လက်နက်ကိုင် ပဋိပက္ခနဲ့ အရပ်သားသေဆုံးမှု ကမ္ဘာမှာ မြန်မာ အများဆုံးဖြစ်နေ

2022.09.22
လက်နက်ကိုင် ပဋိပက္ခနဲ့ အရပ်သားသေဆုံးမှု ကမ္ဘာမှာ မြန်မာ အများဆုံးဖြစ်နေ ချင်းပြည်နယ် မင်းတပ်မြို့မှာတွေ့ရသည့် စစ်ကောင်စီတပ်သားများ
Photo: Citizen Journalist

မြန်မာနိုင်ငံမှာ ၂၀၂၂ ခုနှစ် ပထမခြောက်လအတွင်း လက်နက်ကိုင်ပဋိပက္ခနဲ့ အရပ်သား သေဆုံး ထိခိုက်မှုတွေဟာ တခြားနိုင်ငံတွေထက် ပိုများပြီး ကမ္ဘာ့အများဆုံးနိုင်ငံ ဖြစ်နေ ကြောင်း အမေရိကန်အခြေစိုက် လက်နက်ကိုင် ပဋိပက္ခဒေသများနဲ့ အချက်အလက် ကောက်ယူရေးအဖွဲ့ (Armed Conflicts Location and Event Data Project – ACLED) က စက်တင်ဘာ ၁၈ ရက်နေ့က တွစ်တာလူမှုကွန်ရက်ကတစ်ဆင့် ထုတ်ပြန်ပါတယ်။

အဲဒီအဖွဲ့ဟာ ကုလသမဂ္ဂရဲ့ မိတ်ဖက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး မြန်မာအပါအဝင် ကမ္ဘာ့ ဖွံ့ဖြိုးဆဲနိုင်ငံ ၅၀ ကျော်က လက်နက်ကိုင် ပဋိပက္ခတွေရဲ့ တည်နေရာနဲ့ ဖြစ်စဉ်တွေကို စနစ်တကျ မှတ်တမ်းကောက်ယူနေတာပါ။

မြန်မာနိုင်ငံမှာ ၂၀၂၂ ဇန်နဝါရီကနေ ဇွန်လအထိ ပထမ ခြောက်လအတွင်း အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှုတွေ အရှန်အဟုန်နဲ့ ဆက်ဖြစ်နေပြီး အာဏာရယူထားတဲ့ စစ်ကောင်စီဘက်က အလွန်အကျွံ အင်အားသုံးဖြိုခွင်းတာ တွေ လုပ်ခဲ့တယ်လို့ ACLED အဖွဲ့က ပြောပါတယ်။ အဲဒီ ခြောက်လအတွင်း နိုင်ငံရေးအရ အကြမ်းဖက်မှုနဲ့ ဆန္ဒပြမှု အကြိမ် ၆၀၀၀ ကျော် ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

“အဲလိုမျိုးကျူးလွန်တဲ့ ပုဂ္ဂိုလ်အားလုံးဟာ အဆိုးဆုံး၊ အကြီးမြင့်ဆုံး စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာ"

သေဆုံးသူ၊ ထိခိုက်ဒဏ်ရာရသူ စုစုပေါင်း ၁၁,၀၀၀ ကျော်ရှိခဲ့တယ်လို့ ACLED အဖွဲ့က ဖော်ပြပါတယ်။ ဒါပေမဲ့ သေဆုံးသူ ဘယ်လောက်၊ ဒဏ်ရာရသူ ဘယ်လောက်ဆိုတာ ကိုတော့ အတိအကျ ပြောမထားပါဘူး။

မြန်မာစစ်တပ်ဟာ အကြီးမားဆုံး စစ်ရာဇဝတ်မှုတွေကို ကျူးလွန်နေပြီး ဒီကိစ္စတွေအတွက် မလွဲမသေ ပြစ်ဒဏ် ပြန်ခံရလိမ့်မယ်လို့ NUG သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် က ပြောပါတယ်။

