မြောက်ဦးမြို့ကို ယဉ်ကျေးမှု ထိန်းသိမ်းရေးပညာရှင်တွေစိုးရိမ်
2019.03.18
ရခိုင်ပြည်နယ် မြောက်ဦးမြို့နယ်မှာ အစိုးရတပ်မတော်နဲ့ AA ရက္ခိုင့်တပ်မတော်တို့ တိုက်ပွဲတွေဖြစ်ပွားနေလို့ မြန်မာ့သမိုင်းအမွေအနှစ် ယဉ်ကျေးမှုအဆောက်အဦးတွေ ပျက်စီးတာတွေရှိသလို UNESCO ကမ္ဘာ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖို့ ကြိုးပမ်းမှုကိုလည်း အနှောင့်အယှက်ဖြစ်စေတယ်လို့ ဒေသခံတွေနဲ့ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်းရေးပညာရှင်တွေက ပြောကြပါတယ်။
RFA သတင်းထောက် ကိုကျော်သူ က စုစည်းတင်ပြထားပါတယ်။
■ ပြီးခဲ့တဲ့မတ်လ ၁၅ ရက်နေ့ညပိုင်းက မြောက်ဦးမြို့နယ်အတွင်း လက်နက်ကြီး ကျရောက်တာတွေ အပါအဝင် သေနတ်ပစ်ခတ်တာတွေကြောင့် အနောက်မြေထဲစေတီကို လက်နက်ကြီးကျည် ကျရောက်ထိမှန်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် ရှစ်သောင်းဘုရားအနီး လုံခြုံရေးတဲကိုလည်း လက်နက်ကြီးကျည် ထိမှန်ခဲ့တာတွေရှိခဲ့တာမို့ ယဉ်ကျေးမှုဇုန်အတွင်းပိုင်းနေရာအထိ ကျည်ဆံတွေ ကျရောက်ခဲ့တယ်ဆိုတာတွေဟာ ယဉ်ကျေးမှု အမွေအနှစ်တွေအတွက် စိုးရိမ်ဖွယ်ရာဖြစ်နေတယ်လို့ ပြောကြပါတယ်။
အခုဒီနှစ် စက်တင်ဘာလမှာ မြောက်ဦးမြို့ယဉ်ကျေးမှုအမွေအနှစ်ဇုန်ကို UNESCO ကမ္ဘာ့ ယဉ်ကျေးမှုအမွေအနှစ်ဆီ မူကြမ်းတင်ပြဖို့ရှိသလို ၂၀၂၀ ဖေဖော်ဝါရီလမှာတော့ အပြီးသတ်တင်ပြရမှာလည်း ဖြစ်ပါတယ်။
ပစ်ခတ်မှုတွေကို ရပ်တန့်ပေးဖို့ မြောက်ဦး ရှေးဟောင်းသုတေသနဌာနရဲ့ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက် က ပြောပါတယ်။
"တိုက်ပွဲဖြစ်တယ်ဆိုတာက ကျွန်တော်တို့ ဆောင်ရွက်နေတဲ့ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး ဆောင်ရွက်နေတာကို ထိခိုက်စေတာပေါ့နော်၊ ဒီအမွေအနှစ်တွေကို စီမံခန့်ခွဲအုပ်ချုပ် ထိန်းသိမ်းစောင့်ရှောက် နိုင်တာမရှိတဲ့အတွက် ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးကို အနှောင့်အယှက်ဖြစ်ပါတယ်၊ လက်ရှိအနေအထားတွေက ဇုန်ထဲမှာကျရောက်တာပေါ့လေ၊ ဒီရက်ထဲမှာဖြစ်တာ အနောက်မြေထဲစေတီထိတယ်၊ လက်နက်ကြီးကျည်စမှန်တယ်၊ ရှစ်သောင်းဘုရားအနီးက လုံခြုံရေးတဲကို လက်နက်ကြီးထိ မှန်တယ်၊ ဒါတွေကဇုံရဲ့အတွင်းထဲ ကျတဲ့နေရာတွေ၊ ဒီယဉ်ကျေးမှုအမွေအနှစ် အင်းပက်တော့ဖြစ်တာပေါ့၊ တစ်ကယ်တမ်းတော့ နှစ်ဖက်လက်နက်ကိုင် အဖွ့ဲအစည်းတွေငြိမ်းငြိမ်းချမ်းချမ်းဖြစ်မှ ကျွန်တော်တို့ရဲ့ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေးလုပ်ငန်းက ဆောင်ရွက်နိုင်မှာဖြစ်မှာလေ"
