မြန်မာ့ပြဿနာ အာဆီယံ ဆက်ပြီးရင်ဆိုင်ရဦးမည်
2022.01.18

နှစ် ၂၀၂၂ ခုနှစ်အတွင်း အာဆီယံအဖွဲ့အနေနဲ့၊ မြန်မာ့နိုင်ငံရေး အကျပ်အတည်းအပေါ် နိုင်ငံတကာအသိုင်းအဝန်းရဲ့ ဝေဖန်မှုတွေနဲ့ ဆက်လက် စခန်းသွားရဦးမှာ ဖြစ်ကြောင်း East Asia Forum သတင်းက ဖော်ပြပါတယ်။ ပြီးခဲ့တဲ့နှစ် ဧပြီလ ၂၄ ရက်နေ့ အာဆီယံညီလာခံက မြန်မာ့အခြေအနေနဲ့ ပတ်သက်ပြီး အချက်ငါးချက်ပါ သဘောတူညီချက်ကို ထုတ်ပြန်ခဲ့ပါတယ်။
ညီလာခံမှာ နိုင်ငံရေးကိုယ်စားလှယ် မဟုတ်သူတွေကိုပါ ဖိတ်ခေါ်ခဲ့ပေမဲ့ ၃၈ ကြိမ်နဲ့ ၃၉ ကြိမ်မြောက် ညီလာခံတွေမှာ မြန်မာအာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကို တက်ရောက်ခွင့် ပိတ်ပင်ခဲ့ပါတယ်။ မြန်မာဘက်ကလည်း ပြန်လည်တုံ့ပြန်တဲ့အနေနဲ့ အဲဒီဆွေးနွေးပွဲတွေနဲ့ ကမ္ဘောဒီးယားက ဦးဆောင်ကျင်းပတဲ့ ၁၃ ကြိမ်မြောက် အာရှ-ဥရောပဆွေးနွေးပွဲကို တရုတ်က ဖိတ်ခေါ်ပေမဲ့ မတက်ရောက်ခဲ့ပါဘူး။ ဒါ့ပြင် ကမ္ဘောဒီးယားက ကြီးမှူးကျင်းပတဲ့ ၁၃ ကြိမ်မြောက် အာရှ-ဥရောပ ဆွေးနွေးပွဲအပါအဝင် တခြား ဆွေးနွေးပွဲတွေကိုလည်း မတက်ရောက်ခဲ့ပါဘူး။
မြန်မာနဲ့အရင်ကတည်းက ဆက်ဆံရေးပြေလည်ခဲ့တဲ့ ထိုင်းနဲ့ ကမ္ဘောဒီးယားဟာ အခုအခါ အာဆီယံဆိုင်ရာ ဆွေးနွေးပွဲတွေကို မြန်မာ မတက်ရောက်တဲ့အပေါ် တခြား အာဆီယံနိုင်ငံတွေနဲ့အတူ ပြစ်တင်ဝေဖန်ခဲ့ကြပါတယ်။ ကမ္ဘောဒီးယား ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း အာဆီယံ ဥက္ကဋ္ဌ ကိစ္စမတိုင်ခင် မြန်မာအာဏာသိမ်း စစ်ကောင်စီနဲ့ဆွေးနွေးလိုတဲ့ လက္ခဏာရှိနေတာပါ။
ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလ ၆ ရက် နဲ့ ၇ ရက်နေ့တွေက မြန်မာစစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင် ကမ္ဘောဒီးယားကို သွားရောက်ခဲ့သလို ဝန်ကြီးချုပ် ဟွန်ဆန်ကလည်း ပြီးခဲ့တဲ့ ဇန်နဝါရီ ၇ ရက်နေ့က မြန်မာနိုင်ငံကို တရားဝင်လာရောက်ခဲ့ပါတယ်။
ဒါ့ပြင် မြန်မာစစ်ကောင်စီအရာရှိတွေကို အာဆီယံဆွေးနွေးပွဲတွေ တက်ရောက်ဖို့ ဖိတ်ကြားသင့်ကြောင်း၊ ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး Prak Sokhonn ကို အာဆီယံရဲ့လာမယ့် မြန်မာဆိုင်ရာ အထူးကိုယ်စားလှယ်အဖြစ် အမည်စာရင်းတင်သွင်းထားကြောင်းလည်း ဟွန်ဆန်က ပြောပါတယ်။
