စစ်ဘေးဒုက္ခသည် ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် နှစ်သောင်းကျော် အခက်အခဲဖြစ်နေ

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ရဲ့ အမျိုးသမီးနဲ့ ကျား/မ တန်းတူရေးရာဌာနက မကွေး၊ စစ်ကိုင်း၊ ကယား၊ ကချင်နဲ့ ချင်းပြည်နယ်က စစ်ဘေးဒုက္ခသည် အမျိုးသမီးတွေကို တတ်နိုင်သလောက် ကူညီထောက်ပံ့ပေးနေပြီး မကွေးတိုင်းထဲမှာတင် စစ်ရှောင်နေရတဲ့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် နှစ်သောင်းလောက် အကူအညီ လိုအပ်နေတယ်လို့ ပြောပါတယ်။
အဲဒီအမျိုးသမီး နှစ်သောင်းဟာ လက်ရှိတိုက်ပွဲတွေဖြစ်နေတဲ့ မကွေးတိုင်း ဂန့်ဂေါ၊ ထီးလင်း၊ ဆော၊ ပေါက်၊ မြိုင်၊ ရေစကြို၊ ဆိပ်ဖြူ၊ စလင်းနဲ့ စေတုတ္တရာမြို့နယ်တွေက ဖြစ်ပါတယ်။
နို့တိုက်မိခင် တစ်ထောင်ကျော် အပါအဝင် ဒုက္ခရောက်နေတဲ့ အမျိုးသမီး ၅၀၀၀ နီးပါးကို ကူညီထားပြီး ဖြစ်ပေမယ့် ဒါဟာ မလုံလောက်သေးဘူးလို့ NUG ရဲ့ အမျိုးသမီးနဲ့ ကျား/မ တန်းတူရေးရာဌာန တာဝန်ရှိသူတွေက ပြောပါတယ်။ စစ်ဘေးဒုက္ခသည်တွေကို ကူညီ ထောက်ပံ့ရာမှာ စိန်ခေါ်မှုတွေ ရှိနေတယ်လို့ NUG အမျိုးသမီးနဲ့ ကျား/မ တန်းတူရေးရာ ဌာနမှူး ဒေါ်သန္တာက ပြောပါတယ်။
"ကျမတို့ စားနပ်ရိက္ခာ သယ်ယူပို့ဆောင်ရေးတွေ အရမ်းအခက်အခဲ ဖြစ်တယ်။ နောက် တစ်ချက်က အင်တာနက်လိုင်းတွေ ဆက်သွယ်မှုအရ အခက်အခဲတွေ ဖြစ်တယ်။ ဒါတွေက စိန်ခေါ်မှုဖြစ်ပါတယ်။ အဲတော့ အရင်တုန်းကတော့ ကျမတို့က ဖြစ်တဲ့နည်းနဲ့ ရိက္ခာကိုပို့နိုင်ပေမယ့် အခုနောက်ပိုင်း လမ်းခရီးကျပ်သွားတဲ့ အတွက်ကြောင့် Cash Transfer တွေကို ပေးရတာဖြစ်ပါတယ်။ ကျမတို့ဝန်ကြီးဌာနရဲ့ အမျိုးသမီးရေးရာ ဆက်သွယ်ရေးတာဝန်ခံတွေကတစ်ဆင့် ပေးရတာရှိပါတယ်။ အခုနောက်ပိုင်းကျတော့ ငွေပေးတဲ့ Pay Money နဲ့ ပတ်သက်တာတွေလည်း တော်တော်များများ ထိန်းချုပ်ခံရ တာတွေရှိလို့ ကျမတို့အတွက် စိန်ခေါ်မှုဖြစ်တယ်။ ကျမတို့ တခြားနည်းလမ်း ရှာဖွေနေ ပါတယ်"
