တန့်ဆည်မှာ စစ်ကြောင်းထိုးလို့ အရပ်သား ရှစ်ထောင်ကျော်ထွက်ပြေး

စစ်ကိုင်းတိုင်း၊ တန့်ဆည်မြို့နယ် အင်းနားရွာ၊ သဲစားရွာနဲ့ ငှက်ပျောတောရွာတွေကို စစ်ကောင်စီတပ်သား အင်အား ၁၇၀ နီးပါး စက်တင်ဘာ ၂၄ ရက်က ဝင်ရောက်စီးနင်းခဲ့လို့ လူ ၈၀၀၀ ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တန့်ဆည်မြို့နဲ့ ၅ မိုင်လောက်ဝေးတဲ့ သဲစားရွာကို မနက် ၉ နာရီမှာ စစ်ကောင်စီတပ်က စစ်ကြောင်းနှစ်ကြောင်းခွဲပြီး ရွာတောင်ဘက်နဲ့ အနောက်မြောက်ဘက်ကနေ ဝင်ရောက် စီးနင်းခဲ့တာလို့ သဲစားရွာက အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ပြောပါတယ်။
"ငှက်ပျောတောရွာကတော့ ဒီနေ့မနက်လောင်တယ်ဗျ"
စစ်ကောင်စီတပ်သားတွေဟာ နေအိမ်တချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့တယ်လို့ သဲစားရွာ ဒေသခံတစ်ဦးက ပြောပါတယ်။
"ရွာက ထွက်တာတော့ နှစ်ရက် သုံးရက်လောက်ရှိပြီ၊ တောင်ဘက်ရွာတွေကို ရှို့နေတုန်း ရှောင်ခိုင်းထားလို့ ရှောင်နေရတာ နှစ်ရက်၊ သုံးရက်ရှိပြီ၊ ရွာထဲကို ဝင်တာတော့ မနေ့က ၉ နာရီလောက်ပေါ့၊ ၉ နာရီလောက်က စရှို့တာ ၁၂ လောက်တော့ ပြီးသွားတယ်၊ အရင် နေ့ကတည်းက ဝင်ပြီးညအိပ်တယ်လို့ သတင်းကြားတာ၊ ပစ္စည်းကတော့ တစ်နိုင်တစ် ပိုင် လှည်းတွေ၊ နွားတွေနဲ့ စားဖို့သောက်ဖို့ ဆန်၊ ဆီလောက်ပဲ ပါတာပေါ့၊ အခက်အခဲ ကတော့ အခုက တုပ်ကွေးရာသီဆိုတော့ ဖျားကြတယ်"
နေအိမ် ၄၀ လောက် မီးလောင်ပျက်စီးခဲ့တယ်လို့ ခန့်မှန်းထားပြီး ရွာအနီးမှာ စစ်ကောင်စီ တပ်သားတချို့ရှိနေလို့ ရွာထဲ ပြန်မဝင်ရဲသေးဘူးလို့ သူက ပြောပါတယ်။ ဒီလို စီးနင်းတဲ့ အတွက် အိမ်ခြေ ၆၀၀ ဝန်းကျင်ရှိတဲ့ သဲစားရွာက အရပ်သား ၃၅၀၀ နီးပါး ထွက်ပြေးနေရ တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သဲစားရွာကို ဝင်ရောက်စီးနင်းတဲ့ စစ်ကြောင်းကပဲ စက်တင်ဘာ ၂၄ ရက် မွန်းလွဲ ၂ နာရီမှာ အင်းနားရွာနဲ့ ငှက်ပျောတောရွာကို ဆက်လက်စီးနင်းခဲ့တယ်လို့ ဒေသခံတွေက ပြောပါ တယ်။
စစ်ကောင်စီတပ်သားတွေ ရွာထဲမှာရှိနေလို့ ပြန်မဝင်ရဲဘူးလို့ အင်းနားရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
"ဒီနေ့မနက်တော့ ကျနော်တို့ (အင်းနား) ရွာလောင်တာ မရှိဘူးဗျ။ လက်ရှိကတော့ ရွာဘက်ကို လုံးဝဝင်လို့မရသေးဘူးဗျ။ ညတုန်းကတော့ ကင်းပုန်းတွေဘာတွေ ချထားခဲ့တယ်လို့လည်း ကျနော်တို့ ကြားတာပေါ့နော်။ ငှက်ပျောတောကတော့ ရွာနဲ့ ဘေးချင်းကပ်ရွာပေါ့။ ငှက်ပျောတောရွာကတော့ ဒီနေ့မနက်လောင်တယ်ဗျ"
အိမ်ခြေ ၁၄၀ ကျော်ရှိတဲ့ အင်းနားရွာက ဒေသခံ ၆၀၀ လောက်ဘေးလွတ်ရာ တိမ်းရှောင် နေတယ်လို့ သူက ပြောပါတယ်။ ဒါ့အပြင် အိမ်ခြေ ၅၀၀ ကျော်ရှိတဲ့ ငှက်ပျောတော ရွာသူ၊ ရွာသား ၃၀၀၀ ကျော်လည်း ထွက်ပြေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံတွေရဲ့ ပြောကြားချက်အရ သဲစားရွာ၊ အင်းနားရွာနဲ့ ငှက်ပျောတောရွာတွေက ဒေသခံ ၈၀၀၀ ကျော် ထွက်ပြေးနေရတာပါ။
