အနိမ့်ဆုံးလုပ်ခတိုးပေမဲ့ မလုံလောက်ကြောင်း အလုပ်သမားတွေပြော

RFA Burmese
2023.10.07
အနိမ့်ဆုံးလုပ်ခတိုးပေမဲ့ မလုံလောက်ကြောင်း အလုပ်သမားတွေပြော ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ် စက်ရုံအချို့မှာ အလုပ်လုပ်ရန်လာရောက်ကြသည့် ဝန်ထမ်းများအား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့က တွေ့ရစဉ်။
Photo: RFA

မြန်မာနိုင်ငံက အလုပ်သမားတွေရဲ့ အနိမ့်ဆုံးတစ်ရက်လုပ်ခ ၄၈၀၀ ကျပ်ကို နောက်ထပ် ထောက်ပံ့ကြေး တစ်ထောင်ကျပ်တိုးပြီး ၅၈၀၀ ကျပ်အဖြစ် စစ်ကောင်စီ အလုပ်သမား ဝန်ကြီးဌာနက ပြင်ဆင်သတ်မှတ်လိုက်ပါတယ်။

ကုမ္ပဏီတွေ၊ စက်ရုံတွေအနေနဲ့ ဒီသတ်မှတ်ချက်အတိုင်း လိုက်နာရမယ်လို့ အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးအောင်ဌေးဝင်းက အောက်တိုဘာလ ၇ ရက်မှာ RFA ကို ပြောပါတယ်။

ဒီသတ်မှတ်ချက်က အောက်တိုဘာလ ၁ ရက်နေ့ကစလို့ အကျုံးဝင်ပြီဖြစ်ပါတယ်။

အာဏာသိမ်းပြီးနောက် နှစ်ဆကျော် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေနဲ့ အခြေခံလူတန်းစားတွေရဲ့ အကျပ်အတည်းတွေကို ဒီတစ်ထောင်ကျပ်တိုးပေးရုံနဲ့ ဖြေရှင်းနိုင်မှာ မဟုတ်ဘူးလို့ အလုပ်သမားတွေက ဝေဖန်ပါတယ်။

ရန်ကုန်မြို့က အထည်ချုပ်စက်ရုံ အလုပ်သမားတစ်ဦးကတော့ သူတို့အတွက် ဘာမှ ထူးမလာဘူးလို့ ပြောပါတယ်။

"အဆင်ကတော့ မပြေဘူးလေ။ ကုန်ဈေးနှုန်းတွေနဲ့ကျတော့ ပြေလည်တယ်လို့လည်း မရှိဘူး။ ဒီလိုပဲ လုပ်ကိုင်စားသောက်ရတာပဲ။ ဘယ်လောက်လောက်တိုးရင် အဆင်ပြေလောက်လဲဆိုတော့ တစ်နေ့ကို ခုနစ်ထောင်လောက်ဆိုရင်တော့ နည်းနည်းလေး အဆင်ပြေမလားလို့ပါ။ ၇၂၀၀၊ ၇၀၀၀ အဲဒီလိုမျိုးလောက်ဆို အဆင်ပြေမလားလို့"

အနိမ့်ဆုံးတစ်ရက်လုပ်ခကို ခုနစ်ထောင်ကျပ်ဝန်းကျင်အထိ ပြင်ဆင်သတ်မှတ်ပေးဖို့ သူက တောင်းဆိုပါတယ်။

ရန်ကုန်မြို့က အထည်ချုပ် စက်ရုံအလုပ်သမားတစ်ဦးကတော့ သူတို့လုပ်ငန်းခွင်မှာ အပိုထောက်ပံ့ကြေး တစ်ထောင်ကျပ်တောင် တိုးပေးတာမရှိသေးဘူးလို့ RFA ကို ပြောပါတယ်။

"ကြေညာလိုက်ပေမယ့် သူတို့ အခကြေးငွေကို ၄၈၀၀ ကျပ်ပဲ ပေးတယ်။ အခကြေးငွေ ကို လူဟောင်းတွေမို့လို့ လူဟောင်းတွေကို တိုးမပေးဘူး။ လူသစ်တွေကိုတော့ ဝင်ဝင်ချင်းတောင် ခြောက်ထောင်ကျပ်ပေးတယ်၊ မိန်းကလေးဆို ငါးထောင်ကျပ် ပေးတယ်။ ဒါပေမဲ့ သူတို့ အလုပ်ချိန်ကို မနက် ၆ ခွဲ၊ ည ၆ ခွဲ ခိုင်းနေကြတယ်ပေါ့နော်။ ဘယ်လိုပြောရမလဲ လိုချင်တာပေါ့နော်။ သူများတွေ စက်ရုံမှာ ကိုးထောင်တို့ တစ်သောင်းတို့ ရတယ်။ အဲဒီလိုမျိုးလေး လိုချင်တယ်။ ဒါပေမဲ့ တိုးမပေးဘူးဆိုတဲ့ အနေအထား"