သူတို့အနေနဲ့ အခက်အခဲတွေကြားကပဲ စစ်ဖြစ်နေတဲ့ဒေသက ကိုယ်ဝန်ဆောင်အမျိုးသမီး တွေကို စနစ်တကျ စာရင်းပြုစုပြီး ကြိုးစားထောက်ပံ့ပေးနေတယ်လို့ ဆိုပါတယ်။ ကိုယ်ဝန် ဆောင်နဲ့ နို့တိုက်မိခင်တွေကို ငွေကြေး၊ အစားအသောက်၊ အဝတ်အထည်နဲ့ မီးဖွားတဲ့အခါ အသုံးပြုရမယ့် ဆေးသေတ္တာအသေး Kit Box တွေကိုပါ ထောက်ပံ့ပေးနေတယ်လို့ ဒေါ်သန္တာက ပြောပါတယ်။
ပြီးခဲ့တဲ့နှစ် ဇူလိုင်လကတည်းက မကွေးတိုင်း၊ ပေါက်မြို့နယ် ဝန်ခြုံး ရွာကနေ ခြောက်လ ရင်သွေးကိုချီပြီး အသက်လု ထွက်ပြေးခဲ့ရတဲ့ အသက် ၃၃ နှစ်အရွယ် မသင်းသင်းခိုင် ကတော့ တောတောင်တွေထဲမှာ နေရာငါးခုလောက် ပြောင်းရွှေ့နေထိုင်ခဲ့ပြီး အခု ဆော မြို့နယ်က ဘုန်းကြီးကျောင်းတစ်ကျောင်းမှာ ယာယီခိုလှုံနေတယ်လို့ ဆိုပါတယ်။
သူ့မှာ လူမမယ် ကလေးနှစ်ယောက်အပြင် အခု ကိုယ်ဝန် ခုနစ်လပါ လွယ်ထားရတာမို့ ဘုန်းကြီးကျောင်းမှာ ဘယ်လိုမီးဖွားရမလဲဆိုတာ မတွေးတတ်တော့ဘူးလို့ မသင်းသင်း ခိုင်က ပြောပါတယ်။
"အခက်အခဲပေါင်း မြောက်မြားစွာပေါ့။ မပြောချင်ပါဘူး ပြောရတာ ဝမ်းနည်းပါတယ်။ အခု ကျမမှာ ကိုယ်ဝန်ရှိနေတော့ ဒုက္ခတွေတော့ အများကြီး ရောက်တာပေါ့၊ ကလေး ငယ်ငယ်ကတည်းကနေ။ အခု ကျမမှာ ကိုယ်ဝန်ကလည်း လွယ်ထားရတာဆိုတော့ အဲဒါ ကလေးကလည်း ငယ်ငယ်နဲ့ဆိုတော့ စိတ်ဆင်းရဲတာပေါ့။ ဘယ်လိုတွေ မွေးဖွားရမယ် ဆိုတာ မတွေးရဲပါဘူး။ ဘယ်လိုတွေ ရှေ့ဆက်၊ ဘယ်လိုတွေ ကျော်လွှားရမယ်ဆိုတာ လည်း ကျမမှာ အခက်အခဲတွေ အများကြီးပဲ။ ငိုတောင် ငိုမိတော့တာပေါ့"
ဒီနေရာကို သူရောက်နေတာ ရှစ်လခန့်ရှိနေပြီး ရွာကိုလည်း မပြန်ရဲသေးဘူးလို့ မသင်းသင်းခိုင်က ပြောပါတယ်။ သူ့မှာ လက်ရှိကိုယ်ဝန်အပြင် တစ်နှစ်ခွဲနဲ့ ငါးနှစ်အရွယ် ကလေးနှစ်ယောက်ရှိပါတယ်။ ပုံမှန်ဆိုရင် ဒီအချိန်ဟာ အမျိုးသမီးတစ်ယောက်အတွက် ကျန်းမာရေးအစောင့်အရှောက်နဲ့ လုံခြုံဘေးကင်းစွာ မီးဖွားဖို့ ပြင်ဆင်ရမယ့်အချိန်ပါ။
