ကျရှုံးနိုင်ငံအဖြစ် မြန်မာ သတ်မှတ်ခံရတော့မလား
2023.03.22

ကမ္ဘောဒီးယားနိုင်ငံက အလှည့်ကျ အာဆီယံဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့တဲ့ ၂၀၂၂ ခုနှစ် တစ်လျှောက်လုံး အာဆီယံအဖွဲ့တွင်းမှာ ပြဿနာအရှိဆုံးက မြန်မာနိုင်ငံဖြစ်ကြောင်း ဒီပလိုမက်သတင်းက ဖော်ပြပါတယ်။
မြန်မာဟာ Failed State လို့ ခေါ်ကြတဲ့ ကျရှုံးနိုင်ငံ ဖြစ်သွားပြီလား။ နိုင်ငံကို ထိန်းချုပ်နိုင်စွမ်း လျော့ပါးကျဆင်းလာနေတဲ့ သို့မဟုတ် လုံးဝမထိန်းချုပ်နိုင်တော့တဲ့ အာဏာသိမ်းစစ်ကောင်စီနဲ့ ဘာကြောင့်ဆွေးနွေးညှိနှိုင်းနေမှာလဲ ဆိုတဲ့ မေးခွန်းတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီမေးခွန်းတွေအတွက် အဖြေမထွက်ခဲ့သေးပါဘူး။
ကမ္ဘောဒီးယားပြီးရင် အင်ဒိုနီးရှားက အာဆီယံဥက္ကဋ္ဌအဖြစ် ဆက်လက်တာဝန်ယူရမှာပါ။ အင်ဒိုနီးရှားကတော့ ဒီလအတွင်း မြန်မာစစ်တပ်ရဲ့အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့မှု လေးခုအပါအဝင် ရက်စက်ကြမ်းကြုတ်တဲ့ လုပ်ရပ်တွေ အရှိန်မြင့်လာတာနဲ့အမျှ တင်းတင်းမာမာ ပြတ်ပြတ်သားသားရပ်တည်သွားမှာဖြစ်ပြီး အဲဒီလုပ်ရပ်တွေအပေါ် ထပ်မံမေးခွန်းထုတ်ခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ် တွမ် အင်ဒရူး (Tom Andrews)ကလည်း မြန်မာစစ်ကောင်စီကို ရုရှားက ရောင်းခဲ့တဲ့ လက်နက်တွေဟာ ယူကရိန်းပြည်သူတွေနဲ့ မြန်မာပြည်သူတွေကို သတ်ဖြတ်ခဲ့တဲ့ အမျိုးအစားတူလက်နက်တွေ ဖြစ်ကြောင်း၊ ပိုပြီးအရေးကြီးတာက စစ်ကောင်စီအုပ်ချုပ်မှုအောက်မှာ မြန်မာ နိုင်ငံဟာ Failed State လို့ ခေါ်ကြတဲ့ ကျရှုံးနိုင်ငံအဖြစ်နဲ့ အခြေအနေတွေ ပိုမိုဆိုးရွားလာဖွယ်ရှိကြောင်း သတိပေးပြောဆိုပါတယ်။
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာကိုယ်စားလှယ် နိုလင်းဟေဇာ (Noeleen Heyzer) ကလည်း မြန်မာနိုင်ငံမှာ ပြဿနာကို ဆွေးနွေးညှိနှိုင်းအဖြေရှာရေးအတွက် အလားအလာမရှိကြောင်း ကုလသမဂ္ဂအထွေထွေညီလာခံမှာ ပြောဆိုခဲ့ဖူးပါတယ်။