လက်နက်ကြီးတွေ လက်ပစ်ဗုံးတွေနဲ့ ယဉ်ကျေးမှုဇုံထဲမှာ ပစ်ခတ်နေကြတာကြောင့် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦးတွေ ပျက်စီးကွယ်ပျောက်သွားမှာကို စိုးရိမ်နေကြပါတယ်။
စစ်ပွဲတွေမြန်မြန်ငြိမ်းချမ်းစေချင်တယ်လို့ မြောက်ဦးယဉ်ကျေးမှုအမွေအနှစ်ဒေသ ထိန်းသိမ်းစောင့်ရှောက်ရေး ဥက္ကဋ္ဌ ဒေါ်ခင်သန်းက အခုလို ပြောပါတယ်။
"စစ်ပွဲဧရိယာသည် ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်ဧရိယာထဲမှာဖြစ်တဲ့အတွက် အစားထိုးမရနိုင်အောင် ပျက်စီးသွားနိုင်ပါတယ်၊ လက်နက်ကြီးတွေနဲ့ ဗုံးတွေနဲ့ လေယာဉ်တွေရယ် အပေါ်ကနေဖြတ်သန်းပြီး ပစ်မယ်ခတ်မယ်ဆိုရင် အစားထိုးမရတဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေ ပျောက်သွားမှာ အထူးစိုး ရိမ်နေကြပါတယ်၊ ယဉ်ကျေးမှုဇုန်ထဲ နေကြသူတွေနဲ့ ပြည်သူတွေကလည်း ငြိမ်းချမ်းချင်နေကြပါတယ်၊ ဆူပူတာ ယဉ်ကျေးမှုဇုန်အတွင်းမှာ ထိခိုက်တာတွေကို ဘယ်သူမှ မလိုလားကြပါဘူး၊ အေးချမ်းချင်ပါတယ်၊ အားလုံးက ငြိမ်းငြိမ်းချမ်းချမ်းနဲ့ စစ်ပွဲကိုအလိုမရှိပါဘူး"
ရခိုင်ဒေသမှာ ခုလို သမိုင်းဝင်ယဉ်ကျေးမှု အမွေအနှစ်အဆောက်အဦးတွေရှိတာမို့ ကမ္ဘာလှည့်ခရီးသွားတွေဟာ ၂၀၁၉ နှစ်ဆန်းပိုင်းကလည်းက လုံးဝရပ်တန့်သွားသလို ပြည်တွင်းခရီးသွားတွေဆိုရင်လည်း မြောက်ဦးဘက်မှာ တိုက်ပွဲတွေဖြစ်ပွားတယ်ဆိုတဲ့ အချိန်ကတည်းက လုံးဝလာရောက်တာ မရှိကြတော့ဘူးလို့လည်း သိရပါတယ်။
ဟိုတယ်၊ တည်းခိုခန်း၊ သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေလည်း ရပ်ဆိုင်းနေရတဲ့ အခြေအနေမှာ ရှိနေတယ်လို့ ဒေသခံလုပ်ငန်းရှင်တွေက ပြောပါတယ်။
မြောက်ဦး မင်းသမီး ဟိုတယ်လုပ်ငန်းရှင် ဦးဦးလှမြင့် က ---
