စစ်ရေးအရအရေးပါတဲ့ မိုးမိတ်မြို့ကို TNLA ထိန်းချုပ်

RFA Burmese
2024.08.01
စစ်ရေးအရအရေးပါတဲ့ မိုးမိတ်မြို့ကို TNLA ထိန်းချုပ် ရှေ့တန်းစစ်မြေပြင်တစ်နေရာမှ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်ဖွဲ့ဝင်များအား ၂၀၂၄ ခုနှစ် ဇူလိုင်လ ၉ ရက်နေ့တွင် TNLA က ထုတ်ပြန်ထားစဉ်။
Telegram/PSLF/TNLA News

စစ်ကိုင်း၊ မန္တလေးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်းကို ဆက်သွယ်ရာမှာ စစ်ရေးအရ အရေးပါတဲ့ မိုးမိတ်မြို့ကို ဇူလိုင်လ ၃၁ ရက်နေ့မှာ TNLA တပ်ဖွဲ့က အပြီးသတ်သိမ်းပိုက်ခဲ့ပါတယ်။ မိုးမိတ်က စစ်ကောင်စီတပ်စခန်း အားလုံးကို သိမ်းပိုက်နိုင်ခဲ့ပြီး မြို့ကိုထိန်းချုပ်နိုင်ပြီလို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) သတင်းပြန်ကြားရေး ဌာနမှူး လွေးယေဦးက RFA ကို ပြောပါတယ်။

“မိုးမိတ်မှာရှိတဲ့ စစ်ကောင်စီရဲ့ စကခ (၂၁) လက်အောက်ခံ ခမရ (၃၄၈) နဲ့ ခလရ (၂၂၃) ၊ ခလရ (၂၂၆) တို့ကို ကျွန်မတို့ဝင်ရောက်ပြီး သိမ်းပိုက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာဆိုရင်တော့ မိုးမိတ်မှာရှိတဲ့ စစ်ကောင်စီ တပ်စခန်းအားလုံးကို ကျွန်မတို့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မြို့ကိုလည်း ကျွန်မတို့ ထိန်းထားနိုင်တဲ့အခြေအနေ ဖြစ်ပါတယ်”

မိုးကုတ်မြို့ကို TNLA က ဇူလိုင်လ ၂၅ ရက်မှာ သိမ်းပိုက်ခဲ့ပြီးနောက် မိုးကုတ်နဲ့ မိုင်သုံးဆယ်ခန့်ဝေးတဲ့ မိုးမိတ်ကိုပါ ဆက်လက်တိုက်ခိုက်ခဲ့တာပါ။

စစ်ကောင်စီတပ်က မိုးမိတ်မှာရှိတဲ့တပ်ဖွဲ့ဝင်တွေဆီ ရိက္ခာနဲ့ စစ်ကူ မပို့နိုင်တော့တာကြောင့် မခုခံနိုင်တော့တာလို့ မြေပြင်စစ်ရေးအခြေအနေကို သိသူတစ်ဦးက RFA ကို ပြောပါတယ်။

“သူတို့ လက်နက်မချပါဘူး။ အကုန်လုံးကို ရှင်းတာပါ။ သူတို့တွေ အဆက်အသွယ် ပြတ်သွားပုံရတယ်။ သူတို့ ရိက္ခာတွေလည်း မပို့နိုင်ဘူး”

မိုးမိတ်မြို့ကို အခုနှစ်၊ ဇန်နဝါရီလ ၁၈ ရက်နေ့ကလည်း KIA နဲ့ PDF တပ်တွေ တစ်ပတ်ကြာ ထိန်းချုပ်နိုင်ခဲ့ပေမဲ့ ဇန်နဝါရီလ ၂၇ ရက်နေ့မှာ စစ်ကောင်စီတပ်က ပြန်လည်ထိန်းချုပ်ခဲ့ပါတယ်။

"မိုးမိတ်မှာရှိတဲ့ စစ်ကောင်စီတပ်စခန်းအားလုံးကို ကျွန်မတို့ သိမ်းပိုက်နိုင်ခဲ့ပါတယ်။ မြို့ကိုလည်း ကျွန်မတို့ ထိန်းထားနိုင်တဲ့အခြေအနေ ဖြစ်ပါတယ်”