ဒါဟာ ကမ္ဘောဒီးယားအနေနဲ့ မြန်မာ မပါဝင်တဲ့အပေါ် မသက်မသာဖြစ်ရသလို အာဆီယံဥက္ကဋ္ဌအဖြစ် ဟန်ချက်ညီညီ၊ သဟဇာတကျကျ ဦးဆောင်မှု ပေးနိုင်ဖို့ အတွက်လည်း အရေးကြီးကြောင်း ပြောဆိုပါတယ်။ တကယ်လို့ ကမ္ဘောဒီးယားအနေနဲ့ မြန်မာစစ်ကောင်စီကို နောက်ကြောင်းပြန်လှည့်ဖို့ ဆွဲဆောင်တိုက်တွန်းနိုင်ရင် အာဆီယံနိုင်ငံတွေကလည်း လိုလိုလားလား လက်ခံကြမှာဖြစ်ကြောင်း ကျွမ်းကျင်သူတချို့က ဆိုပါတယ်။
ဇန်နဝါရီလ ၁၈ ရက် နဲ့ ၁၉ ရက်နေ့တွေမှာ ကျင်းပဖို့ စီစဉ်ထားတဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲကို ဆိုင်းငံ့လိုက်ပေမဲ့ ဆွေးနွေးပွဲမှာ မြန်မာစစ်ကောင်စီကို လက်ခံ၊ မခံ နှစ်ပိုင်းကွဲနေပါတယ်။ ၂၀၂၂ ခုနှစ်အတွင်းမှာတော့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှားနဲ့ ထိုင်းနိုင်ငံတွေက အဓိက ကျတဲ့ အခန်းမှာ ရှိနေမှာပါ။
ဗြိတိန်ကလည်း အီးယူဥရောပသမဂ္ဂကနေ နှုတ်ထွက်ပြီးတဲ့နောက် အာဆီယံဆွေးနွေးဘက် နိုင်ငံဖြစ်လာဖို့ ရှာကြံနေပါတယ်။ ဒါပေမဲ့ လက်ရှိ ၂၀၂၂ ခုနှစ် အတွင်း ဗြိတိန်-အာဆီယံ မိတ်ဖက်အဖြစ် ဘယ်နိုင်ငံက ကမကထပြု ညှိနှိုင်းဆောင်ရွက်ပေးမလဲဆိုတာ မကြေညာသေးပါဘူး။ အလှည့်ကျ ညှိနှိုင်းဆောင်ရွက်ရေးမှူးတွေကို ၂၀၂၁ ခုနှစ် ဇူလိုင်လမှာ ရွေးချယ်တာဖြစ်ပြီး လက်ရှိ တာဝန်ကျသူဟာ ၂၀၂၄ ခုနှစ် ဇွန်လအထိ ဆောင်ရွက်ရမှာပါ။

တရုတ်အတွက် ပူးပေါင်းဆောင်ရွက်ရေး နိုင်ငံသစ် ဖြစ်လာတဲ့ မြန်မာဟာ သတိပြုအခံရဆုံး ဖြစ်လာပါတယ်။ တကယ်လို့ မြန်မာနဲ့ ကမ္ဘောဒီးယားဟာ အာဆီယံဥက္ကဋ္ဌတွေ ဖြစ်လာခဲ့ရင် တရုတ်ကို ဦးစားပေးမှာ ဖြစ်တာကြောင့် အာဆီယံရဲ့ညီညွတ်မှု ထိခိုက်ယိုယွင်းသွားမှာ ဖြစ်သလို ဒေသတွင်းမှာ တရုတ်၊ အမေရိကန်နဲ့ တခြား အားကောင်းတဲ့ နိုင်ငံတွေကြား မဟာဗျူဟာမြောက် ယှဉ်ပြိုင်မှုတွေ ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။
ဒါ့ပြင် အာဆီယံဒေသတွင်းမှာ ကိုဗစ်-၁၉ ထိန်းချုပ်ရေးကလည်း အရေးကြီးလာနေပါတယ်။ ကမ္ဘောဒီးယားအနေနဲ့လည်း အာဆီယံ ဥက္ကဋ္ဌအနေနဲ့ မရေရာမှုတွေ ရှိနေပေမဲ့ ကူးစက်မှုကို ကျဆင်းသွားအောင် ထိန်းချုပ်ထားနိုင်ပြီး ဇန်နဝါရီလအစောပိုင်းကဆိုရင် ကမ္ဘောဒီးယားလူဦးရေရဲ့ ၈၈ ရာနှုန်း ကာကွယ်ဆေးထိုးနှံနိုင်ခဲ့ကြောင်း သိရပါတယ်။