အာဏာသိမ်းပြီးနောက်ပိုင်း ခရစ်ယာန်ဒေသ တိုက်ခိုက်ခံရမှု ပိုများလာ

2022.03.08
အာဏာသိမ်းပြီးနောက်ပိုင်း ခရစ်ယာန်ဒေသ တိုက်ခိုက်ခံရမှု ပိုများလာ ကယားပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည်တချို့ကို ၂ဝ၂၁ ခုနှစ်၊ အောက်တိုဘာလက တွေ့ရစဉ်။
Photo: Reuters

မြန်မာနိုင်ငံအတွင်း ခရစ်ယာန်ပြည်နယ်တွေဖြစ်ကြတဲ့ ကယား၊ ချင်း နဲ့ ကချင် ပြည်နယ် တွေမှာ၊ ခရစ်ယာန်ဘုရားကျောင်းနဲ့ တခြား အသင်းအပင်း လူမှုအဖွဲ့အစည်းတွေဟာ စစ်တပ်ရဲ့ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထားတိုက်ခိုက်ခံနေရကြောင်း UCA News သတင်းမှာ ဆောင်းပါးတစ်ပုဒ်ဖော်ပြခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ် အာဏာသိမ်းခဲ့ချိန်ကစပြီး ပေါ်ပေါက်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် ကယားပြည်နယ်အတွင်းက ခရစ်ယာန်အသင်းတော်နယ်ပယ် ၁၆ ခုက ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးတိမ်း ရှောင်နေကြရတဲ့အတွက် မြို့တွေမှာ လူသူ ကင်းမဲ့နေပါတယ်။

အရင်က တောတောင်တွေနဲ့ စိမ်းစိုသာယာငြိမ်းချမ်းနေခဲ့တဲ့ မြန်မာ့အရှေ့ပိုင်းဒေသမှာ ၂၀၂၁ ခုနှစ် မေလက စပြီး တိုက်ပွဲတွေ ပြင်းပြင်းထန်ထန် ဖြစ်ပွားခဲ့ပါတယ်။

တိုက်ပွဲတွေကြောင့် ကယားပြည်နယ်အတွင်း ရိုမန်ကက်သလစ် ခရစ်ယာန်ဘာသာဝင် ကိုးသောင်းဝန်းကျင်ထဲက သုံးပုံနှစ်ပုံနီးပါး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရတာပါ။

အာဏာသိမ်း စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ် မှုတွေကြောင့် အမျိုးသမီးတွေ၊ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေ၊ နီးရာမြို့ရွာတွေ၊ ခရစ်ယာန်ဘုရားကျောင်းတွေနဲ့ တောတောင်တွေမှာ ခိုလှုံနေကြရပါတယ်။

နိုင်ငံအတွင်း ခရစ်ယာန်အသင်းတော်နယ် ၁၆ ခုထဲက ဟားခါး၊ ကလေး၊ လွိုင်ကော်နဲ့ ဖယ်ခုံ မြို့နယ်တွေမှာ ဖေဖော်ဝါရီလ ၁ ရက်၊ စစ်တပ် အာဏာသိမ်းခဲ့ပြီးတဲ့နောက် ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြပွဲတွေနဲ့အတူ၊ ပြန်လည်ခုခံရေး တပ်ဖွဲ့သစ်တွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။

ကြီးထွားလာတဲ့ ပဋိပက္ခနဲ့အတူ ခရစ်ယာန်ဘုရားကျောင်းတွေ ဗုံးကြဲခံရ၊ ဝင်ရောက် စီးနင်းခံရတာတွေနဲ့အတူ ခရစ်ယာန် ဘာသာဝင်တွေနဲ့ လက်နက်မဲ့ပြည်သူ အများအပြား သေဆုံးခဲ့ကြရပါတယ်။

လေကြောင်းပစ်ခတ်မှုအပါအဝင် တိုက်ပွဲတွေအတွင်း ရိုမန်ကက်သလစ်ဘုရားကျောင်း အနည်းဆုံး ခုနစ်ကျောင်း လက်နက်ကြီး ထိမှန်ခဲ့ပြီး ခရစ်ယာန်အသင်းတော်နယ်ပယ် ၃၈ ခုထဲက ၁၆ ခုမှာ စစ်ပွဲဒဏ် အပြင်းအထန် ခံစားခဲ့ရပါတယ်။