အဲဒီအချိန်က တိုက်ပွဲအပြင်းအထန်ဖြစ်ခဲ့ပြီး မိုးမိတ်မြို့မဈေးနဲ့ မြို့ပေါ်ရပ်ကွက်က လူနေအိမ်၊ စာသင်ကျောင်းနဲ့ ဘုန်းကြီးကျောင်းတွေ ထိခိုက်ပျက်စီးခဲ့သလို အရပ်သား ငါးဆယ်ကျော် သေဆုံးခဲ့ရပါတယ်။

မိုးမိတ်နဲ့ မိုင်သုံးဆယ်ကျော်ဝေးတဲ့ မဘိမ်းမြို့ကိုတော့ ကချင်လွတ်မြောက်ရေးတပ်မတော် KIA နဲ့ PDF တပ်ဖွဲ့က အခုနှစ်၊ ဇန်နဝါရီလ ၂၁ ရက်နေ့ကတည်းက သိမ်းပိုက်ထားပါတယ်။

မိုးမိတ်မြို့အခြေအနေနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီပြောခွင့်ရသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းမဖြေပါဘူး။

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တိုက်ပွဲများအကြား ဘုန်းကြီးကျောင်းအချို့ ထိခိုက်ပျက်စီးသွားသည်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Telegram/PSLF/TNLA News)
ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့တိုက်ပွဲများအကြား ဘုန်းကြီးကျောင်းအချို့ ထိခိုက်ပျက်စီးသွားသည်ကို ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီ ၁၈ ရက်နေ့က တွေ့ရစဉ်။ (Photo: Telegram/PSLF/TNLA News)

နိုင်ငံရေးလေ့လာသူ စစ်တပ်အရာရှိဟောင်းတစ်ဦးကတော့ စစ်ကောင်စီက ပိုအရေးပါတဲ့ လားရှိုးမြို့ တိုင်းစစ်ဌာနချုပ်မကျရေး ဦးစားပေးနေရတာကြောင့် မိုးမိတ်ကို အာရုံမစိုက်နိုင်တာလို့ သုံးသပ်ပါတယ်။

“လောလောဆယ် အနေအထားမှာတော့ လားရှိုးက စစ်တိုင်းကြီးဖြစ်ပြီးတော့ ပိုပြီးအဓိကကျနေတဲ့ အနေအထား ဖြစ်နေတာပေါ့နော်။ နောက်ပြီး မိုးမိတ်က ရှမ်းပြည်နယ်၊ မိုးကုတ်က မန္တလေးတိုင်း ဖြစ်နေတယ်ပေါ့နော်။ မိုးကုတ် ကျပြီးမှတော့ မိုးမိတ်ကိုလည်း ကျွန်တော်တို့က အဓိက ကာကွယ်စရာ အကြောင်းမဟုတ်ဘူးပေါ့နော်။ အဓိက ကျတဲ့ဟာတွေပဲ ကာကွယ်ပါလိမ့်မယ်။ ဒါကသဘာဝကျပြီး မှန်ကန်တယ်ပေါ့နော်။ ဒါနဲ့ပတ်သက်ပြီးတော့ ကျွန်တော်တို့က ရှုံးတယ် နိုင်တယ် ကောင်းတယ် မကောင်းဘူး ပြောလို့မရသေးဘူးပေါ့နော်”

မိုးမိတ်၊ မဘိမ်းနဲ့ မိုးကုတ်မြို့တွေဟာ ကချင်နဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းတွေကို အဓိက ဆက်သွယ်ထားတဲ့ မြို့တွေ ဖြစ်ပါတယ်။


ဆက်နွှယ်သောသတင်းများ

မိုးကုတ်မြို့ကို TNLA သိမ်းပိုက်

နောင်ချိုမြို့ကို TNLA သိမ်းပိုက်ထိန်းချုပ်

စစ်ကောင်စီ တိုက်ခိုက်မှုကြောင့် တစ်လအတွင်း အရပ်သား ၁၂၅ ဦး သေဆုံး

၁၀၂၇ စစ်ဆင်ရေး ဆက်လက်ပြင်းထန်နိုင်ကြောင်း လေ့လာသူတွေ သုံးသပ်


အဲဒီမြို့တွေ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားတာကြောင့် ရှမ်း၊ မန်း စစ်ဆင်ရေး ပိုပြီးအားကောင်းလာနိုင်တယ်လို့ နိုင်ငံရေး၊ စစ်ရေးလေ့လာသူ ဦးသန်းစိုးနိုင်က သုံးသပ်ပါတယ်။

