စစ်အာဏာရှင် ဖြုတ်ချရေး NUG တိုက်ပွဲခေါ်မှုမှာပါဝင်ဖို့ ပြည်သူအများစု ဆုံးဖြတ်ထား

အေးအေးမွန် (အော်စလို)
2021.09.08
စစ်အာဏာရှင် ဖြုတ်ချရေး NUG တိုက်ပွဲခေါ်မှုမှာပါဝင်ဖို့ ပြည်သူအများစု ဆုံးဖြတ်ထား ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်တွေကို တွေ့ရစဉ်
Photo: Ministry of Defence - NUG

အမျိုးသားညီညွတ်ရေးအစိုးရ NUG က အရေးပေါ် အခြေအနေကြေညာပြီး စက်တင်ဘာ ၇ ရက်ကစလို့ တစ်နိုင်ငံလုံးက ပြည်သူတွေ စစ်အာဏာရှင် ပြုတ်ကျရေးအတွက် လှည်းနေလှေအောင်း မြင်းဇောင်းမကျန် တွန်းလှန်တိုက်ဖျက်ကြဖို့ မနေ့က တိုက်တွန်းလိုက်ပါတယ်။

စစ်တပ်ဟာ ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းပြီးကတည်းက အပြစ်မဲ့ အရပ်သားတွေအပေါ် ကိုယ်ရောစိတ်ပါ ဒုက္ခပေးနေတာမို့ သည်းမခံနိုင်တော့တဲ့အတွက် ဇနီးနဲ့သားကို ထားခဲ့ပြီး တိုက်ပွဲမှာ အတူလိုက်ပါဖို့အထိ ဆုံးဖြတ်ထားတယ်လို့ ရန်ကုန်မြို့က အသက် ၃၅ နှစ်အရွယ် အမျိုးသား တစ်ဦးက RFA ကိုပြောပါတယ်။

"တောက်လျောက်ကြီး ဒီ ခုနစ်လတာ ကာလအတွင်းမှာ နေ့တိုင်းကျီးလန့်စာစားဘဝနဲ့ အမြဲတမ်း စိုးရိမ်ထိတ်လန့်မှုနဲ့ နေလာရတဲ့အချိန်မှာ နောက်ဆုံး ဘယ်လိုဖြစ်လာလဲဆိုတော့ လူတွေက သေရင် သေပါစေတော့၊ တိုက်လို့ပဲ သေသေ၊ သတ်လို့ပဲ သေသေ၊ ဘာပဲဖြစ်ဖြစ် ကိုယ်နိုင်ရာကိုယ် ပါတော့မယ်၊ သူတို့ (စစ်တပ်) ပေးတဲ့ ဒုက္ခက တော်သင့်ပြီလို့ ခံစားလို့ရတယ်။ အဲဒီတော့ ဘာပါဝင်လို့ရမလဲ။ ကျွန်တော်တို့ သတင်းအချက်အလက် ပေးလို့ရရင် သတင်းအချက်အလက် ပေးမယ်။ ဝင်တိုက်လို့ရမယ် ဆိုရင်လည်း ဝင်တိုက်မယ်။ ပြည်သူ တစ်ယောက်အနေနဲ့ မဖြစ်မနေ ဒီတိုက်ပွဲမှာ ပါဝင်တော့မယ်"

NUG အစိုးရ ယာယီသမ္မတ ဒူဝါလရှီးလရဲ့ ပြည်သူကိုပြောကြားတဲ့ အရေးပေါ်မိန့်ခွန်းမှာ ဒီတော်လှန်ရေးဟာ ပြည်သူ့တော်လှန်ရေးဖြစ်လို့ နိုင်ငံတစ်ဝန်းက ပြည်သူတွေအားလုံး ပူးပေါင်းပါဝင်ကြဖို့၊ ပြည်သူတွေအနေနဲ့ စက်တင်ဘာ ၇ ရက်ကစလို့ မလိုအပ်ဘဲ ခရီးမသွားဖို့နဲ့ တစ်ဦးချင်းစီရဲ့လုံခြုံမှုကို အထူးဂရုစိုက်ဖို့၊ ရိက္ခာနဲ့ ဆေးဝါးတွေ စုဆောင်းထားဖို့၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နဲ့ မဟာမိတ်တွေကို တတ်နိုင်သမျှ ကူညီစောင့်ရှောက်ကြဖို့၊ စစ်ကောင်စီတပ်တွေရဲ့လှုပ်ရှားမှုတွေကို PDF တွေထံ အချိန်မီ သတင်းပေးပို့ကြဖို့ စတဲ့အချက်တွေကို တိုက်တွန်းထားပါတယ်။

