ဆရာတော် ဦးဝီရသူ ရုန့်ရင်းကြမ်းတမ်းပြောဆိုခဲ့တာကို ဆရာတော်ကြီးတွေရဲ့ သုံးသပ်ချက်အမြင်


2015.01.23

မကြာသေးခင်ရက်ပိုင်းက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် M.s Yanghee Lee မြန်မာနိုင်ငံကို ရောက်ရှိနေစဉ်အတွင်း သူ့လုပ်ဆောင်ချက်တွေကို မကျေနပ်တဲ့အတွက် မန္တလေးမြို့ မစိုးရိမ် တိုက်သစ် ဆရာတော် ဦးဝီရသူက ဟောပြောပွဲတစ်ခုမှာ ရုန့်ရင်းကြမ်းတမ်းတဲ့ စကားလုံးတွေနဲ့ ပြောဆိုခဲ့ပါတယ်။

အဲ့ဒီလိုပြောဆိုခဲ့တာတွေကို အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဒီရက်ပိုင်းအတွင်း ပျံ့နှ့ံ့နေပြီး ဆရာတော် ဦးဝီရသူကို ဝေဖန်ပြစ်တင်ပြောဆိုနေကြပါတယ်။

RFA သတင်းထောက် ကိုကျော်သူက ဗုဒ္ဓဘာသာ ဆရာတော်ကြီးတွေရဲ့ သုံးသပ်ချက်အမြင်တွေကို စုစည်းတင်ပြထား ပါတယ်။

M.s Yanghee Lee ဟာ မြန်မာနိုင်ငံကို ပြီးခဲ့တဲ့ဇန်နဝါရီလ ၇ ရက်နေ့က မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ဆိုင်ရာ အချက်အလတ်တွေကိုလေ့လာဖို့ ဒုတိယအကြိမ်မြောက်အဖြစ် ရောက်ရှိခဲ့ပါတယ်။

ရခိုင်ပြည်နယ်အတွင်းက မွတ်စလင်တွေကို နိုင်ငံသားအဖြစ်လက်ခံပေးဖို့ ၊ တန်းတူအခွင့်အရေးပေးဖို့ ယူအန် ကိုယ်စားလှယ်က အစိုးရကို တိုက်တွန်းပြောကြားခဲ့တာတွေ ၊ မျိုးစောင့်ဥပဒေကို ဝေဖန်ပြောဆိုခဲ့တာတွေကို လက်မခံနိုင်တဲ့အတွက် ဇန်နဝါရီလ ၁၆ ရက်နေ့က ရွှေတိဂုံဘုရားအရှေ့ဘက်မုခ် ဆန္ဒပြပွဲမှာ ဦးဝီရသူက M.s Yanghee Lee ကို ပြည့်တန်ဆာဆိုတဲ့ အသုံးအနှုန်းနဲ့ ပြောဆိုခဲ့ပါတယ်။

ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးအနေနဲ့ ပုဂ္ဂိုလ်ရေးစော်ကားပုတ်ခတ်တယ်လို့ ဝေဖန်ပြောဆိုနေကြတာတွေဟာ အင်တာနက် လူမှုကွန်ရက်စာမျက်နှာတွေမှာ ဒီရက်ပိုင်းအတွင်း ပျံ့နှံ့နေပါတယ်။

ဦးဝီရသူဟာ အမျိုးဘာသာသာသနာ ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့( မ.ဘ.သ) မှာ ရှေ့တန်းက ဦးဆောင်ပါ ဝင်လှုပ်ရှားနေသလို ဓမ္မာစရိယ စာသင်သားသံဃာတော်တွေကို စာချပေးနေတဲ့ ရဟန်းတစ်ပါးလည်း ဖြစ်ပါတယ်။