"အဓိကက မြောက်ဦးမှာရှေးဟောင်းပစ္စည်းတွေ ရှေးဟောင်းအဆောက်အဦးတွေရှိလို့ လူတွေလာ ရောက်တာပေါ့ အခုက အဲဒီမှာတိုက်ပွဲတွေဖြစ်နေတဲ့အချိန်မှာ လုံးဝကို ရပ်သွားပြီလေ၊ အရင်ကတည်း ကလည်း မြောက်ဦးဟာ ဧည့်သည်လာတာနည်းပါတယ်၊ မြောက်ဦးမှာရှိတဲ့ ဟိုတယ် တည်းခိုခန်း သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေတော်တော်များများက အဲဒီဧည့်သည်ကိုမှီပြီးတော့လုပ်နေကြတဲ့သူ တွေရှိတယ်၊ အဲဒီလုပ်ငန်းတွေအကုန်လုံးဟာရပ်သွားပြီပေါ့၊ ကျွန်တော်စဉ်းစားလို့မရဘူးဗျ ဒီလူတွေ ဘယ်လိုအတွေးအခေါ်နဲ့ ဒီနေရာတွေမှာတိုက်သလဲတော့မသိဘူး၊ မြောက်ဦးမှာ ဘယ်နားပိုပဲကြည့် ကြည့် ဘုရားစေတီပုထိုးတွေ ပစ်ချင်တဲ့နေရာကိုပစ်ဗျာ ထိမှာပဲ"
မတ်လ ၁၅ ရက်နေ့ကနေ ဒီကနေ့အထိ မြောက်ဦးမြို့နယ်ထဲမှာ AA ရက္ခိုင့်တပ်မတော်က လှုပ်ရှားသွားလာတာ၊ တိုက်ပွဲဖြစ်ပွားတာလည်း မရှိကြောင်း AA သတင်းပြန်ကြားရေးတာဝန်ခံ ခိုင်သုခ က ပြောပါတယ်။
"အဲဒီမှာ ကျွန်တော်တို့နဲ့ တိုက်ပွဲဖြစ်ပွားတာ ဘာမှမရှိဘူး၊ ဗမာ့တပ်မတော်ဖက်ကတော့ တိုက်ပွဲအတုတွေ ဖန်တီးနေတယ်၊ ညအချိန်တွေမှာ ဟိုကပစ်ဒီကပစ်နဲ့ လူနေရပ်ကွက်ထဲကို လက်နက်ကြီးတွေမှန်တယ်၊ ရှေးဟောင်းအမွေအနှစ် စေတီတွေကိုမှန်ပြီး ပျက်စီးတာတွေရှိတယ်၊ ဗုဒ္ဓဘာသာနိုင်ငံမှာနေပြီးတော့ ဗုဒ္ဓဘာသာကိုးကွယ်တယ်လို့ ပြောပြီးတော့မှ ဘုရားစေတီတွေထဲ ဖိနပ်တွေစီးပြီးတော့ သွားနေကြတာတွေရှိသလို ရှေးဟောင်းယဉ်ကျေးမှု အမွေအနှစ်တွေထဲမှာ စခန်းချတဲ့ဟာတွေတောင်ရှိတယ်၊ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုအမွေအနှစ်တွေကို ဖျက်ဆီးနေတာ"
တပ်မတော်ဘက်ကတော့ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း AA အဖွဲ့က တပ်မတော်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်တာကြောင့် ပြန်လည်ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ RFA ကို ပြောပါတယ်။
ရှေးဟောင်းယဉ်ကျေးမှုဇုန်ထဲမှာ AA က နေရာယူထားတာတွေရှိတယ်လို့ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦး က ပြောပါတယ်။
"မြောက်ဦးမြို့မှာဆိုရင် ရှေးဟောင်းအဆောက်အဦးတွေ ပျက်တာ၊ လက်နက်ကြီးတွေကျတာ သူတို့ လျှောက်ပြောနေတာရှိတယ်၊ မြောက်ဦးမြို့ပေါ်မှာရှိတဲ့ ရှေးဟောင်းအမွေအနှစ် နေရာတွေမှာဆိုရင် AA က ပစ်ကျင်းတွေ တူးထားတာအများကြီးပဲ၊ သူတို့ပြောတာတစ်ခြား လုပ်တာတစ်ခြားဖြစ်နေတယ်"
ဒါကတော့ မြောက်ဦးမြို့နယ်တွင်း ပစ်ခတ်မှုတွေကြောင့် ယဉ်ကျေးမှုအမွေအနှစ် အဆောက်အဦးတွေ ပျက်စီးမှာကို စိုးရိမ်နေကြတဲ့အကြောင်း တင်ပြခဲ့တာဖြစ်ပါတယ်။