“အဲလိုမျိုးကျူးလွန်တဲ့ ပုဂ္ဂိုလ်အားလုံးဟာ အဆိုးဆုံး၊ အကြီးမြင့်ဆုံး စစ်ရာဇဝတ်မှုကို ကျူးလွန်နေတာ။ အမိန့်ပေးတဲ့သူတွေ အဲလူတွေအကုန်လုံးမှာ တာဝန်ရှိတယ်။ သူတို့တွေဟာ စစ်ရာဇဝတ်မှုကျူးလွန်တဲ့ အတွက်ကြောင့် ထိုက်သင့်တဲ့ အပြစ်ဒဏ် ချမှတ်ခံရမှာ သေချာပါတယ်။ ရာဇဝတ်ဘေးက ပြေးမလွတ်ပါဘူး။ ကျနော်တို့ အမျိုးသားညီညွတ်ရေးအစိုးရ အဖွဲ့အနေနဲ့ကတော့ ပြည်သူတွေကို အတတ်နိုင်ဆုံး ကာကွယ်ပေးနိုင်ဖို့ ကြိုးစားပေးနေပါတယ်”

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် စက်တင်ဘာ ၁၆ ရက် တစ်ရက်တည်းမှာတင် ကလေးငယ် ခြောက်ဦး အပါအဝင် ဒေသခံ ၁၉ ဦး သေဆုံးခဲ့တာကို ကြည့်ရင် မြန်မာစစ်တပ်လောက် ဆိုးရွားတဲ့ စစ်တပ်မျိုး မရှိဘူးလို့လည်း ဦးကျော်ဇော်က ပြောပါတယ်။

စစ်တပ်အရာရှိဟောင်းတွေနဲ့ စုဖွဲ့ထားတဲ့ သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင် ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ကတော့ စစ်တပ်ကို ဆန့်ကျင်သူတွေက အရပ်သားတွေကြားမှာ နေရာယူပြီး တိုက်ခိုက်နေသ၍ အရပ်သား သေဆုံးမှုဆိုတာ မလွှဲသာ မရှောင်သာ ရှိနေမှာပဲလို့ ACLED အဖွဲ့ ထုတ်ပြန်ချက်အပေါ် တုံ့ပြန်ပြောဆိုပါ တယ်။

“အရပ်သားတွေကြားမှာ နေရာယူထားတဲ့ကာလပတ်လုံး သေဆုံးမှုဆိုတာ ရှိနေလိမ့် မယ်။ ဘာကြောင့် လဲဆိုတော့ စစ်ရဲ့သဘောတရားအရ စစ်ဘက်အာဏာပိုင်တွေဘက် က ညွှန်ကြားချက် ဘယ်လောက်ပဲ ထုတ်ထုတ် စစ်ပွဲတစ်ပွဲမှာ ကိုယ့်ကို ကျည်ဆန်မှန် လာ လို့ရှိရင် ကျည်ဆန်ထွက်လာတဲ့နေရာကို ပြန် ပစ်တာ ထုံးစံပဲ။ အဲတော့ ကြားထဲမှာ ညှပ်နေတဲ့သူကတော့ ထိခိုက်ရှနာ ရှိလိမ့်မယ်။ ဒါက ရှောင်လွှဲလို့ မရတဲ့ကိစ္စ”

အရပ်သားသေဆုံး ထိခိုက်မှု များရတာဟာ လက်နက်ကိုင်ခုခံသူတွေကို စစ်ကောင်စီဘက် က ကြည်း၊ ရေ၊ လေ အင်အားမျိုးစုံသုံးပြီး ချေမှုန်းတိုက်ခိုက်တာကြောင့် ဖြစ်ရတာလို့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင် က ပြောပါတယ်။

“PDF တွေဆိုတာက အရပ်သားတွေထဲက ထွက်လာတဲ့ အင်အားစုတွေ။ အဲတော့ သူတို့သေဆုံးမှု အနည်းဆုံး ဆိုတဲ့ကိစ္စက ကျနော်တို့ ဒီစစ်ကောင်စီရဲ့ ကြည်းကြောင်း ထိုးစစ်တွေ၊ လေကြောင်းထိုးစစ်တွေ၊ ရေကြောင်းထိုးစစ်တွေ အဲဒါတွေကြောင့်သာ အရပ်သားတွေသေနေတာ။ အဲဒါတွေကို လျော့ပါး ကျဆင်းအောင်ဆိုရင်တော့ ဒါ စစ်ကောင်စီကို သွားတောင်းပန်ရင် တောင်းပန်၊ ဒါမှမဟုတ်လို့ရှိရင် စစ်ကောင်စီ လုံခြုံရေးတပ်တွေကို အမြစ်ဖြုတ်ချေမှုန်းပစ်မှရမယ့် အနေအထားဖြစ်ပါတယ်”