အခုလို ပြောဆိုသုံးနှုန်းလိုက်တာဟာ ဦးဝီရသူရဲ့ အပေါ်မှာသာ မူတည်တယ်လို့ အမျိုးဘာသာသာသနာ ထိန်း သိမ်းစောင့်ရှောက်ရေးအဖွဲ့ရဲ့ ဒုတိယဥက္ကဌ ဆရာတော် ဦးကဝိဒဇက အခုလို မိန့်ကြားပါတယ်။

ဦးကဝိဓဇ။                 ။ဒါကတော့ သူပြေတဲ့ပုဂ္ဂိုလ်မှာပဲ မူတည်တာပေါ့လေ၊ သူနဲ့လည်း ဦးဇင်းတို့တစ်ခါမှ မတွေ့ရသေးဘူး၊ အခုပဲ ဦးဇင်းတို့ မ.ဘ.သ အစည်းအဝေးက အခုဦးဇင်းပြန်လာတာမှာ အစည်းအဝေးမှာ ဒါတွေဘာတစ်ခုမှ မပြောဘူးလေ၊ သူကတော့ အမျိုးဘာသာ သာသနာနဲ့ပတ်သက်ရင် သူလည်းတော်တော်လေး လုပ်တဲ့ပုဂ္ဂိုလ်ဆိုတော့ သူနဲ့တွေ့ပြီးတော့မှပဲ ပြောလို့ကောင်းမယ်။

ယူအန်ကိုယ်စားလှယ်ရဲ့ မြန်မာနိုင်ငံအပေါ်ကျူးလွန်စော်ကားတဲ့လုပ်ရပ်ကို မခံနိုင်တဲ့အတွက် အခုလို စကား လုံးမျိုး သုံးပြီးပြောလိုက်တာလို့ ဆရာတော်ဦးဝီရသူက RFA ကို မိန့်ကြားပါတယ်။

ဦးဝီရသူ။                  ။သူကျူးလွန်စော်ကားတာနဲ့ ယှဉ်လိုက်ရင်တော့ ဦးဇင်းပြောတဲ့ စကားလုံးက သိမ်မွေ့နုညံ့ ပါသေးတယ်လို့်၊ သူ့အပြစ်နဲ့ယှဉ်လိုက်လို့ရှိရင်ရင် စကားလုံးနဲ့ ဒီလိုရင့်ရင့်သီးသီးပြောလိုက်တာ နည်းတောင်းနည်း ပါသေးတယ်၊ သူတို့ပြောသလိုသာ မြန်မာပြည်ကလိုက်လျောလိုက် ကမ္ဘာကြီးဖိအားပေးတာကို မခံနိုင်လို့သာခွင့်ပြု လိုက်မယ်ဆိုရင်တော့ နောင်နှစ်ပေါင်း ၅ဝ ကျော်၊ ၁ဝဝ ဆိုလို့ရှိရင် သေချာပေါက် အာဖဂန်နစ်စတန်၊ အင်ဒိုနီးရှား၊ မလေးရှားဖြစ်သွားမှာပဲဗျ၊ မြတ်စွာဘုရားလည်း လိုအပ်လို့ရှိရင် ရုန့်ရင်းကြမ်းတမ်းတဲ့ ဖရုဿဝါစာသုံးပါတယ်လို့၊ ရဟန္တာမထေရ်ကြီးတွေလည်း သုံးခဲ့ပါတယ်၊ နိုင်ငံကျော် ဓမ္မကထိက ဗျိုင်းနားတရားတွေဟောတဲ့ လယ်တီဦးဝီရသတို့ ခမုန်ဆရာတော်တို့လည်း သုံးခဲ့ပါတယ်၊ ဖြူးဆရာတော်လည်း သုံးခဲ့ပါတယ်လို့၊ ဦးဇင်းကျမှ လာပြီးတော့အပြစ်ပြောမနေ ပါနဲ့လို့ လိုအပ်ရင်သုံးတာပါပဲလို့၊ အစိုးရတွေရဲ့သဘောထားတစ်ခုတည်း မဟုတ်ပါဘူး တစ်မျိုးသားလုံးရဲ့ သဘော ထားဖြစ်ပါတယ်လို့ အဲ့ဒါကြောင့်မို့လို့ နိုင်ငံတကာအဖွဲ့အစည်းတွေအနေနဲ့ ဒီရိုဟင်ဂျာကိစ္စကို ကိုင်တွယ်တဲ့အခါမှာ သတိကြီးကြီးထားပြီးတော့ တိုင်းရင်းသားတွေမထိခိုက်အောင် ကိုင်တွယ်ပေးပါလို့ ဦးဇင်းအနေနဲ့ မေတ္တာရပ်ခံပါတယ်။

