နိုင်ငံသားအဖြစ်ရပ်စဲမှု လူ့အခွင့်အရေးချိုးဖောက်ရာရောက်ကြောင်း ဝေဖန်
2022.03.07
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြတဲ့သူတွေထဲက ထင်ရှားသူတချို့ဟာ နိုင်ငံသားအဖြစ်က ရုပ်သိမ်းခံနေရပါတယ်။ ဒါဟာလူ့အခွင့်အရေးချိုးဖောက်ခံရပဲလို့ ကာယကံရှင်တွေ၊ ဥပဒေပညာရှင်တွေက တုံ့ပြန်ကြပါတယ်။
“ဥပဒေကို လိုရာဆွဲသုံးပြီး ငါတို့ဘယ်လိုလုပ်လို့ရမလဲဆိုပြီး အကြံထုတ်ပြီး အကြံကုန် ဂဋ္ဌုန်ဆားချက်တဲ့ ကြေညာချက်မျိုးဖြစ်တယ်လို့သာ သုံးသပ်ချင်တယ်”
စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တော်လှန်နေကြသူတွေထဲက ထင်ရှားသူတချို့ အခုမတ်လအတွင်းမှာ နိုင်ငံသားအဖြစ်ကနေ ရပ်စဲခံနေရပါတယ်။ မတ်လ ၇ ရက်နေ့အထိ ရပ်စဲခံရသူပေါင်း ၁၆ ဦးရှိသွားပါပြီ။
၁၉၈၂ခု မြန်မာနိုင်ငံသားဥပဒေကို လိုသလိုအသုံးချပြီး စစ်ကောင်စီက နိုင်ငံသားအဖြစ်က ရပ်စဲနေတဲ့ လုပ်ရပ်ဟာ ဥပဒေအရ ဘောင်မဝင်ဘူးလို့ တရားလွှတ်တော်ရှေ့နေ ဦးဇော်မင်းလှိုင်က ဝေဖန်ပါတယ်။
“ဥပဒေကို လိုရာဆွဲသုံးပြီး ငါတို့ဘယ်လိုလုပ်လို့ရမလဲဆိုပြီး အကြံထုတ်ပြီး အကြံကုန် ဂဋ္ဌုန်ဆားချက်တဲ့ ကြေညာချက်မျိုးဖြစ်တယ်လို့သာ သုံးသပ်ချင်တယ်။ ဥပဒေနဲ့ လျော်ညီတဲ့ ကြေညာချက်မျိုးမဟုတ်ဘူး။ နောက် ကြေညာချက်တွေဆက်ပြီး ဆက်ထွက်လာစရာအကြောင်းအမျိုးမျိုးရှိတယ်။”
အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ လူ့အခွင့်အရးဝန်ကြီး ဦးအောင်မျိုးမင်းဟာ စစ်ကောင်စီရဲ့ နိုင်ငံသား အဖြစ်က ရပ်စဲသူတွေရဲ့ စာရင်းထဲမှာ ပါဝင်သူတစ်ဦးဖြစ်ပါတယ်။
“၈၈ တုန်းကတော့ အခုလိုမျိုးနိုင်ငံသားအဖြစ်ရပ်စဲတာမရှိဘူး။ ပြည်ပကိုရောက်နေတဲ့ သူတို့နဲ့ဆန့်ကျင်ပြီး လုပ်ဆောင်နေတဲ့သူတွေကို နိုင်ငံသားအဖြစ်ရပ်စဲဖို့ သူတို့က ဘာကိုလုပ်လည်းဆိုတော့ အရင်တုန်းကလို သုံးခေါက်ချိုး မှတ်ပုံတင်မဟုတ်တော့ဘဲ မှတ်ပုံတင်အသစ်ပြန်ပြောင်းလိုက်တယ်။ အိမ်ထောင်စုစာရင်းတွေကို အလိုလို ပြန်စစ်လိုက်တယ်။ ပြန်ပြီးတော့ မပါလာတဲ့သူတွေကို တွက်ပြီးတော့ ဒါနိုင်ငံခြားရောက်နေတယ်။ သူတို့ကို ဆန့်ကျင်တဲ့သူလို့ သတ်မှတ်ပြီး လုပ်ခဲ့တာ။အဲ့ဒီတုန်းက သူတို့ဘက်က တိုင်းပြည်ကို အုပ်စီးနိုင်တယ်။ CDM တို့ဘာတို့လည်း မရှိဘူး။ တစ်နှစ်ကျော်ကျော်အထိ ပြည်သူလူထုဆန့်ကျင်တဲ့ အရာမျိုးမရှိတော့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကို စီးပြီးတော့ လုပ်နိုင်ခဲ့တယ်။ ”
ဒီဥပဒေကို အသုံးပြုပြီး နိုင်ငံသားအဖြစ်ကနေ ရပ်စဲတာဟာ ပထမဆုံးဖြစ်တယ်လို့ ဥပဒေပညာရှင်တွေနု့ နိုင်ငံရေးအသိုင်းအဝိုင်းက ပြောကြပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG က ဝန်ကြီး ၈ ဦးအပါအဝင် ၁၁ ဦးကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း စစ်ကောင်စီက အခုလ ၄ ရက်နေ့က ကြေညာခဲ့သလို မတ်လ ၇ ရက်နေ့မှာလည်း NUG ဝန်ကြီးတစ်ဦး အပါ အဝင် တော်လှန်ရေးမှာ ပါဝင်ဆောင်ရွက်သူ နောက်ထပ် ၅ ဦးကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း စစ်ကောင်စီက ထပ်မံကြေညာလိုက်တာပါ။