မအောင်မြင်တဲ့ နိုင်ငံတစ်ခုအတွက် မအောင်မြင်ရတဲ့အကြောင်း တိတိကျကျ သတ်မှတ်ထားတဲ့ အဓိပ္ပာယ်ဖွင့်ဆိုချက် မရှိပါဘူး။ ဒါပေမဲ့ ထိထိရောက်ရောက် ဆောင်ရွက်စီမံအုပ်ချုပ်နိုင်စွမ်း ကင်းမဲ့လို့ဆိုတဲ့ အချက်တော့ ရှိပါလိမ့်မယ်။
အဲဒီထဲမှာ နိုင်ငံတွင်းက ပြည်သူတွေ၊ နိုင်ငံ့ပထဝီအပိုင်းအခြား၊ နိုင်ငံတွင်းက လမ်း၊ တံတား၊ လေဆိပ်၊ စာသင်ကျောင်း၊ ဆေးရုံ စတဲ့ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်တဲ့ အခြေခံအဆောက်အဦတွေ ဖွံ့ဖြိုးမှု အားနည်းတာလည်း ပါဝင်ပါတယ်။ အဲဒါတွေက နိုင်ငံ့စီးပွားရေးကို ထိန်းချုပ်နေတာလည်း ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ မြန်မာဆိုင်ရာအထူးအကြံပေးကောင်စီက ထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာအကျဉ်းချုပ်မှာ အာဏာသိမ်း စစ်ကောင်စီဟာ ထိရောက်တဲ့ ထိန်းချုပ်မှုမရှိဘဲ နိုင်ငံနယ်နိမိတ်ရဲ့ ၁၇ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်နိုင်ကြောင်း၊ အမျိုးသား ညီညွတ်ရေးအစိုးရ NUG နဲ့ ခုခံရေးအဖွဲ့တွေက ၅၂ ရာခိုင်နှုန်း၊ ကျန်တဲ့ ၂၃ ရာခိုင်နှုန်း က စစ်တပ်နဲ့ အတိုက်အခံ အင်အားစုတွေ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ဒီအတွင်း Fund for Peace ခေါ် ငြိမ်းချမ်းရေး ရန်ပုံငွေအဖွဲ့က FSI ခေါ် ကမ္ဘာ့နိုင်ငံတွေရဲ့အထိမခံတဲ့ အခြေအနေ အချက်အလက်တွေအပေါ် တိုင်းတာရရှိတဲ့ညွှန်းကိန်းကို နှစ်စဉ်ထုတ်ပြန်နေပါတယ်။
၂ဝ၂၂ ခုနှစ်အတွင်း တိုင်းတာချက်အရ ယီမင်၊ ဆိုမာလီယာ၊ ဆီးရီးယား၊ တောင်ဆူဒန်နဲ့ ဗဟိုအာဖရိကသမ္မတနိုင်ငံတို့က ရမှတ်အဆိုးဆုံးနိုင်ငံတွေ စာရင်းမှာ ပါဝင်ပါတယ်။ မြန်မာကတော့ ရမှတ် ၁ဝဝ နဲ့ အဆင့် ၁ဝ နေရာမှာ ရှိနေခဲ့ပြီး သူ့ရှေ့မှာ ချက်နဲ့ အာဖဂန်နစ္စတန်နိုင်ငံတွေ ရှိပါတယ်။
စစ်တပ်အာဏာသိမ်းခံထားရပြီး Failed State လို့ ခေါ်ကြတဲ့ မအောင်မြင်တဲ့ ကျရှုံးနိုင်ငံ မြန်မာဟာ အာဆီယံအဖွဲ့ဝင်နိုင်ငံအဖြစ်က ဆိုင်းငံ့ခံရနိုင်ဖွယ် ရှိပါတယ်။
ဒါ့အပြင် ICC နိုင်ငံတကာရာဇဝတ်ခုံရုံးအနေနဲ့လည်း မြန်မာအကြီးတန်းစစ်ခေါင်းဆောင်တွေကို စစ်ရာဇဝတ်မှု၊ လူမျိုးတုံးသတ်ဖြတ်မှုတွေနဲ့ ဝရမ်းထုတ်ဖမ်းဆီးနိုင်မှာဖြစ်ကြောင်း ဒီပလိုမက်သတင်းက ဖော်ပြပါတယ်။