ဆရာတော်ဦးဝီရသူရဲ့ ယူအန်ကိုယ်စားလှယ်အပေါ် အခုလို ပြောကြားလိုက်တာတွေဟာ ပြည်တွင်းပြည်ပမှာ ဝေဖန်ပြစ် တင်မှုတွေ ပျံ့နံှ့နေပါတယ်။ ကုလသမဂ္ဂက လူ့အခွင့်အရေး အထူးကိုယ်စားလှယ်ကလည်း အစိုးရ အနေနဲ့ ဘယ်လို အရေးယူ ဆောင်ရွက်သွားမလဲဆိုတာနဲ့ အဲ့ဒီလို ခိုင်းနှိုင်းပြောဆိုတာကို ကန့်ကွက်ဖို့ ပြောဆိုထားပါတယ်။

ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးအနေနဲ့ အမျိုးဘာသာသာသနာကို ထိန်းသိမ်းစောင့်ရှောက်မှုတွေ လုပ်ဆောင်နေတယ် ဆိုပေမယ့်လည်း အခုလိုပုဂ္ဂိုလ်ရေးဆန်တဲ့ ရုတ်ရင်းကြမ်းတမ်းတဲ့ စကားလုံးမျိုးကိုတော့ မသုံးသင့်ကြောင်း ရွှေညဝါ ဆရာတော်က မိန့်ကြားပါတယ်။

ရွှေညဝါ။                   ။အမုန်းတရားမပါပဲနဲ့၊ ပုဂ္ဂိုလ်ရေးထိုးနှက်ချက်မပါပဲနဲ့ ဓမ္မဌိဓါန်ကျကျပြောရရင်တော့ ဒါမဖြစ် သင့်ဘူးလေ၊ ကိုပြုမူသောအကြောင်းကြောင့် အများသံဃာနဲ့ ဗုဒ္ဓသာသနာ သူများကဝေဖန်ကဲ့ရဲ့ခြင်း၊ ရှုတ်ချစရာ မဖြစ်သင့်ပါဘူးနော်၊ အမျိုးသားရေးမှာ သူကလက်တွေ့ကျကျ လုပ်စားသူတစ်ယောက်အနေနဲ့ ပြောစရာစကားလုံး အခြားနည်းလမ်းတွေနဲ့ ရွေးပြီးတော့သုံးလို့ရပါတယ်၊ ဒေါသကိုရှေ့ထားပြီးတော့ အဲ့လိုမျိုး မဆင်မချင်ပြောတာမျိုးကျတော့ အများသံဃာနဲ့ သာသနာတော်ကို အထင်သေးအမြင်သေးဖြစ်တယ်၊ စာပေပညာအရလည်း အထက်တန်းကျကျတက်တဲ့ ပုဂ္ဂိုလ်တစ်ပါးပဲလေ၊ အဲ့ဒါကို ဆင်ခြင်တုံတရား လွတ်သွားပုံရပါတယ်။

ဆရာတော်ဦးဝီရသူကို ကုလသမဂ္ဂက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်တစ်စောင်ကိုလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလ ၂၁ ရက်နေ့က ထုတ်ပြန်ခဲ့ပါတယ်ခင်ဗျာ။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။