လုံခြုံရေးကောင်စီ ကြားနာမယ့်ကိစ္စ မြန်မာ ကန့်ကွက်


2018.10.18

ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ ရိုဟင်ဂျာမွတ်စလင်တွေကို သတ်ဖြတ်၊ မုဒိမ်းကျင့်၊ မီးရှို့မှုတွေ အပါအဝင် လူ့အခွင့် အရေးချိုးဖောက်မှုတွေရှိခဲ့တယ်ဆိုတဲ့ ကုလသမဂ္ဂ လူအခွင့်အရေးကောင်စီ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ တွေ့ရှိချက်တွေကို လုံခြုံရေးကောင်စီမှာ အခုလအတွင်း  ကြားနာပွဲပြုလုပ်ပေးဖို့ အမေရိကန် ပြည်ထောင်စု အပါအဝင် လုံခြုံရေးကောင်စီ အဖွဲ့ဝင် ကိုးနိုင်ငံက အင်္ဂါနေ့မှာ  မေတ္တာရပ်ခံခဲ့ပါတယ်။

အဲဒီလို ကြားနာပွဲကို လုံခြုံရေးကောင်စီအဖွဲ့ဝင် ၁၅ နိုင်ငံရှိတဲ့အနက် အနည်းဆုံး လိုအပ်တဲ့ ၉ နိုင်ငံက ထောက်ခံတောင်းဆိုတာဖြစ်တဲ့အတွက် တရုတ်နဲ့ ရုရှားနိုင်ငံတွေကလည်း ဗီတိုနဲ့ ပိတ်ဆို့တားဆီးလို့ မရပါဘူး။

အခုလို ကြားနာပွဲလုပ်မယ့် ကိစ္စနဲ့ပတ်သက်ပြီး ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဟောက်ဒိုဆွန်းက လုံခြုံရေးကောင်စီကို အင်္ဂါနေ့မှာပဲ စာတစ်စောင်ပေးပို့ကာ ကန့်ကွက်ခဲ့ပါတယ်။ အပြည့်အစုံကို ဦးခင်မောင်စိုး က ဆက်လက် တင်ပြပါလိမ့်မယ်။

ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးဟောက်ဒိုဆွန်းက လုံခြုံရေးကောင်စီကို ကန့်ကွက်စာပို့ခဲ့တယ်လို့ RFA ကို ဗုဒ္ဓဟူးနေ့ မနေ့က ပြောပါတယ်။

“လုပ်ထုံးလုပ်နည်းအရ အချက်အလက်ရှာဖွေရေးအဖွဲ့ရဲ့ အစီရင်ခံစာကို လူ့အခွင့်အရေးကောင်စီကတဆင့် အထွေထွေညီလာခံကို တင်ပြရမှာဖြစ်တယ်။ ဒါပေမဲ့ အဲဒီလို မလုပ်ဘဲ လုံခြုံရေးကောင်စီမှာခေါ်ပြီး ကမ္ဘာ့ငြိမ်းချမ်းရေးနဲ့ လုံခြုံရေးကို ဘယ်လိုထိပါးနိုင်တယ်ဆိုတာကို နှပ်ကြောင်းပေးပြီး UK, US အပါအဝင် လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတချို့က အခုလို လုပ်ဆောင်တာဟာ ကျနော်တို့ကို တမင် နိုင်ငံရေးကို အကြောင်းပြုပြီး လူ့အခွင့်အရေးကို အလွဲသုံးစားလုပ်တဲ့သဘောမျိုးလို့ ကျနော်တို့က ခံယူတယ်။ အဲဒါကြောင့် အချက်အလက် ရှာဖွေရေးအဖွဲ့က လုံခြုံရေးကောင်စီမှာ လာပြီးတော့ ပြောဖို့ဟာကို ကျနော်တို့ ကန့်ကွက်တယ် ဆိုပြီးတော့ မနေ့ကပဲ ကျနော် စာပို့လိုက်တယ်”

ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်နိုင်ငံ ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေကို ပထမအသုတ်အဖြစ် မကြာခင် လက်ခံတော့မယ်လို့လည်း ဦးဟောက်ဒိုဆွန်းက ပြောပါတယ်။ ဒါ့အပြင် ရခိုင်ပြည်နယ်အရေးအတွက် မြန်မာနိုင်ငံကို ဖိအားပေးခြင်းအားဖြင့် ဘယ်သူ့အတွက်မှ အကျိုးရှိမှာ မဟုတ်ဘူးလို့လည်း သူက ဝေဖန်ခဲ့ပါတယ်။

တဆက်တည်းမှာပဲ “ရခိုင်ပြည်နယ်က စစ်ဆင်ရေးတွေမှာ အကြမ်းဖက်မှုကို လက်နက်နဲ့တန်ပြန်ချေမှုန်း ရတဲ့အတွက် အရပ်သားတွေ သေကြေထိခိုက်မှု ရှိခဲ့နိုင်ပါတယ်။ ကျနော်တို့ဒါကို မငြင်းပါဘူး။ ဒါကြောင့်လည်း လွတ်လပ်တဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး လုပ်ငန်းလည်း စတင်နေပါပြီ။ အဲတော့ အပြစ်ရှိရင် ရှိတဲ့သူကို အရေးယူမယ်။ ဒါပေမဲ့ သူတို့ပြောသလို သောင်းနဲ့ချီသေဆုံးတယ်ဆိုတာမျိုးတော့ မဖြစ်နိုင်ပါဘူး။ ၁ဝ ယောက် အသတ်ခံရတာတောင် ဖုံးထားလို့မရနိုင်ပါဘူး” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်း အမေရိကန်ပြည်ထောင်စု ကယ်လ်ဖေါ်နီးယားပြည်နယ်မှာ ကျင်းပခဲ့တဲ့ ရိုဟင်ဂျာညီလာခံကို တက်ရောက်သူတဦးဖြစ်တဲ့ မြန်မာရိုဟင်ဂျာအသင်း ဥက္ကဋ္ဌ ဦးထွန်းခင်ကို လက်ရှိပဋိပက္ခမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရကို ဖိအားပေးခြင်းအားဖြင့် မြန်မာပြည် ဒီမိုကရေစီပြောင်းလဲရေး လုပ်ငန်းစဉ်ကို မထိခိုက်ဖူးလားလို့ RFA ကမေးမြန်းရာမှာတော့ ရက်စက်စွာပြုကျင့်နေတဲ့ စစ်တပ်ကို ဒေါ်အောင်ဆန်းစုကြည်က တားဆီးခြင်း၊ ထုတ်ဖော်ပြောကြားခြင်း မပြုဘဲ အကာအကွယ်ပေးနေတယ်၊ နိုင်ငံကို အုပ်ချုပ်သူတစ်ဦးအနေနဲ့ တာဝန်ယူမှုနဲ့ တာဝန်ခံမှုရှိရမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီ ရိုဟင်ဂျာညီလာခံကို တက်ရောက်သူနောက်တစ်ဦးဖြစ်တဲ့ တန်းတူညီမျှ အခွင့်အရေးလှုပ်ရှားမှုအဖွဲ့ ဥက္ကဋ္ဌ ဦးဌေးလွင်ဦးကလည်း လူ့အခွင့်အရေးချိုးဖောက်မှုအတွက် တာဝန်ရှိသူတွေကို ICC နိုင်ငံတကာရာဇဝတ်ခုံရုံး တင်ရေးအတွက် သူတို့ အလှူရှင်တွေ အဖွဲ့အစည်းတွေထံက အမေရိကန် ဒေါ်လာ သန်း တစ်ထောင် ပေးပါမယ်ဆိုတဲ့ ကတိကဝတ် ရရှိထားပြီဖြစ်တယ်လို့ ညီလာခံအပြီးမှာ ပြောကြားခဲ့ပါတယ်။

သံအမတ်ကြီး ဟောက်ဒိုဆွန်းကတော့ အခုလို နိုင်ငံတကာ ဖိအားပေးမှုတွေရှိပေမယ့် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် တတ်စွမ်းသမျှ ဆက်လက်ဆောင်ရွက်ရမှာပဲလို့ RFA ကို ဗုဒ္ဓဟူးနေ့ မနေ့က ပြောပါတယ် ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။