ရှမ်းပြည်နယ်နဲ့ ကယားပြည်နယ်နယ်စပ်က နေရာတချို့မှာလည်း စစ်ရေးပဋိပက္ခတွေနဲ့ ရင်ဆိုင်နေရပြီး ဘုရားကျောင်းတွေ၊ သီလရှင်ကျောင်းတွေနဲ့ ဘာသာရေးဆိုင်ရာ နေရာတွေ ကိုလည်း စစ်တပ်ရဲ့ လက်နက်ကြီးတွေ ကျရောက်ခဲ့ပါတယ်။

kayah-child.jpg
ကယားပြည်နယ်အတွင်းက တိုက်ပွဲတွေကြောင့် ထွက်ပြေးနေရတဲ့ စစ်ဘေးဒုက္ခသည် ကလေးငယ်တစ်ဦးကို ၂၀၂၁ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တွေ့ရစဉ်။ (Photo: MPA)

စစ်တပ်ဟာ အရပ်ဘက်ပြည်သူတွေကို သတ်ဖြတ်၊ စစ်ပွဲတွေအတွင်း လူသားဒိုင်းသဖွယ် အသုံးချ စတဲ့ စစ်ရာဇဝတ်မှုမြောက်တဲ့ လုပ်ရပ်တွေ ကျူးလွန်ခဲ့ကြောင်း Fortify Rights လူ့အခွင့်အရေးအဖွဲ့က ပြီးခဲ့တဲ့လက ထုတ်ပြန်ခဲ့သလို Karenni Civil Society Network ကလည်း ကယားပြည်နယ်အတွင်း အရပ်ဘက်ပြည်သူ အနည်းဆုံး တစ်သိန်းခုနစ်သောင်း အိုးအိမ်စွန့်ခွာခဲ့ကြရကြောင်း ဖော်ပြခဲ့ပါတယ်။ အဲဒီအရေအတွက်ဟာ ကယားပြည်သူ လူဦးရေရဲ့ တစ်ဝက်ကျော် ရှိပါတယ်။

ရိုမန်ကက်သလစ်၊ ဘက်ပတစ်နဲ့ တခြား ခရစ်ယာန်အသင်းတွေ အားကောင်းတဲ့ ချင်းပြည်နယ်ကို စစ်ကောင်စီ တပ်တွေက ရည်ရွယ်ချက်ရှိရှိနဲ့ တိုက်ခိုက် ဖျက်ဆီးခဲ့ကြ တာပါ။ ပြီးခဲ့တဲ့ ခရစ်စမတ် အကြိုနေ့ မှာလည်း ဖရူဆိုမြို့နယ် မိုဆိုရွာမှာ ကလေးငယ် နှစ်ဦး အပါအဝင် အရပ်သား ၃၅ ဦးကျော်ကို စစ်တပ်က သတ်ဖြတ်ပြီး အလောင်းတွေကို မီးရှို့ခဲ့ကြပါတယ်။

ကယားပြည်နယ်မှာ ၂၀၂၁ ခုနှစ် မေလက စပြီး အိမ်ခြေ ၆၅၀ ကျော် မီးလောင်ကျွမ်းခံရ၊ ခရစ်ယာန် ဘုရားကျောင်းတွေ၊ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းတွေနဲ့ စာသင်ကျောင်းတွေ အပါအဝင် အရပ်ဘက်ပြည်သူတွေရဲ့ ပိုင်ဆိုင်မှုတွေ ဖျက်ဆီးခံခဲ့ရကြောင်း ကုလသမဂ္ဂ အစီရင်ခံစာတွေက ဖော်ပြပါတယ်။

ကယားပြည်နယ်အတွင်း ရိုမန်ကက်သလစ်ဘာသာဝင် ကိုးသောင်းဝန်းကျင်ရှိတဲ့အထဲက သုံးပုံနှစ်ပုံဟာ အိုးအိမ်စွန့်ထွက်ပြေးနေကြရတာပါ။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာ သိမ်းချိန်ကစပြီး အခုထိ ကလေးငယ် အနည်းဆုံး ၅၀ အပါအဝင်၊ သတ်ဖြတ်ခံရတဲ့ အရပ်ဘက်ပြည်သူ ၁၆ဝဝကျော်၊ ဖမ်းဆီးခံရသူ တစ်သောင်းနှစ်ထောင်ကျော် ရှိပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။