မန္တလေးမြို့က အမျိုးသားတစ်ဦးကတော့ NUG ရဲ့ အစီအစဉ်ဟာ အောင်မြင်မှု ရ၊ မရ မသိရပေမယ့် လက်တလောမှာတော့ ပြည်သူတွေ စိုးရိမ်ထိတ်လန့်နေရသလို ရုတ်တရက် ကုန်ဈေးနှုန်းကြီးမြင့်ခဲ့တာကြောင့် အခြေခံ လူတန်းစားတွေ အခက်တွေ့နေရပြီလို့ ဝေဖန်ပါတယ်။

"သူတို့ရဲ့တိုက်ပွဲက ဒီဒေးက အောင်၊ မအောင်တော့ မသိဘူး၊ လောလောဆယ် ပြည်သူတွေမှာ ဘာပြဿနာ တက်လဲဆို ကုန်ဈေးနှုန်းတွေမြင့်လာမှာ စိုးရိမ်ကြတယ်။ ဒါကပြည်သူတွေ ပထမဆုံး ထိတဲ့အချက်၊ သွားတဲ့လာတဲ့ နေရာမှာတွေလည်း နည်းနည်းစိုးရိမ်နေရတဲ့ အနေအထားမျိုးတွေ တွေ့ရတယ်။ အခုဆိုရင် ဘေလီတံတားဆင်းမှာ စစ်ကားကို ခုနစ်စီး၊ ရှစ်စီးလောက် ရပ်ထားတယ်။ ပြည်သူတွေက ဒီမှာများ စစ်ဖြစ်မလားဆိုပြီး အထိတ်တလန့်နဲ့ ပြောနေကြတာတွေ ကြားရတယ်"

မနေ့က ကိုယ်တိုင်ဈေးဝယ်ခဲ့တဲ့ ရန်ကုန်မြို့က အမျိုးသမီးတစ်ဦးကလည်း အမျိုးသားညီညွတ်ရေးအစိုးရက ပြည်သူတွေအနေနဲ့ လိုအပ်တဲ့ရိက္ခာတွေ ကြိုတင်စုဆောင်းထားဖို့ ကြေညာလိုက်ချိန်မှာပဲ အရင်က ကျပ် ၄၆၀၀၀ တန် ဆန်တစ်အိတ်ဟာ အခု ၅၀၀၀၀ ကျပ်အထိ ဈေးတက်သွားပြီး ၂၀၀၀၀ ကျပ်တန် ဆီတစ်ပုံးဟာ ၂၅၀၀၀ ကျပ်အထိ တစ်ရက်အတွင်း ဈေးခုန်တက်သွားတယ်လို့ ပြောပါတယ်။

cookingoil-shop.jpg
ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်ရှိ စားသုံးဆီ အရောင်းဆိုင်တစ်ဆိုင်ကို ၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့က တွေ့ရစဉ်။

ဒါပေမဲ့ ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတစ်ဦးအနေနဲ့ဆိုရင်တော့ စစ်အုပ်ချုပ်ရေး ကြာရှည်သွားမှာလောက် ဘယ်အရာကမှ ကြောက်စရာမကောင်းဘူးလို့ သူက ဆိုပါတယ်။

သူ့အနေနဲ့ NUG က ညွှန်ကြားထားတဲ့အတိုင်း လိုအပ်တဲ့ ရိက္ခာနဲ့ ဆေးဝါးတွေကို ဝယ်ယူစုဆောင်းထားပြီး ဖြစ်သလို အနီးပတ်ဝန်းကျင်မှာ တိုက်ပွဲတွေ ဖြစ်လာခဲ့မယ်ဆိုရင် PDF တွေကို ကူညီပေးသွားမယ်လို့လည်း RFA ကို ပြောပါတယ်။