“မြန်မာနိုင်ငံသားဖြစ်ခွင့်မဖြစ်ခွင့်ကို ဆုံးဖြတ်ပိုင်ခွင့်မရှိသလို ဆုံးဖြတ်လို့လည်းမရဘူး။ မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုတာက မွေးရာပါဖြစ်တယ်။"
မြန်မာနိုင်ငံသားဖြစ်ခွင့်ဟာ မွေးရာပါအခွင့်အရေးဖြစ်လို့ ဒါကို ပယ်ဖျက်လို့ မရဘူးလို့ NUG ရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးဝန်ကြီး ဒေါက်တာဆာဆာ ကပြောပါတယ်။
“မြန်မာနိုင်ငံသားဖြစ်ခွင့်မဖြစ်ခွင့်ကို ဆုံးဖြတ်ပိုင်ခွင့်မရှိသလို ဆုံးဖြတ်လို့လည်းမရဘူး။ မြန်မာနိုင်ငံသား ဖြစ်တယ်ဆိုတာက မွေးရာပါဖြစ်တယ်။ သူတို့ကယူခွင့်လည်းမရှိသလို ပေးခွင့်လည်း မရှိဘူး။ ဒါက အာဏာရှင်တွေရဲ့ လက္ခဏာဖြစ်တယ်။ တဖက်ကပြောမယ်ဆိုရင်တော့ စစ်အာဏာရှင်တွေက ကျဆုံးနေပြီ။ သူတို့က တခြားရွေးချယ်စရာမရှိတော့ဘူး။ ”
မတ်လ ၄ ရက်နေ့က စစ်ကောင်စီက အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပညာရေးနဲ့ ကျန်းမာရေး ဝန်ကြီး ဒေါက်တာဇော်ဝေစိုး၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်၊ ပြည်ထဲရေးနဲ့ လူဝင်မှု ကြီးကြပ်ရေးဝန်ကြီး ဦးလွင်ကိုလတ်၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီး ဦးအောင်မျိုးမင်း၊ အပြည် ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက် ရေးဝန်ကြီး ဒေါက်တာဆာဆာ၊ အမျိုးသမီးလူငယ်နဲ့ ကလေးသူငယ်ရေးရာ ဒုတိယဝန်ကြီး ဒေါ်အိသဉ္ဇာမောင်၊ ဆက်သွယ်ရေးသတင်းအချက်အလက်နဲ့ နည်းပညာဝန်ကြီး ဦးထင်လင်းအောင်၊ နိုင်ငံခြား ရေးဝန်ကြီး ဒေါ်ဇင်မာအောင်၊ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင် ကိုမင်းကိုနိုင်၊ နိုင်ငံရေးလှုပ်ရှားသူတွေဖြစ်တဲ့ အိပန်ဆယ်လိုနဲ့ ဦးမျိုးရန်နောင်သိမ်း တို့ကို မြန်မာနိုင်ငံသားအဖြစ်က ရပ်စဲလိုက်ပါတယ်။
မတ်လ ၇ ရက်နေ့မှာ အဆိုတော် ဆောင်းဦးလှိုင်၊ အစီစဉ်တင်ဆက်သူ ဦးမောင်မောင်အေး၊ စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ခင်မမမျိုး၊ အလုပ်သမားအရေးဆောင်ရွက်သူ ဦးမောင်မောင် (ခ) ပြည်သစ်ညွှန့်ဝေ၊အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းတို့ကို နိုင်ငံသားအဖြစ်ကနေ ရပ်စဲကြောင်း ထပ်မံကြေညာလိုက်ပါတယ်။
တော်လှန်ရေးမှာပါဝင်နေကြသူတွေကို နိုင်ငံတကာစင်မြင့်ကိုရောက်မလာစေချင်လို့ စစ်ကောင်စီက အခုလိုလုပ်တာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း ကယူဆပါတယ်။
“နိုင်ငံရေးအရပါပဲ။ နိုင်ငံတကာအဖွဲ့အစည်းတွေမှာ ဒီလိုကြေညာလိုက်ခြင်းအားဖြစ် ဒီလူတွေဟာ မြန်မာနိုင်ငံသားမဟုတ်ဘူး ဆိုတာမျိုးပေါ့။ နောင်မှာ ဖြစ်လာနိုင်တဲ့ အာဆီယံအသင်းက မြန်မာနိုင်ငံရဲ့ ကိုယ်စား အသိမှတ်ပြုတဲ့ကိစ္စတွေ နောက်တစ်ခါ ICC တို့ ICJ တို့မှာ နေရာအသိမှတ်ပြုတဲ့ကိစ္စ တောင်းဆိုတဲ့ အရာတွေအတွက် ကြိုပြီးတော့ ကာထားတဲ့သဘောပါ။”
