လှိုင်မြစ်ထဲ သမ္ဗန်လှေမြုပ်မှုကြောင့် ကျောင်းသားတွေအပါအဝင် ရှစ်ဦးပျောက်ဆုံးနေ

RFA Burmese
2024.07.10
လှိုင်မြစ်ထဲ သမ္ဗန်လှေမြုပ်မှုကြောင့် ကျောင်းသားတွေအပါအဝင် ရှစ်ဦးပျောက်ဆုံးနေ လှိုင်မြစ်အတွင်း သမ္ဗန်တစ်စင်းမှောက်သဖြင့် ကူညီကယ်ဆယ်ရေး လုပ်နေကြသည်ကို ၂၀၂၄ ခုနှစ်၊ ဇူလိုင် ၁၀ ရက်နေ့က တွေ့ရစဥ်။
Facebook/Wai Wai Hlaing

Updated 4:52 PM July 10,2024

ရန်ကုန်တိုင်း၊ ကြည့်မြင်တိုင်မြို့နယ် လှိုင်မြစ်ထဲမှာ ဇူလိုင်လ ၁၀ ရက်နေ့ မနက်ရှစ်နာရီကျော်က သမ္ဗန်တစ်စင်း နစ်မြုပ်ခဲ့ပြီး ကျောင်းသားတွေအပါအဝင် ရှစ်ဦးပျောက်ဆုံးနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ပြောပါတယ်။

ရန်ကုန်တစ်ဖက်ကမ်းမှာရှိတဲ့ ဆိပ်ကြီးဦးမြ (ဦးမြငါးစင်) ဆိပ်ကမ်းကနေ ဗားကရာဆိပ်ကမ်းဘက်လာတဲ့ အဲဒီသမ္ဗန်ပေါ်မှာ ကျောင်းသားကျောင်းသူတွေ၊ ခရီးသည်တွေနဲ့ သမ္ဗန်မောင်းသူအပါအဝင် ၁၇ ဦး လိုက်ပါလာတယ်လို့ ဆိုပါတယ်။

အဲဒီအထဲက ကျောင်းသားနှစ်ဦး၊ ခရီးသည်ခြောက်ဦးနဲ့ သမ္ဗန်မောင်းသူတစ်ဦးကို ကယ်ဆယ်ထားနိုင်တယ်လို့ ကူညီကယ်ဆယ်ရေးမှာပါဝင်တဲ့ အမည်မဖော်လိုသူတစ်ဦးက RFA ကို ပြောပါတယ်။

“ကျောင်းသားနှစ်ယောက် ပါပါတယ်။ ကျန်တဲ့သူတွေကတော့ ဟိုဘက်ကမ်း ဒီဘက်ကမ်းကူးတဲ့ အလုပ်သမားတွေပေါ့။ ကျွန်တော်သိတာကတော့ လူနာတင်ကားနဲ့ သုံးယောက်ကို ရန်ကုန်ဆေးရုံကြီးပို့တယ်။ ကျန်တာတော့ မလိုအပ်တော့ သူတို့ ဒီအတိုင်း ရိုးရိုးပဲစီစဥ်မယ် ထင်ပါတယ်”

သမ္ဗန်မောင်းသူကိုတော့ ရေကြောင်းရဲတပ်ဖွဲ့က ထိန်းသိမ်းထားပြီး စစ်ဆေးနေတယ်လို့ ဆိုပါတယ်။

ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာရှိ ဆိပ်ကြီးဦးမြ (ဦးမြငါးစင်)တွင် ရပ်နားထားသည့် သမ္ဗန်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က တွေ့ရစဥ်။  (Photo: RFA)
ကြည့်မြင်တိုင်မြို့နယ်၊ ဗားကရာရှိ ဆိပ်ကြီးဦးမြ (ဦးမြငါးစင်)တွင် ရပ်နားထားသည့် သမ္ဗန်များအား ၂၀၂၄ ခုနှစ်၊ ဇူလိုင်လ ၁၀ ရက်နေ့က တွေ့ရစဥ်။ (Photo: RFA)

အဲဒီသမ္ဗန်ဟာ ကြည့်မြင့်တိုင်မြို့နယ် ဈေးလေးရပ်ကွက်အနီး ဗားကရာဆိပ်ကမ်းနဲ့ ကိုက်နှစ်ရာအကွာက လှိုင်မြစ်အလယ်မှာ တွဲသင်္ဘောကိုတိုက်မိပြီး နစ်မြုပ်ခဲ့တာလို့ ဒေသခံတွေနဲ့ ကူညီနေသူတွေက ပြောပါတယ်။

