သပိတ်ကျင်းမှာ ပိတ်မိနေတဲ့ မိုးကုတ် စစ်ဘေးဒုက္ခသည် တစ်သောင်းခန့် အခက်အခဲဖြစ်နေ
2024.07.07

မန္တလေးတိုင်း၊ မိုးကုတ်မြို့ကနေ တိုက်ပွဲကြောင့် မန္တလေးမြို့ကို ထွက်ပြေးလာကြတဲ့ စစ်ဘေးဒုက္ခသည် တစ်သောင်းခန့်ဟာ သပိတ်ကျင်းမြို့နယ်၊ ဇရပ်ကွင်းရွာနဲ့ လိပ်ကျရွာမှာ ပိတ်မိနေတာ တစ်ပတ်ကျော်လာပါပြီ။
“ဇရပ်ကွင်းမှာ ဆန်၊ ဆီ၊ ဆား ဝယ်ရခက်တဲ့အပြင် ဓာတ်ဆီတောင် ဝယ်ရခက်နေပြီ"
စစ်ဘေးဒုက္ခသည်တွေထဲမှာ နာတာရှည် လူနာတွေ၊ ကိုယ်ဝန်ဆောင်တွေနဲ့ သေနတ်ကျည် ထိမှန်ထားသူတွေပါ ပါတာကြောင့် အသက်အန္တရာယ် စိုးရိမ်နေရတယ်လို့ အဲဒီမှာ ပိတ်မိနေတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကျောက်ကပ်ဆေးရမဲ့ လူနာတွေ ရက်လွန်နေပြီ။ အသက် အန္တရာယ်တွေရှိတယ်။ ဆီးချိုသမားတွေ ဆီးချိုအရမ်းတက်ပြီးတော့ ဆေးခန်းကိုခေါ်သွားချိန်မှာ ဂဏန်းတောင် မပေါ်တော့အောင် ဆီးချိုတွေ တက်နေတယ်။ မွေးခါနီး ဗိုက်ကြီးသည်တွေလည်း ပါတယ်။ မိုးကုတ်မှာ ကျည်ဆန်မှန်ခဲ့တဲ့ လူနာတွေဆိုရင်လည်း ထုတ်ချင်းပေါက် ဒဏ်ရာတွေနဲ့ သုံးရက်တိတိ သွေးတော်တော်အထွက်လွန်ပြီးမှ ရှိတဲ့ဆေးကုသမှုကို ခံယူပြီးတော့ အားတင်းနေနေကြရတယ်“
ဇွန်လ ၃၀ ရက်နေ့ကတည်းက မိုးကုတ်မြို့ကနေ ထွက်ပြေးလာကြရတဲ့ စစ်ဘေးဒုက္ခသည်တွေဟာ မိုးကုတ်ကနေ မန္တလေးကိုသွားတဲ့လမ်းက မတ္တရာ၊ စဉ့်ကူး၊ ရွှေပြည်၊ ဇရပ်ကွင်းအပြင် သပိတ်ကျင်းမြို့နယ် အနီးမှာပါ တိုက်ပွဲအပြင်းအထန်ဖြစ်နေတာကြောင့် အဲဒီနှစ်ရွာမှာ ပိတ်မိနေတာပါ။
ဒါ့အပြင် သပိတ်ကျင်း - မိုးကုတ်လမ်းပေါ် ကျောက်လှည်းဘီးရွာအနီးမှာရှိတဲ့ အမှတ် (၁၄၈) တပ်ရင်းက လက်ရှိ လမ်းပိတ်ထားတာကြောင့် မိုးကုတ်မြို့ကိုပြန်လို့လည်း မရဘူးလို့ ဆိုပါတယ်။
စစ်ဘေးဒုက္ခသည်တွေဟာ ဘုန်းကြီးကျောင်းတွေ၊ ရွာထဲကအိမ်အချို့နဲ့ တည်းခိုရိပ်သာတွေမှာ နေထိုင်နေရပြီး စားနပ်ရိက္ခာအခက်အခဲတွေ ကြုံနေရတယ်လို့ အမည်မဖော်လိုတဲ့ မိုးကုတ်ဒေသခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ဆန်အခက်အခဲတွေ ဖြစ်လာပြီ။ ချမ်းသာသုခ ဘုန်းကြီးကျောင်းမှာဆိုရင် အယောက်နှစ်ထောင်လောက်ရှိတော့ တစ်ရက်ကို ၁၅ ပိုင်းလောက် ချက်ရတယ်တဲ့ တစ်နပ်ကို။ အဲတော့ ရေရှည်အဆင်မပြေနိုင်တော့ဘူး။ လှူတဲ့သူရှိရင်တောင် ကားတွေမဝင်တဲ့အတွက် ဆန်တွေလည်း ပြတ်ကုန်ပြီ။ စားဆီတွေ၊ ဓာတ်ဆီတွေတောင် အကုန်လုံး ပြတ်ကုန်တဲ့အတွက် ဆိုင်တွေတောင် မရောင်းနိုင်တော့ဘူး“