“မိုးမိတ်ကို သိမ်းလိုက်ခြင်းအားဖြင့် KIA နဲ့ စစ်ကိုင်း PDF ပေါင်းစပ်ရေး၊ မတ္တရာကို သိမ်းလိုက်ခြင်းအားဖြင့် မန္တလေး PDF နဲ့ TNLA နဲ့ ပေါင်းစပ်ရေးပေါ့ဗျာ အဲဒါတွေက တော်တော်လေးကို အားဖြစ်သွားစေတာပေါ့။ နောက် တစ်ခါလာမဲ့ ပြင်ဦးလွင်ကိုသိမ်းပြီး မန္တလေးကိုထိုးမဲ့ ရှမ်း၊ မန်းစစ်ဆင်ရေးအတွက် စစ်ကိုင်းတိုင်းဘက်က အင်အားစုတွေ ပါဝင်လာစေဖို့အတွက် အချက်အလက်ကောင်းတွေ ဖြစ်တာပေါ့”

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလမှာ စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးပထမပိုင်းမှာ နမ့်ခမ်း၊ ကွတ်ခိုင်၊ နမ္မတူ၊ နမ့်ဆန်၊ မန်တုံနဲ့ ကျောက်မဲမြို့နယ်ထဲက မိုင်းလုံ၊ မိုင်းငေါ့မြို့တွေကို TNLA က သိမ်းပိုက်ခဲ့ပါတယ်။ တရုတ်နိုင်ငံရဲ့ ကြားဝင်ညှိနှိုင်းမှုကြောင့် စစ်ကောင်စီနဲ့ မြောက်ပိုင်းညီနောင်သုံးဖွဲတို့ ဟိုင်ဂင်သဘောတူညီချက်အရ ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလမှာ အပစ်ရပ်ခဲ့ပေမဲ့ ၂၀၂၄ ခုနှစ်၊ ဇွန်လမှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ။

၂၀၂၄ ခုနှစ်၊ ဇွန်လမှာ ပြန်စတင်တဲ့ ၁၀၂၇ စစ်ဆင်ရေးဒုတိယပိုင်းမှာတော့ နောင်ချိုမြို့ကို မန္တလေး PDF နဲ့အတူ သိမ်းပိုက်ခဲ့တဲ့အပြင် မိုးကုတ်နဲ့ မိုးမိတ်မြို့တွေကိုပါ သိမ်းပိုက်ခဲ့တာကြောင့် TNLA ထိန်းချုပ်ထားတဲ့ မြို့ဆယ်မြို့ ရှိသွားပါပြီ။ ကျောက်မဲမြို့ပေါ်မှာတော့ စစ်ကောင်စီတပ်ရင်းအချို့ ကျန်နေတာကြောင့် TNLA ဘက်က အပြည့်အ၀ မသိမ်းနိုင်သေးပါဘူး။

ကိုးကန့်တပ် (MNDAA) ကလည်း လားရှိုးမြို့က စစ်ကောင်စီတပ်ရင်းတွေကို ဒီနေ့အထိ ဆက်လက်ထိုးစစ်ဆင်နေပါတယ်။

စစ်ခါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ မိုးကုတ်၊ လားရှိုး၊ နောင်ချို၊ ကျောက်မဲနဲ့ သီပေါမှာ ဒေသတွင်းတည်ငြိမ်အေးချမ်းရေး ဆက်လက်ဆောင်ရွက်သွားမယ်လို့ ဇူလိုင်လ ၃၁ ရက်နေ့က ကာ/လုံ အစည်းအဝေးမှာ ထည့်သွင်းပြောခဲ့ပါတယ်။

တရုတ်နိုင်ငံရဲ့ စေ့စပ်ညှိနှိုင်းမှုအရ ပေါ်ပေါက်လာတဲ့ ဟိုင်ဂင်သဘောညီမှု နောက်ဆက်တွဲအဖြစ် တရုတ်နိုင်ငံ ကူမင်းမြို့မှာ ဩဂုတ်လ ၈ ရက်နေ့ကျင်းပမဲ့ ဆွေးနွေးပွဲကို စစ်ကောင်စီဘက်က တက်မှာမဟုတ်ဘူးလို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတချို့မှာ ဖော်ပြနေကြပါတယ်။

မြောက်ပိုင်း ညီနောင်သုံးဖွဲ့နဲ့ နီးစပ်သူတချို့ကတော့ ဟိုင်ဂင်ဆွေးနွေးပွဲအခြေအနေကို မသိသေးသလို ဆွေးနွေးပွဲကြောင့် တိုက်ပွဲတွေရပ်တန့်ဖို့ဆိုတာ မသေချာဘူးလို့လည်း သုံးသပ်ကြပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။