ဒါပေမဲ့ အခုချိန်ထိ မိခင်နဲ့ ကလေး စောင့်ရှောက်ရေးဌာနက ဆရာမတွေနဲ့ တိုင်ပင်ဆွေးနွေး တာ၊ ကလေးရော မိခင်အတွက်ပါ အားရှိစေမယ့် အစားအစာနဲ့ ဆေးဝါး သုံးစွဲတာမျိုး ဘာတစ်ခုမှ မလုပ်နိုင်ဘူးလို့ မသင်းသင်းခိုင်က ပြောပါတယ်။ သူနဲ့ ကလေးနှစ်ယောက်က တောထဲမှာ ငတ်တစ်လှည့် ပြတ်တစ်လှည့် နေခဲ့ရပြီး အခုဘုန်းကြီးကျောင်းမှာ ခိုလှုံနေပေ မယ့် တောထဲမှာကျန်ခဲ့တဲ့ ဖခင်၊ မောင်လေးနဲ့ သူ့ခင်ပွန်းအတွက်လည်း စိတ်ပူနေရတယ်လို့ ဆိုပါတယ်။
မကွေးတိုင်း ပေါက်မြို့နယ်က အသက် ၃၆ နှစ်အရွယ် မနန်းယုယုလှိုင်ကတော့ ကိုယ်ဝန်နဲ့ ထွက်ပြေးခဲ့ရပြီး တောထဲမှာပဲ ကလေးမီးဖွားခဲ့ရတယ်လို့ RFA ကို ပြောပါတယ်။
"ကျမဆို ကိုယ်ဝန်ကြီးနဲ့။ ကိုယ်ဝန် ခုနစ်လကျော်၊ ရှစ်လကတည်းက ပြေးနေရတာ။ တောင်တွေပေါ် တက်ပြေးပုန်းနဲ့ လမ်းမှာပဲ မွေးခဲ့ရတာ။ အခက်အခဲတွေကတော့ အများကြီးပဲ။ ကိုယ့်ဟာနဲ့ကိုယ်လည်း ဒီဟာနဲ့ သေကိန်းရှိရင် သေမှာ၊ ကိုယ့်ဟာနဲ့ကိုယ် ပဲ လျှော့လိုက်တင်းလိုက် နေနေရတာပါ။ ကိုယ်က တစ်နေရာ သွားမွေးဖို့ကလည်း လမ်းတွေပိတ်ထား၊ ဟိုဟာကြောက်ရ ဒီဟာကြောက်ရနဲ့ အဆင်မပြေဘူး။ ဒါနဲ့အဖို့ မပါရင် ရှင်မှာပဲလို့ ဒါနဲ့ အဖို့ပါရင် သေမှာပဲ။ အဲနှစ်လမ်း တစ်လမ်းကို ကျမက ရွေးပြီး သားပါ"
သူ့မှာ ကလေးသုံးယောက်ရှိပြီး သမီးအကြီးဆုံးက ၁၄ နှစ်၊ သားအလတ်က ၁၀ နှစ်နဲ့ အခု တောထဲမှာ စစ်ရှောင်ရင်းမွေးဖွားခဲ့ရတဲ့ အငယ်ဆုံးကလေးက ခြောက်လ ပြည့်တော့မှာပါ။ ပေါက်မြို့နယ်ထဲက သူတို့ရွာကို စစ်တပ်နဲ့ ပျူစောထီးတွေ ဝင်ရောက်လာချိန် အိမ်ထောင်စု ၂၆၀ ကျော်က လူဦးရေ ထောင်ကျော် ဘေးလွတ်ရာကို အဝတ်တစ်ထည် ကိုယ်တစ်ခုနဲ့ ထွက်ပြေးခဲ့ရတာပါ။ လုံခြုံရေးအခြေအနေအရ သူ့ရဲ့ ရွာအမည်ကို အတိအကျ ထုတ်မပြော ပါဘူး။
"ကျမဆို ကိုယ်ဝန်ကြီးနဲ့။ ကိုယ်ဝန် ခုနစ်လကျော်၊ ရှစ်လကတည်းက ပြေးနေရတာ"
သက်ကြီးရွယ်အိုတွေ၊ လေဖြတ်ထားသူတွေ၊ စိတ်ကျန်းမာရေး မကောင်းတဲ့သူတွေကို တောထဲမှာ ထမ်းပိုးပြေးခဲ့ရပြီး လမ်းခုလတ်မှာတင် မသေသင့်ဘဲ သေဆုံးရသူတွေ အများ ကြီး ရှိတယ်လို့ မနန်းယုယုလှိုင်က ပြောပါတယ်။ သေဆုံးသူတွေကို ဗုဒ္ဓဘာသာထုံးစံ သရဏံဂုံတောင် မတင်နိုင်ဘဲ ကြုံတဲ့နေရာမှာ ဖြစ်သလို မြုပ်နှံခဲ့ရပြီး သေနတ်သံ၊ ဗုံးသံ ကိုသာ အမြဲနားစွင့် ပြေးခဲ့ရတယ်လို့ ဆိုပါတယ်။