အခုလို အရပ်သားတွေနေထိုင်တဲ့ ကျေးရွာတွေကို စစ်ကောင်စီတပ်တွေ ဝင်ရောက်စီးနင်း တာနဲ့ ပတ်သက်လို့ စစ်ကောင်စီ စစ်ကိုင်းတိုင်းအစိုးရ ပြောရေးဆိုခွင့်ရှိသူ ဦးအေးလှိုင်ကို RFA က ဖုန်းနဲ့ဆက်သွယ်ရာမှာ ဦးအေးလှိုင်က ဖြေဆိုဖို့ ငြင်းဆန်ပါတယ်။
တန့်ဆည်မြို့နယ် ဖောင်းပြင် အခြေစိုက် ခမရ (၃၆၇)၊ ဟုမ္မလင်းအခြေစိုက် ခမရ (၃၆၉)၊ မိတ္ထီလာအခြေစိုက် တပ်မ (၉၉) လက်အောက်ခံ ခမရ (၁၁၃) နဲ့ တပ်မ (၃၃) စတဲ့ စစ်ကြောင်းတွေက တန့်ဆည်မြို့နယ်ထဲ တစ်ရွာဝင်၊ တစ်ရွာထွက် စီးနင်းနေတာလို့ တန့်ဆည်မြို့နယ် ကာကွယ်ရေးအဖွဲ့က ပြောပါတယ်။
လက်နက်ကိုင် ခုခံမှုအားကောင်းတဲ့နယ်မြေတွေမှာ ဒေသခံတွေ ကြောက်လန့်အောင် စစ်ကောင်စီတပ်တွေက ကြိုးပမ်းနေတယ်လို့ တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးက သုံးသပ်ပါတယ်။
"နယ်မြေ ချဲ့ထွင်ချင်တာပေါ့၊ ပျုစောထီးနဲ့ စစ်ကောင်စီတပ်တွေ ပေါင်းပြီးတော့ NUG နဲ့ ဒေသကာကွယ်ရေးတပ်တွေ၊ ပြည်သူ့အုပ်ချုပ်ရေး အာဏာသက်ရောက်နေတဲ့ ဒေသ တွေကို သူတို့က ပျုစောထီးတွေ အသုံးပြုပြီး ပြန်ပြီးစိုးမိုးချင်တဲ့ သဘောပေါ့၊ သူတို့ စစ်တပ် ထောက်ခံတဲ့ ရွာဆိုတာ မရှိသလောက်ပါပဲ၊ ကန့်ဘလူနဲ့ ဆက်နေတဲ့ မူးမြစ် ကမ်းဘေးက ရွာတွေမှာပဲ ရှိတော့တယ်၊ အခုက သူတို့က အနောက်ကရွာတွေမှာ PDF လွှမ်းမိုးပြီးတော့ NUG ပြည်သူ့အုပ်ချုပ်ရေး သက်ရောက်တဲ့ ဒေသတွေကို အထိနာ အောင်၊ ကြောက်လန့်အောင် လုပ်တဲ့သဘောပေါ့"

စက်တင်ဘာလ ၁၆ ရက်ကနေ ၂၄ ရက်နေ့အထိ အုတ်ဖိုအိုင်ရွာ၊ အောင်ချမ်းသာရွာ၊ ရေဦးကုန်းရွာ၊ ထန်းပင်ဆိပ်ရွာ၊ အိုးသယ်ကုန်းရွာ၊ နဘက်ငယ်ရွာ၊ ပေကုန်းရွာ၊ ငှက်ပျောတောရွာတွေအနီး စစ်ကောင်စီတပ်နဲ့ PDF တွေအကြား တိုက်ပွဲ ၁၀ ကြိမ် ထက်မနည်း ဖြစ်ပွားခဲ့ပါတယ်။
အဲဒီတိုက်ပွဲတွေအတွင်း PDF တပ်ဖွဲ့ဝင် ခြောက်ဦးနဲ့ ဒေသခံ အရပ်သား ခြောက်ဦး သေဆုံး ခဲ့ပြီး စစ်ကောင်စီတပ်ဘက်ကလည်း ၄၇ ဦး သေဆုံး၊ ၄၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ တန့်ဆည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ပြောပါတယ်။ ဒီအချက်အလက်တွေနဲ့ ပတ်သက် လို့ RFA က သီးခြားအတည်မပြုနိုင်သေးပါဘူး။
စစ်ကောင်စီဥက္ကဋ္ဌကိုယ်တိုင်က စစ်ကိုင်းတိုင်းအတွင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ စိုးမိုးထားတဲ့နယ်မြေတွေကို နယ်မြေစိုးမိုးရေး ဆောင်ရွက်မယ်လို့ စစ်အာဏာသိမ်းမှု ၁၈ လပြည့်တဲ့ သြဂုတ်လ ၁ ရက်မှာ အတိအလင်းပြောဆိုခဲ့ပါတယ်။ ဒါ့ကြောင့် စစ်ကိုင်းတိုင်း အတွင်း အရပ်သားတွေ ပိုထိခိုက်လာလိမ့်မယ်လို့ ဒုက္ခသည်အရေး ကူညီပေးနေသူတွေက ခန့်မှန်းထားပါတယ်။
ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က စက်တင်ဘာလ ၅ ရက်က နောက်ဆုံးထုတ်ပြန်တဲ့ အစီရင်ခံစာအရ စစ်ကိုင်းတိုင်းအတွင်း စစ်ဘေးဒုက္ခသည် ငါးသိန်း ၅၂၈,၃၀၀ ကျော်ရှိနေပါတယ်။