စစ်တပ်အာဏာမသိမ်းခဲ့ရင် မြန်မာ့စီးပွားရေး ဘယ်လိုဖြစ်မလဲ

မြန်မာငွေတန်ဖိုးကျဆင်းတာ၊ ကုန်ဈေးနှုန်းကြီးတာနဲ့ စစ်ကောင်စီရဲ့စီးပွားစီမံခန့်ခွဲမှု အလွဲတွေကြောင့် မြန်မာ့စီးပွားရေး ရေစုန်မျောနေပြီလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ပါတယ်။

မြန်မာငွေစက္ကူများ ရေတွက်နေသည့် မြင်ကွင်းအား ၂​ဝ၂၄ ခုနှစ် မေလအတွင်းက တွေ့ရစဉ်။ Photo: AFP

စစ်အာဏာသိမ်း သုံးနှစ်ကျော်ကာလအတွင်းမှာ စစ်ရေးပဋိပက္ခနဲ့ စီးပွားရေးအကျပ်အတည်းတွေကြောင့် မြန်မာ့လူဦးရေ ၁၇ သန်းကျော်ဟာ ဆင်းရဲတွင်းထဲရောက်သွားပြီလို့ ကမ္ဘာ့ဘဏ်က ၂၀၂၄ ဇွန်လ ၁၂ ရက်က ကြေညာချက် ထုတ်ပြန်ပါတယ်။

မြန်မာပြည်ရဲ့ စီးပွားရေးဟာ ခေတ်အဆက်ဆက်က အာဏာသိမ်းစစ်တပ်တွေရဲ့ မူဝါဒအမှားတွေကြောင့် ပြည်သူတွေ ဆင်းရဲတွင်းနက်ခဲ့ရပါတယ်။

“မြန်မာပြည်မှာ ငါ့အနာဂတ်က မရှိတော့ဘူး။ အဲဒီတော့နိုင်ငံခြားကသာလျှင် ငါ့ဘဝအတွက် ပိုကောင်းမယ့် ရွေးချယ်မှုတစ်ခုလို့ တွေးလိုက်တယ်"

မြန်မာဟာ ၁၉၆၂ ကနေ ၁၉၈၈ မတိုင်ခင်ထိ တံခါးပိတ်စီးပွားရေးမူဝါဒကို ကျင့်သုံးခဲ့တာကြောင့် တိုင်းပြည်စီးပွားရေးကျဆင်းခဲ့ရတယ်လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေး က ပြောပါတယ်။

“၁၉၆၂ က စပြီးတော့ တိုင်းပြည်ရဲ့ စီးပွားရေးဟာ မြန်မာနိုင်ငံမှာ ကိုယ့်တိုင်းပြည်ရဲ့ စီးပွားရေးကို ပိတ်ဆို့တဲ့ Isolated Policy ခေါ်တယ်။ Inward Looking Policy ကို ကျင့်သုံးတဲ့အတွက်ကြောင့် တစ်ချိန်က တိုးတက်ပြီး အရှေ့တောင်အာရှနိုင်ငံတွေမှာ အချမ်းသာဆုံးဖြစ်တဲ့နိုင်ငံကနေပြီးမှ ဆင်းရဲသွားခဲ့ရတယ်"

ဗြိတိသျှကိုလိုနီခေတ်က မြန်မာနိုင်ငံဟာ အရှေ့တောင်အာရှမှာ အချမ်းသာဆုံးနိုင်ငံဖြစ်ခဲ့တာပါ။ Outward Looking Policy ဖြစ်တဲ့ ပို့ကုန်မြှင့်တင်တဲ့မူဝါဒကို ကျင့်သုံးခဲ့တဲ့ စင်ကာပူ၊ ထိုင်ဝမ်၊ ဟောင်ကောင်နဲ့ ကိုရီးယားတို့ဟာ စီးပွားရေး တိုးတက်ခဲ့ကြတယ်လို့ ဆိုပါတယ်။

၁၉၈၈ နောက်ပိုင်းမှာတော့ မြန်မာ့စီးပွားရေးကို အကန့်အသတ်နဲ့ ပြန်ဖွင့်ပေးခဲ့ပြီး စစ်တပ်လက်ဝါးကြီးအုပ် စီးပွားရေးစနစ်ကို ကျင့်သုံးခဲ့ပြန်တယ်လို့ ဦးစိန်ဌေးက ပြောပါတယ်။

၂၀၁၀ နောက်ပိုင်း ဦးသိန်းစိန်အစိုးရ အပြောင်းအလဲကာလမှာ နိုင်ငံရေးနဲ့ စီးပွားရေးမှာ ဖြေလျှော့လာပြီး နိုင်ငံတကာ ရင်းနှီးမြှုပ်နှံမှုတွေ ဝင်လာတဲ့ မြန်မာ့စီးပွားရေးဟာ အတိုင်းအတာတစ်ခုထိ ဦးမော့လာခဲ့တယ်လို့ ဆိုပါတယ်။