ရွာကနေ ရှစ်နှစ်အရွယ်သမီးလေးတစ်ယောက်ကို လက်ဆွဲပြီး ပြေးခဲ့ရသူ ဒေါ်ရီရီမြင့် ကတော့ ငတ်တစ်လှည့် ပြတ်တစ်လှည့် စစ်ရှောင်ရတဲ့ဒုက္ခကို မခံနိုင်လို့ ခင်ပွန်းဖြစ်သူက ပြည်ပကိုခိုးထွက်ပြီး အလုပ်သွားလုပ်နေရတယ်လို့ ပြောပါတယ်။
"လာတုန်းကတော့ မိသားစု သုံးယောက်လာတာ။ သူ့အဖေက နိုင်ငံရေး အေးသွားရင် ကိုယ့်ရပ်ကိုယ့်ရွာမှာ ကိုယ့်အိမ်က ကျန်ချင်မှ ကျန်တော့မှာဆိုပြီး ကလေးလေး အနာ ဂတ် နောင်ရေး ခေတ်အေးတဲ့အခါကျ ကျောင်းထားနိုင်အောင် နိုင်ငံခြားကို အလုပ်လုပ် ဖို့ ထွက်သွားရတာရှင့်။ ကိုယ့်သမီးလေး အနာဂတ်ဆိုပြီးမှ သွားရတာ။ သူ့အဖေမှာလည်း အသက် ၄၆ နှစ်ရှိကာမှ ထိုင်းနိုင်ငံကို မသွားစဖူး သွားရတာ။ စစ်ရှောင်နေရင်း လေတွေ ဖြန်း၊ ပါးတွေရွဲ့ ကျမမှာလည်း ပူပင်သောကတွေနဲ့ငို။ ဆေးရုံ ဆေးခန်းသွားဖို့ကလည်း လမ်းကပိတ် ဆေးဆရာက မရှိ။ ဆေးဝယ်မရနဲ့ အခက်အခဲမျိုးစုံ ကြုံတွေ့ခဲ့ရတာ ကျမ တို့မှာလည်း"
သူ့အသက် ၄၀ ရောက်မှ ဒီသမီးလေး တစ်ယောက်သာရခဲ့ပြီး ကျန်းမာရေးသိပ်မကောင်းတဲ့ ခင်ပွန်းကပဲ သမီးနဲ့ ဇနီးအတွက် အိမ်နီးချင်း ထိုင်းနိုင်ငံကို ခိုးထွက်ပြီး အလုပ်သွားလုပ်နေရ တာလို့ ဆိုပါတယ်။
ပေါက်မြို့နယ်က သောင်းနဲ့ချီတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ တချို့အနီးအနားမြို့နယ်တွေ ဆီ ထွက်ပြေးသွားသလို တချို့လည်း ပြည်ပကို ခိုးထွက်ပြီး အလုပ်သွားလုပ်နေကြတာမို့ မိသားစုအသိုက်အမြုံတွေ ပြိုကွဲသွားတယ်လို့ ဒေါ်ရီရီမြင့်က ဆိုပါတယ်။
ဒီကိစ္စတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကို RFA က ဒီသတင်းမထုတ်လွှင့်မီ အချိန်အထိ အကြိမ်ကြိမ်ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်း မပြန်ပါဘူး။

လသားအရွယ် ကလေးအပါအဝင် သားသမီး သုံးယောက်နဲ့ မကြာခဏ စစ်ရှောင်နေရတဲ့ ဆောမြို့နယ် ရေမြင်းနီရွာက အသက် ၃၆ နှစ်အရွယ် နို့တိုက်မိခင်တစ်ဦး ကတော့ စစ်တပ် နဲ့ PDF တွေအကြား မကြာခဏ တိုက်ပွဲဖြစ်နေတာကြောင့် အခုထိ ရွာကိုမပြန်ရဲသေးဘူးလို့ RFA ကို ပြောပါတယ်။