"ရိက္ခာတွေ စုဆောင်းထားတယ်။ လိုအပ်တာတွေပေါ့။ ဈေးကလည်းတက်နေတော့ အများကြီးကလည်း ဝယ်လို့မရဘူး။ ဆေးဝါးတွေ ဘာတွေ ပြင်ထားတာပေါ့။ ချက်ချင်းကြီး ထဖြစ်မယ်ဆိုတာမျိုးတော့ မထင်ထားဘူး။ မြန်မြန်ဆန်ဆန် ဖြစ်သွားတော့လည်း မြန်မြန်အနိုင်ရတော့ ကောင်းတာပေါ့။ ကိုယ့်အနား မှာ တကယ့် တကယ်ဖြစ်လာရင်တော့ ရှေ့ထွက်ပြီး မချနိုင်ရင်တောင် သူတို့ (PDF) ကို ကာကွယ် ပေးရမှာပေါ့"

မြန်မာပြည်ရဲ့ အုပ်ချုပ်ရေးမြို့တော်ဖြစ်သလို အာဏာသိမ်းခေါင်းဆောင်တွေ နေထိုင်တဲ့ နေပြည်တော်က ပြည်သူအများစုကလည်း NUG ရဲ့ လူထုတော်လှန်ရေး စတင်ကြောင်း ကြေညာမှုကို ထောက်ခံကြပါတယ်။

နေပြည်တော် ပျဉ်းမနားမြို့က အမျိုးသားတစ်ဦးကတော့ စစ်အာဏာရှင်ကို စုစုစည်းစည်းနဲ့ တော်လှန်နိုင်မယ့် နေ့ရက်တွေကို သူစောင့်မျှော်နေခဲ့တာလို့ RFA ကို ပြောပါတယ်။

"ဒီနေ့ရက်တွေက ပြည်သူလူထုတစ်ရပ်လုံးက မျှော်လင့်နေတဲ့ နေ့ရက်တွေထဲက တစ်ရက်လို့လည်း ပြောလို့ရတယ်။ အားလုံး စုစုစည်းစည်းနဲ့ တစ်ပြိုင်တည်း တွန်းလှန်ရမယ့် ရက်တစ်ခုကို စပြီးတော့ ရောက်လာတယ်။ စပြီးတော့ လမ်းပွင့်လာတယ်လို့မြင်တယ်။ တချို့ဆိုရင် အသက် ရှစ်ဆယ်၊ ကိုးဆယ်၊ အဖွားကြီးတွေ၊ အဖိုးကြီးတွေ ကိုယ်တိုင်ကကို တက်တက်ကြွကြွနဲ့ လာပြောနေတော့ ကျွန်တော်တို့က ထိုင်ပဲ ရီရတော့မလိုလို အဲဒီပုံစံမျိုးတွေ ဖြစ်နေတာဗျာ။ သူတို့အနေနဲ့ အရမ်းတက်ကြွနေတယ်။ ပြည်သူတစ်ဦးအနေနဲ့ အရမ်းတက်ကြွနေတယ်။ ပြီးတော့ သူတို့ ဘယ်နေရာမှာ ဘယ်လိုလုပ်နိုင်မလဲ ဘယ်လိုပါဝင်နိုင်မလဲဆိုတာကို သူတို့အစွမ်းကုန် လေ့လာနေကြတယ်။ ကြိုးစားနေကြတယ်"

ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်ပြီး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ သွားနိုင်မယ့်လမ်းကို ပြည်သူတွေ ရွေးချယ်ခဲ့ပေမယ့် စစ်ကောင်စီကပဲ အကြမ်းဖက်ဖြိုခွင်းပြီး လက်နက်ကိုင် တော်လှန်တဲ့ လမ်းစဉ်ထိရောက်အောင် ပြည်သူတွေကို တွန်းပို့ခဲ့တာလို့ အဲဒီပျဥ်းမနားမြို့ခံက ပြောပါတယ်။