ACLED ရဲ့ ထုတ်ပြန်ချက်အရ အခု ၂၀၂၂ ပထမခြောက်လအတွင်း အစိုးရလက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် အရပ်သားပြည်သူ ထိခိုက်သေဆုံးမှု ဟာ ကမ္ဘာမှာ မြန်မာက အများဆုံးဖြစ်ပြီး၊ ဒုတိယ အာဖဂန်နစ္စတန်နဲ့ တတိယ အများဆုံး က ယီမင်နိုင်ငံ ဖြစ်ပါတယ်။

letyetkoneschool.jpg
ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းရွာအား စစ်ကောင်စီတပ်မှ ရဟတ်ယာဉ်နှင့် ပစ်ခတ်ခဲ့တာကြောင့် ပျက်စီးခဲ့သည့် စာသင်ကျောင်းကို ၂၀၂၂ ခုနှစ် စက်တင်ဘာလ ၁၆ ရက်နေ့က တွေ့ရစဉ်။ (Photo: Citizen Journalist)

စစ်အစိုးရ လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ အကြမ်းဖက်မှုတွေဟာ ဒီခြောက်လအတွင်း တိုင်းနဲ့ပြည်နယ် ၁၄ ခုလုံးမှာ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။

NUG အစိုးရအနေနဲ့ အပြစ်မဲ့အရပ်သားတွေ သေဆုံးထိခိုက်နေတာကို နိုင်ငံတကာ သိအောင်လုပ်ပြီး အပြစ်ရှိသူကို မဖြစ်မနေ အရေးယူဖို့ လိုအပ်တယ်လို့ မြန်မာ လူ့အခွင့်အရေးကွန်ရက် (Burma Human Rights Network) ရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဝင်း က RFA ကို ပြောပါတယ်။

“ပြည်သူတွေ အသက်သာဆုံးဖြစ်ဖို့ အကောင်းဆုံးနည်းလမ်းကတော့ NUG မှာ တာဝန် ရှိတယ်။ NUG အနေနဲ့ ဒါကို နိုင်ငံတကာနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ ပိုပြီး ထိထိရောက်ရောက် ဆောင်ရွက်နိုင်ဖို့ လိုတယ်။ နောက်အရင်းအမြစ်တွေ ယူလာဖို့ လိုတယ်၊ မြန်မာပြည်ထဲကို။ အရင်းအမြစ်ဆိုတဲ့နေရာမှာ ပြည်သူတွေကို ဘယ်လို ကာကွယ် ပေးနိုင်မလဲ။ ဒါတွေကို အဓိက ဦးစားပေးဆောင်ရွက်သင့်တယ်ပေါ့နော်။ အခုက ဖြစ်နေပြီလေ။ ပြည်သူတွေကို (စစ်ကောင်စီက) အကြမ်းဖက် သတ်ချင်သလို သတ်နေပြီ။ လုပ်ချင်သလို လုပ်နေပြီ”

Burma Human Rights Network ရဲ့ စာရင်းမှတ်တမ်းတွေအရ စစ်ကောင်စီရဲ့သတ်ဖြတ် မှုကြောင့် သေဆုံးခဲ့တဲ့ အရပ်သားပြည်သူအရေအတွက်ဟာ လစဉ် ရာကျော်ရှိနေပြီး၊ အာဏာသိမ်း ၁၉ လကျော်အတွင်းမှာ ထောင်ကျော် ရှိနေပြီလို့လည်း ဦးကျော်ဝင်း က ပြောပါတယ်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ စက်တင်ဘာ ၂၁ ရက် ထုတ်ပြန် ချက်အရ မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင် စစ်ကောင်စီတပ်ရဲ့ ပစ်ခတ်ဖြိုခွင်းမှုတွေနဲ့ ဖမ်းဆီးနှိပ်စက်မှုတွေကြောင့် သေဆုံးသူ အရေအတွက် ၂၃၀၃ ဦး ရှိပါတယ်။

NUG အစိုးရကတော့ စစ်တပ်အာဏာသိမ်းပြီးနောက် နိုင်ငံတစ်ဝန်း သေဆုံးသူ အရေအတွက်ဟာ ၃၀၀၀ ကျော်ရှိကြောင်း အခုလဆန်းပိုင်းက ကျရောက်တဲ့ လက်နက်ကိုင်ခုခံမှု တစ်နှစ်ပြည့်မိန့်ခွန်းမှာ ယာယီသမ္မတ ဒူဝါလရှီးလ က ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။