“လှိုင်မြစ်ဟာ ရေစီးသန်ပြီး မြစ်ရေပါတက်နေတာကြောင့် ပျောက်ဆုံးနေသူတွေ အသက်ရှင်ဖို့ မျှော်လင့်ချက် နည်းပါးပါတယ်”

ပျောက်ဆုံးနေသူ ရှစ်ဦးထဲမှာပါဝင်တဲ့ အလုံမြို့နယ် အကယ်ဒမီဆေးရုံက အလုပ်သမား အသက် ၃၂ နှစ်အရွယ် မသဇင်ရဲ့ မိသားစုနဲ့နီးစပ်သူက အသက်ရှင်လျက်ပြန်တွေ့ဖို့ မဖြစ်နိုင်တော့ဘူးလို့ RFA ကို ပြောပါတယ်။

“အချိန်က ကြာပြီဆိုတော့ အသက်ရှင်လျက် ပြန်တွေ့ဖို့တော့ အခြေအနေက မရှိတော့ပါဘူး။ မရှိတော့ဘူးဆိုတော့ ရုပ်ကလာပ်ကိုပဲ ပေါ်တဲ့အချိန် လိုက်ရှာရမှာပေါ့။ အသက်ရှင်ဖို့တော့ မမျှော်မှန်းတော့ပါဘူး။ ကောင်းကောင်းမွန်မွန် ပြန်တွေ့ဖို့ မျှော်လင့်တယ်။ ရေကကမ်းပဲထိုးတာ များတော့၊ ကမ်းတင်ဖို့များတယ်”

မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ အနောက်ပိုင်းခရိုင်မှူး ဦးရှိုင်းဝေမိုးကလည်း လှိုင်မြစ်ဟာ ရေစီးသန်ပြီး မြစ်ရေပါ တက်နေတာကြောင့် ပျောက်ဆုံးနေသူတွေ အသက်ရှင်ဖို့ မျှော်လင့်ချက် နည်းပါးတယ်လို့ RFA ကို ပြောပါတယ်။

“လက်ရှိကတော့ နောက်ထပ်ရှစ်ဦးကို ပြန်ပြီးရဖို့အတွက်ကတော့ ပိုက်စိပ်တိုက်ပြီး ရှာနေကြတာပေါ့။ ပွင့်ပွင့်လင်းလင်းပြောရရင် ကျွန်တော်တို့က လက်ရှိမှာ ဘာအရိပ်အရောင်ကိုမှ မတွေ့ဘူးဖြစ်နေတယ်။ ဒါပေမဲ့ အသက်ရှင်လျက်နဲ့ဖြစ်ဖြစ် ဘယ်လိုနည်းနဲ့ဖြစ်ဖြစ် တစ်ဦးရလည်း မနည်းဘူးဆိုတဲ့စိတ်လေးနဲ့ပဲ လိုက်ရှာနေကြတာပေါ့။ မျှော်လင့်ချက်ကတော့ နည်းတာပေါ့”

အသက်ရှင်လျက် ကယ်ဆယ်ထားသူတွေနဲ့ ပျောက်ဆုံးနေသူတွေရဲ့ နာမည်နဲ့ အသေးစိတ် အချက်အလက်ကိုတော့ လက်တလော မသိရသေးဘူးလို့ ဆိုပါတယ်။

သမ္ဗန်တိမ်းမှောက်နစ်မြုပ်ပြီးနောက် ရန်ကုန်တစ်ဖက်ကမ်း ကြည့်မြင်တိုင်မြို့နယ်ထဲက သမ္ဗန်ဆိပ်တွေမှာ စစ်ဆေးရေးအဖွဲ့တွေ လိုက်လံစစ်ဆေးနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(မှတ်ချက် - ပျောက်ဆုံးနေသူတစ်ဦး၏ မိသားစုဝင်၊ ရန်ကုန်အနောက်ပိုင်းခရိုင် မီးသတ်တပ်ဖွဲ့မှူး ဦးရှိုင်းဝေမိုးတို့၏ ပြောဆိုချက်များကို ထပ်မံဖြည့်စွက်ရေးသားထားပါသည်။)

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။