တိုးတက်မှုအရှိန်ရနေတဲ့ မြန်မာ့စီးပွားရေးဟာ ၂၀၂၁ မှာ အာဏာသာမသိမ်းခဲ့ရင် ဆက်ပြီးတိုးတက်မယ့် အလားအလာ မြင်ရတယ်လို့ ဦးစိန်ဌေးက သုံးသပ်ပါတယ်။

“အဲ့ဒါကို ၂၀၁၅ နဲ့ ၂၀၂၀ အတွင်းမှာ တိုင်းပြည်စီးပွားပြုပြင်ပြောင်းလဲမှု လုပ်ခဲ့နိုင်တယ်။ အဲဒီ အရှိန်အဟုန်အတိုင်းသာ ဆက်ပြီးတော့၊ အာဏာမသိမ်းခဲ့ရင်တော့၊ နောက်တက်လာမယ့် အစိုးရများက သူ့ထက်ပြည့်စုံတဲ့ Comprehensive reform ကို သွားနိုင်မယ်ဆိုရင်တော့ မြန်မာနိုင်ငံသည် ကမ္ဘာ့ဈေးကွက်နဲ့ ပူးပေါင်းပြီးတော့ ထိုးဖောက်နိုင်ပြီးတော့ တိုင်းပြည်စီးပွားရေးတက်မယ့် အလားအလာတော့ မြင်ရတယ်"

မြန်မာငွေတန်ဖိုးကျဆင်းတာ၊ ကုန်ဈေးနှုန်းကြီးတာနဲ့ စစ်ကောင်စီရဲ့ စီးပွားစီမံခန့်ခွဲမှုအလွဲတွေကြောင့် မြန်မာ့စီးပွားရေးဟာ အဖတ်ဆယ်မရအောင် ရေစုန်မျောနေပြီလို့ စီးပွားရေးပညာရှင်တွေက သုံးသပ်ကြပါတယ်။

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ စစ်ရေးပဋိပက္ခတွေကြောင့် လူအများအပြား သေကျေပျက်စီးရုံတင်မက မြန်မာ့စီးပွားရေးပါ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးလာနေတယ်လို့ Central European Institute of Asian Studies (CEIAS) အာရှရေးရာသုတေသီ ဒေးဗစ်ဟတ် ကလည်း သုံးသပ်ထားပါတယ်။


ဆက်နွှယ်သောသတင်းများ

၂ဝ၂၄ အထိ မြန်မာ့စီးပွားရေးနာလန်မထူနိုင်သေးဘူးလို့ ကမ္ဘာ့ဘဏ်သတိပေး

စီးပွားရေးချွတ်ခြုံကျမှု အခြေခံလူတန်းစားတွေ ထိခိုက်မှုများ

စီးပွားရေးအရ ကျရှုံးနိုင်ငံဖြစ်လာနိုင်ကြောင်း လေ့လာသူတွေပြော


ပြည်တွင်းစစ်ဟာ လူငယ်လုပ်သားထုတွေ အနာဂတ်မှာ ကျွမ်းကျင်လုပ်သားဖြစ်လာဖို့ လိုအပ်တဲ့အချိန်တွေ ကို ခိုးယူသွားတာက နိုင်ငံအတွက် ကြီးမားတဲ့ဆုံးရှုံးမှုဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

အသက် ၂၄ နှစ်အရွယ် လူငယ်တစ်ဦးက မြန်မာနိုင်ငံမှာ စီးပွားရေးခက်ခဲလာတဲ့အတွက် ပြည်ပထွက်ဖို့ ကြိုးစားလာရတယ်လို့ ပြောပါတယ်။

“အာဏာ ရုတ်တရက်သိမ်းလိုက်တဲ့အချိန်မှာ အနာဂတ် Carrier တွေအကုန်လုံးက ရပ်တန့်သွားတယ် ပေါ့နော်။ ဟိုးအရင်တုန်းကဆိုရင် နိုင်ငံခြားကိုသွား အလုပ်လုပ်မယ်ဆိုတဲ့အတွေးမျိုး မရှိဖူးဘူး။ မြန်မာပြည်မှာပဲ ပိုက်ဆံရှာပြီးတော့ နိုင်ငံခြားမှာကျောင်းသွားတက်မယ်။ ကိုယ့်မြန်မာပြည်ကို ပြန်လာပြီးတော့ မြန်မာပြည်မှာပဲ carrier ကို ဆုံးခန်းတိုင်တဲ့အထိ သွားမယ်လို့တွေးတာပေါ့နော်။ အာဏာသိမ်းပြီးတော့ တစ်နှစ်ခွဲလောက် ကြာတဲ့အချိန်မှာ လူငယ်တစ်ယောက်အနေနဲ့ စိတ်ဓာတ်တွေက တဖြည်းဖြည်းနဲ့ ကျလာပြီပေါ့နော်။ ဘာဖြစ်လို့ ဆိုတော့ ဒီနိုင်ငံမှာ ငါကြိုးစားလည်း ကြိုးစားသလောက် မဖြစ်နိုင်တော့ဘူးပေါ့နော်။ နိုင်ငံခြားကို ထွက်မှရတော့မယ်။ မြန်မာပြည်မှာ ငါ့အနာဂတ်က မရှိတော့ဘူး။ အဲဒီတော့နိုင်ငံခြားကသာလျှင် ငါ့ဘဝအတွက် ပိုကောင်းမယ့် ရွေးချယ်မှုတစ်ခုလို့ တွေးလိုက်တယ်။ အဲဒါကြောင့် နိုင်ငံခြားကို ထွက်လာတယ်။ ပင်ပန်းလည်း ဒီမှာပဲ အလုပ်လုပ်ရမယ်ဆိုတဲ့ အတွေးမျိုးနဲ့ ရှေ့ဆက်နေတာပေါ့နော်"