"ဒီကိုရောက်နေတာ တစ်လခွဲလောက်တော့ ရှိမှာရှင့်။ ခဏလေး နီးတဲ့နေရာလေး ပြန် ကြည့်လိုက်၊ ဟိုနားလေးက ပြန်ပစ်လိုက်၊ ဒီနားလေးက ပြန်ပစ်လိုက်ဆိုတော့ အခုက တော့ မပြန်ဘူးရှင့်။ ရှောင်တဲ့နေရာမှာပဲ ရှောင်နေတော့တာ။ စိုးရိမ်မှုဆိုတာက တိုက် တာက သူတို့ဘာသာ တိုက်တာရှင့်၊ ကျမတို့ဆီကျ အဲလိုမျိုး မှန်မှာစိုးလို့၊ ကြားညှပ်မှာ စိုးလို့၊ ရှောင်နေရတာရှင့်"
ပြီးခဲ့တဲ့ ဧပြီလက ပေါက်မြို့နယ်တောင်ပိုင်းက ရွာတွေကို စစ်တပ်က စစ်ကြောင်းထိုး ဝင်လာတာကြောင့် ဒေသခံ ၆၀၀ ခန့် ဆောမြို့နယ်ဘက်ကို ထွက်ပြေးလာတယ်လို့ စေတနာ့ဝန်ထမ်း ကူညီပေးနေသူတွေက ပြောပါတယ်။
ဆောမြို့နယ်မှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူ ဦးဇော်ဝင်း ကတော့ ဒုက္ခသည် တွေရဲ့ စားဝတ်နေရေးအတွက် ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းနေရတယ်လို့ ပြောပါတယ်။
"ကျနော်တို့ စစ်ဘေးရှောင်စခန်းလို့ ကျနော်တို့ဒေသလေးမှာ ရန်ပုံငွေလည်း မရှိဘူး ဆိုတော့ မဆောက်လုပ်နိုင်ဘူး။ ကျနော်တို့ အဆင်ပြေအောင် ဘုန်းကြီးကျောင်းတွေမှာ ထားကြတယ်။ ကျနော်တို့ ဒေသနဲ့ ရန်ပုံငွေရှာ၊ အဲဒီရွာလေးတွေ ၁၁ ရွာအုပ်စုကနေ ဆန်လေးဘာလေး လိုက်အလှူခံပြီးကာမှ စစ်ဘေးရှောင်တွေကို ကျွေးမွေးထားရ တာပေါ့"
မကွေးတိုင်း ဆောမြို့နယ်ဟာ လက်နက်ကိုင် ခုခံမှုအားကောင်းတဲ့ ချင်းပြည်နယ်တောင် ပိုင်းနဲ့လည်း နယ်မြေချင်း ဆက်စပ်နေတာမို့ မင်းတပ်နဲ့ ကန်ပက်လက်ဘက်က ထွက်ပြေး လာသူတွေလည်း ရှိနေတယ်လို့ သူက ဆိုပါတယ်။ ဆောမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကတစ်ဆင့် NUG ထံကနေ ထောက်ပံ့ကြေး အထိုက်အလျောက်ရခဲ့ပေမယ့် လုံလောက်မှု မရှိဘူးလို့လည်း ဦးဇော်ဝင်းက ပြောပါတယ်။
စစ်ဘေးဒုက္ခသည်ထဲမှာမှ သူတို့ရဲ့အခြေအနေက ပိုခက်ခဲတာမို့ တိုင်းပြည်ငြိမ်းချမ်းပြီး ပုံမှန်အခြေအနေကို အမြန်ဆုံးပြန်ရောက်စေချင်ပြီလို့ RFA က ဆက်သွယ်မေးမြန်းခဲ့တဲ့ ကိုယ်ဝန်ဆောင်နဲ့ နို့တိုက်မိခင် အမျိုးသမီးတွေက ပြောပါတယ်။