စားသောက်နေထိုင်ရေးအတွက် ဇရပ်ကွင်း၊ လိပ်ကျနဲ့ အနီးပတ်ဝန်းကျင်ရွာခံတွေ ၀ိုင်းဝန်းကူညီနေပေမဲ့ လမ်းပိတ်ထားတာ ကြာလာတာနဲ့အမျှ ရိက္ခာပြတ်လပ်လာပြီလို့ ကူညီပေးနေသူတစ်ဦး RFA ကို ပြောပါတယ်။
“ဇရပ်ကွင်းမှာ ဆန်၊ ဆီ၊ ဆား ဝယ်ရခက်တဲ့အပြင် ဓာတ်ဆီတောင် ဝယ်ရခက်နေပြီ။ ပြတ်ကို ပြတ်နေပြီ။ ဇရပ်ကွင်း ဆိုတာလည်း တကယ်တမ်းပြောမယ်ဆိုရင် ရွာကြီးအဆင့်ပဲ ရှိတာလေ။ အဲမှာရှိတဲ့ လူဦးရေ၊ အဲဒီမှာရှိတဲ့ ဆိုင်အနေအထားအရ မြို့တစ်မြို့စာ မဖူလုံဘူးလေ။ မိုးကုတ်ကနေလာပြီး ပိတ်မိနေတာက လူဦးရေ နှစ်ထောင့်ငါးရာ ဝန်းကျင်လောက်ကို မနက်နေ့လယ် နှစ်နပ်ပေးကျွေးဦး။ အခု ရှစ်ရက်မြောက်သွားပြီ။ အခုလက်ရှိ စားရေး၊ သောက်ရေးက ကျပ်တည်းတဲ့ အနေအထားကို ရောက်နေပါပြီ“
လက်ရှိ သပိတ်ကျင်းမှာ ဖုန်းလိုင်းအများစုနဲ့ အင်တာနက်လိုင်း ပြတ်တောက်နေပြီး မိုင်တဲ (Mytel) ဖုန်းဝိုင်ဖိုင် တစ်ခုတည်းသာ အသုံးပြုလို့ရတာကြောင့် အဆက်သွယ်တွေလည်း ပြတ်နေတယ်လို့ ဆိုပါတယ်။
ဇရပ်ကွင်းမှာပိတ်မိနေတဲ့ မိုးကုတ် ဒေသခံတစ်ဦးကလည်း ပိတ်ရက်ကြာလာတာနဲ့အမျှ စားဆီနဲ့ ဓာတ်ဆီ လုံး၀ပြတ်လပ်နေပြီလို့ RFA ကို ပြောပါတယ်။
“စားဆီရယ်၊ ဓာတ်ဆီ၊ ဒီဇယ်ကတော့ လုံး၀ပြတ်တယ်။ ဓာတ်ဆီက သူတို့ ဘယ်ကနေယူပြီး လာရောင်းလဲမသိ။ ရွှေတောလုပ်ကွက်ကနေ ယူပြီးလာရောင်းတယ်ပြောတယ်။ တစ်လီတာကို တစ်သောင်းခွဲနဲ့ ဖုန်းအားသွင်းဖို့အတွက်ကို မီးစက်မောင်းသွင်းရတယ်။ စားဆီကလည်း တစ်ပိဿာကို ငါးသောင်းနှုန်းဖြစ်သွားတယ်။ အဲဒါလည်း လိုသလောက်မရဘူး။ လာရောင်းတာကို လုဝယ်နေရတယ်“
ဒါ့အပြင် အိမ်သာမလုံလောက်တာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါတွေ ဖြစ်နေသလို ဓာတ်ဆားရည်အစား ရေနွေးဖြူထဲ ဆားထည့်တိုက်နေရတဲ့ အခြေအနေဖြစ်နေတယ်လို့ ဆိုပါတယ်။
ဒီအခြေအနေအပေါ် တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ မန္တလေးတိုင်း ပြောခွင့်ရသူ တိုင်းစီးပွားရေးဝန်ကြီး ဦးသိန်းဌေးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမဲ့ လက်ခံဖြေဆိုတာ မရှိပါဘူး။
မန္တလေးတိုင်းက မိုးကုတ်နဲ့ မတ္တရာမြို့နယ်တွေမှာ ဇွန်လ ၂၅ ရက်နေ့ကစပြီး TNLA နဲ့ PDF ပူးပေါင်းတပ်တွေက ၁၀၂၇ စစ်ဆင်ရေး နောက်ဆက်တွဲဆိုပြီး ထိုးစစ်ဆင်တိုက်ခိုက်နေတာပါ။
လမ်းမှာပိတ်နေတဲ့ စစ်ဘေးဒုက္ခသည်တွေကတော့ ရက်ကြာလာတာနဲ့အမျှ ဒုက္ခရောက်နေရတာကြောင့် နှစ်ရက်လောက် လမ်းဖွင့်ပြီးလွှတ်ပေးဖို့ လိုလားနေကြပါတယ်။