ရန်ကုန်မြို့ရှိ ထိုင်းသံရုံးရှေ့တွင် ပြည်ဝင်ခွင့်ဗီဇာ လျှောက်ထားရန် စောင့်ဆိုင်းနေသူများအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

စစ်အာဏာသိမ်းပြီးနောက် ပြည်တွင်းမှာ မတည်ငြိမ်တဲ့ စီးပွားရေးအခြေအနေတွေကြောင့် အလုပ်အကိုင်ရှားပါး လာတာအပြင် စစ်မှုထမ်းဥပဒေကြောင့် လူငယ်တွေတင်မကဘဲ မိသားစုကို ဦးဆောင်နေသူ အမျိုးသားတွေဟာလည်း မဖြစ်မနေ ပြည်ပထွက် အလုပ်လုပ်ဖို့ကို ရွေးချယ်လာကြရပါတယ်။

ခင်ပွန်းဖြစ်သူက နိုင်ငံရပ်ခြားမှာ အလုပ်သွားလုပ်ချိန် လသားအရွယ် ကလေးငယ်လေးကို စောင့်ရှောက်ရင်း ပြည်တွင်းစစ်မီး ကူးစက်လာမှာကို စိုးရိမ်နေရတဲ့ မန္တလေးမြို့က လူငယ်မိခင်တစ်ဦးကတော့ .... 

“အခုဟာ နောက်နှစ်တွေ အနာဂတ်တွေဆိုတာထက်ကို မနက်ဖြန်ကို Plan လို့မရဘူး။ အခုနေ ကိုယ့်နေရာမှာ စစ်ဖြစ်သွားရင်တောင်မှ ကိုယ့်ယောက်ျားနဲ့ ပြန်တွေ့ဖို့ကလည်း မသေချာတော့ပြန်ဘူး။ ကျွန်မတို့ဆို အခု အထုပ်ပြင်ပြီး စောင့်နေရတာ။ အဆိုးဆုံးအခြေအနေတစ်ခုကြုံရင်တော့ ဒီကနေခွာဖို့တော့ စဉ်းစားထားတယ်”

ရန်ကုန်တိုင်း လှိုင်မြို့နယ်တွင် သက်သာသည့်နှုန်းထားဖြင့် စားအုန်းဆီတန်းစီဝယ်ယူနေသူများအား ၂၀၂၃ ခုနှစ် မတ်လ ၁၀ ရက်နေ့ မနက်ပိုင်းက တွေ့ရစဉ်။ (Photo: RFA)

နိုင်ငံ့စီးပွား တိုးတက်ဖို့အတွက် လူ့စွမ်းအားအရင်းအမြစ်ကလည်း အရေးပါတဲ့အခန်းကဏ္ဍတစ်ခုပါ။ အခုတော့ မြန်မာနိုင်ငံတစ်ဝန်း စစ်ရေးပဋိပက္ခတွေကြောင့် ပြည်တွင်းနေရပ်စွန့်ခွာထွက်ပြေးရသူ သုံးသန်းကျော်ရှိနေတယ်လို့ ကုလသမဂ္ဂလူသားချင်းစာနာမှုဆိုင်ရာညှိနှိုင်းရေးရုံး (UNOCHA) က ၂၀၂၄ ဇူလိုင် ၁ ရက်နေ့က ထုတ်ပြန်ပါတယ်။ ဒါ့အပြင် စစ်အာဏာသိမ်း သုံးနှစ်ကျော်အတွင်း ပြည်ပနိုင်ငံတွေဆီ နည်းမျိုးစုံနဲ့ စီးဆင်း သွားရတဲ့ နိုင်ငံရဲ့ လူ့စွမ်းအားအရင်းအမြစ်တွေဟာလည်း ဒုနဲ့ဒေးပါ။

၂၀၂၁ အာဏာသိမ်းမှုရဲ့ နောက်ထပ်ဆိုးကျိုးဖြစ်တဲ့ လူဦးရေပြောင်းလဲမှု လှိုင်းလုံးကြီးကို အခုမမြင်နိုင်သေးပေမယ့် လာမယ့် ဆယ်နှစ် (ဒါမှမဟုတ်) အနှစ်နှစ်ဆယ်မှာ မြန်မာနိုင်ငံ ရင်ဆိုင်ရတော့မယ်လို့ ဒေးဗစ်ဟတ်က သုံးသပ်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org