NUG ယာယီသမ္မတ ဒူဝါလရှီးလ က ဒီတော်လှန်ရေးဟာ တရားနည်းလမ်းကျတဲ့ တော်လှန်ရေးဖြစ်တယ်၊ ရေရှည်ငြိမ်းချမ်းပြီး နိုင်ငံတော်တည်ဆောက်ရေးနဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် မရှိမဖြစ် လိုအပ်တဲ့ တော်လှန်ရေးတစ်ရပ် ဖြစ်တယ်လို့ ပြောထားပါတယ်။

"ဒီထုတ်ပြန်ကြေညာချက်အပေါ်မှာ ဝမ်းသာတယ်။ ကြိုလည်း ကြိုဆိုတယ်"

ဒီပြောဆိုချက်ကို စစ်ကိုင်တိုင်း၊ မုံရွာမြို့က အသက် ၄၀ အရွယ် အမျိုးသားတစ်ဦးက ထောက်ခံလိုက်ပြီး တိုက်ပွဲတွေကနေတစ်ဆင့် နိုင်ငံတော်သစ်ကို မွေးဖွားရမယ်လို့ RFA ကို ပြောပါတယ်။

"ဒီထုတ်ပြန်ကြေညာချက်အပေါ်မှာ ဝမ်းသာတယ်။ ကြိုလည်း ကြိုဆိုတယ်။ ပြည်သူတွေလည်း နိုးကြားသွားတယ်။ ပြည်သူ့ကာကွယ်ရေးတပ်တွေဘက်ကလည်း လုပ်စရာရှိတာတွေ စုစုစည်းစည်း လုပ်လာနိုင်တယ်။ NUG ဘက်ကလည်း ဆက်တိုက်ထောက်ပံ့မှုတွေ လုပ်လာမယ်ဆိုရင် ချက်ချင်း လက်ငင်း မဖြစ်သေးပေမယ့် အချိန်တစ်ခုအတွင်းမှာ နိုင်ငံသစ်အတွက်ကို၊ ထူထောင်ဖို့ရာ အတွက်ကို တိုက်ပွဲတွေ စနိုင်တာ ဖြစ်တဲ့အတွက်ကြောင့် အများကြီးဝမ်းသာတယ်။ ကြိုလည်းကြိုဆိုပါတယ်"

NUG ယာယီသမ္မတ ဒူဝါလရှီးလ က ပြည်သူ့အုံကြွမှုကို ကျေးလက်ရော မြို့ပြမှာပါ တစ်ပြိုင်တည်း ဆောင်ရွက်ရမယ်လို့ ပြောဆိုထားသလို တော်လှန်ရေးကာလဟာ ပြည်သူတွေရဲ့ စည်းလုံးညီညွတ်မှု၊ တီထွင်ဆန်းသစ်မှု၊ ဉာဏ်ရည်ထက်မြက်မှု၊ စိတ်ဓာတ် ပြင်းထန် ကြံ့ခိုင်မှုပေါ် မူတည်တယ်လို့ ပြောပါတယ်။

NUG က တစ်နိုင်ငံလုံး ဆန့်ကျင်တော်လှန်ကြဖို့ တိုက်တွန်းနှိုးဆော်ချက်နဲ့ ပတ်သက်ပြီး စစ်ကောင်စီရဲ့ပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်း ကတော့ အခုမှ မဟုတ်ဘဲ NUG ဟာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကတည်းက ပြည်သူတွေ ကို နှိုးဆော်ပြီး သင်္ကြန်အမြောက် ပစ်ဖောက်နေတာဖြစ်ကြောင်း ပြည်တွင်းမီဒီယာအချို့ကို စက်တင်ဘာ ၇ ရက် မနေ့က ချက်ချင်း တုံ့ပြန် ပြောဆိုထားပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ကတော့ ဒီတော်လှန်ရေးဟာ စစ်အာဏာရှင်ကို အပြီးတိုင်ဖြုတ်ချကာ တည်ငြိမ်အေးချမ်းပြီး တိုင်းရင်းသားပြည်သူများအားလုံး စောင့်မျှော်ခဲ့တဲ့ တန်းတူအခွင့်အရေးကို အပြည့်အဝ အာမခံမယ့် ဖက်ဒရယ်ဒီမိုကရေစီစနစ်ကို ထူထောင်ဖို့ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။