နိုင်ငံတော်ရဲ့တည်ဆဲဥပဒေတွေကို ကျူးလွန်ပြီး ပြည်ပနိုင်ငံတွေကို တရားမဝင်ထွက်ခွာသွားကြသလို မြန်မာနိုင်ငံရဲ့အကျိုးကို ထိခိုက်စေတဲ့ လုပ်ရပ်တွေ ဆောင်ရွက်တာကို ဖော်ထုတ်တွေ့ရှိတဲ့အတွက် ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေပုဒ်မ ၁၆ အရ နိုင်ငံသားအဖြစ်ကနေ ရပ်စဲလိုက်တာလို့ စစ်ကောင်စီက ဆိုပါ တယ်။
နိုင်ငံသားအဖြစ် အတင်းအဓမ္မရုပ်သိမ်းတာဟာ ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုဖြစ်တယ်လို့ အမေရိကန်နိုင်ငံရောက် လူ့အခွင့်အရေးလှုပ်ရှားသူ မဝေဝေနုက ပြောပါတယ်။
“တချို့နိုင်ငံတွေမှာ ကျွန်မတို့ Dual Citizenship တောင်ပေးပါတယ်။ ကိုယ့်ရဲ့မိခင်နိုင်ငံမှာ နိုင်ငံသားဖြစ်ပြီးတော့ တခြားနိုင်ငံတစ်ခုခုမှာလည်း နိုင်ငံသားအဖြစ်ဖြစ်ခွင့် ရတာမျိုးတွေပေါ့။ European နိုင်ငံတွေဘာတွေ တော်တော်များများမှာ Dual Citizenship ယူလို့ရတာတွေ တော်တော်များများရှိတယ်။ ဒီမှာက နှစ်နိုင်ငံမှာ နိုင်ငံသားဖြစ်ခွင့်မပြောနဲ့ ကိုယ့်ရဲ့ နိုင်ငံမှာတောင်မှ နိုင်ငံသားဖြစ်ခွင့်မပေးတာ အခုဆိုရင် အတင်းအဓ္ဓမ ရုပ်သိမ်းတာတွေဟာ လက်ခံနိုင်စရာမရှိသလို ကြီးမားတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်တယ်။”
၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသား ဥပဒေဟာ ဖိနှိပ်မှုတွေပါတဲ့ ဥပဒေဖြစ်လို့ NUG က ပယ်ဖျက်သွားမယ့် ဥပဒေတစ်ခု ဖြစ်တယ်လို့ ဝန်ကြီးဦးအောင်မျိုးမင်းကပြောပါတယ်။
စစ်ကောင်စီက ကိုးကားပြီး နိုင်ငံသားအဖြစ်ရပ်စဲလိုက်တဲ့ မြန်မာနိုင်ငံသား ဥပဒေပုဒ်မ ၁၆ မှာ နိုင်ငံသားတစ်ဦးဟာ နိုင်ငံတော်က အပြီးတိုင်ထွက်ခွာတာ၊ တခြားနိုင်ငံသား အဖြစ်ခံယူတာ၊ မှတ်ပုံတင်တာ၊ အခြားနိုင်ငံကူးလက်မှတ် ဒါမှမဟုတ် အလားတူ လက်မှတ် ထုတ်ယူမယ်ဆိုရင် နိုင်ငံသား အဖြစ်မှ ရပ်စဲနိုင်တယ်လို့ ဆိုထားပါတယ်။
ပုဒ်မ ၁၇ မှာတော့ မွေးရာပါနိုင်ငံသားတစ်ဦးကို ပုဒ်မ ၁၆ နဲ့ ငြိစွန်းလို့ နိုင်ငံသားအဖြစ်မှ ရပ်စဲတဲ့ကိစ္စမှတစ်ပါး တခြားမည်သည့်အခြေအနေမှာမှ နိုင်ငံသားအဖြစ် ရုပ်သိမ်းခွင့်မရစေရလို့ ပြဌာန်းထားပါတယ်။
လူ့အခွင့်အရေးကြေညာစာတမ်း ပုဒ်မ ၁၅ မှာလည်း လူတိုင်းနိုင်ငံသားဖြစ်ခွင့်ရှိပြီး ဘယ်သူမှ မိမိနိုင်ငံသားကို နိုင်ထက်စီးနင်း နှုတ်ပယ်ခြင်းမပြုရ၊ မိမိနိုင်ငံသားအဖြစ် ပြောင်းလဲပိုင်ခွင့်ကို ငြင်းပယ်ခြင်းမပြုရလို့ ပြောထားတဲ့ အတွက် စစ်ကောင်စီရဲ့ နိုင်ငံသားအဖြစ်ရပ်စဲတဲ့ လုပ်ဆောင်ချက်တွေဟာ ဥပဒေအရ၊ လူ့အခွင့်အရေး ကြေညာစာတမ်းအရ မကိုက်ညီဘူးလို့ ဥပဒေသမားနဲ့ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ထောက်ပြနေကြပါတယ်။