်မှုအပါအဝင် အချိုးမညီတဲ့ တိုက်ပွဲတွေကို ရှောင်ရှားကြဖို့ တိုက်တွန်းထားပါတယ်။

လွတ်လပ်တဲ့ သတင်းပေးပို့ချက်တွေအရလည်း - အဲဒီသုံးနိုင်ငံရဲ့ မြန်မာစစ်တပ်ကို လက်နက်တွေ ရောင်းချခဲ့တာဟာ မြန်မာစစ်တပ်အနေနဲ့ အရပ်ဘက်ပြည်သူတွေကို တိုက်ခိုက်ဖို့ ဖြစ်ကြောင်း သိသိကြီးနဲ့ ရောင်းချခဲ့ကြတာလို့ ပြောဆိုပါတယ်။ ဒါ့ပြင် မြန်မာစစ်တပ်အနေနဲ့ အကြမ်းဖက်သမားတွေကို နှိမ်နင်းနေတာဖြစ်ပြီး ကုလသမဂ္ဂ ကြားဝင်စွက်ဖက်မှုကို လက်ခံမှာမဟုတ်ကြောင်းလည်း ပြောပါတယ်။

မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး အခုထိ သေဆုံးခဲ့ရတဲ့ အရပ်ဘက်ပြည်သူ ၁၅၀၀ ကျော်ရှိပြီး သုံးသိန်းကျော် နေရာပြောင်းရွှေ့ခဲ့ကြရပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။