ဒီအပြင် အလုပ်သမားတွေဟာ စက်ရုံတွေမှာ တစ်ရက်အနိမ့်ဆုံးလုပ်ခအတွက် ရှစ်နာရီအစား တစ်နေ့ ၁၂ နာရီလောက် အလုပ်နေရတယ်လို့ စက်ရုံအလုပ်သမားတွေက ပြောပါတယ်။

"ကြေညာလိုက်ပေမယ့် သူတို့ အခကြေးငွေကို ၄၈၀၀ ကျပ်ပဲ ပေးတယ်"

စစ်ကောင်စီဟာ စက်တင်ဘာလ ၃၀ ရက်က စစ်ကောင်စီတပ်သားတွေအပါအဝင် နိုင်ငံဝန်ထမ်းတွေကို လစာအပြင် အပိုထောက်ပံ့ကြေး တစ်လ သုံးသောင်းကျပ် ပေးသွားမယ်လို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ အစိုးရဌာနတွေနဲ့ အဖွဲ့အစည်းတွေက နေ့စားအလုပ်သမားတွေကိုလည်း တစ်ရက်လုပ်အားခ ၄,၈၀၀ ကျပ်အပြင် အပို ထောက်ပံ့ငွေ တစ်ရက်ကို တစ်ထောင်ကျပ်ပေးမယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီထုတ်ပြန်ချက်အပြီးမှာပဲ ပုဂ္ဂလိကကဏ္ဍက အလုပ်သမားတွေရဲ့ အနိမ့်ဆုံးတစ်ရက် လုပ်ခကို အပိုထောက်ပံ့ကြေး တစ်ထောင်ကျပ် တိုးမြှင့်လိုက်တာပါ။

အလုပ်သမားအရေး ကူညီနေသူ ကိုသူရိန်အောင်ကတော့ ထောက်ပံ့ကြေး တစ်ထောင်ကျပ်ဟာ အလုပ်သမားတွေ ရသင့်တဲ့ လုပ်အားခကို မပြည့်မီသေးဘူးလို့ ပြောပါတယ်။

"တကယ့်လစာမှာတော့ သိသိသာသာကြီး တိုးသွားတယ်ဆိုတာ ဖြစ်မှာမဟုတ်ဘူးပေါ့ လေ။ ကျွန်တော်တို့ နောက်ဆုံးတောင်းဆိုထားတာ ခုနစ်ထောင် တောင်းထားတာ။ အဲဒီအချိန်တုန်းက ဒေါ်လာဈေးက သုံးထောင်တောင်မပြည့်ဘူးထင်တယ်။ အမှန်တကယ်ရသင့်တဲ့ လုပ်အားခအနေနဲ့ ကျွန်တော်တို့က တွက်ပေးတာ၊ အကြံပြုတာပေါ့ဗျာ။ လုပ်ခလစာက မြင့်လာတယ်လို့ဆိုပေမယ့် ကျွန်တော်တို့ ပြောထားတဲ့ နှုန်းထားကို မရောက်သေးဘူးပေါ့လေ။ တကယ့် အခြေခံလိုအပ်ချက်တွေ ကို ပြည့်မီအောင် လုပ်ဖို့ဆိုတာမျိုးက မဖြစ်နိုင်ဘူးပေါ့ဗျာ"

အလုပ်သမားတွေဟာ တစ်နေ့ကို အနည်းဆုံး အခကြေးငွေ ခုနစ်ထောင်ကျပ်နဲ့အထက် ရရှိသင့်တယ်လို့ သူက ပြောပါတယ်။

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စက်မှုဇုန်မှ အလုပ်သမားများအား ၂၀၂၀ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ် စက်မှုဇုန်မှ အလုပ်သမားများအား ၂၀၂၀ ခုနှစ်၊ မတ်လ ၂၆ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

အလုပ်သမားတစ်ယောက်ရဲ့ တစ်ရက်အနိမ့်ဆုံးလုပ်ခကို ၄၈၀၀ ကျပ်အဖြစ် ၂၀၁၈ ခုနှစ်၊ မေလမှာ သတ်မှတ်ခဲ့တာပါ။ အဲဒီအချိန်တုန်းက ဆန်ကြမ်းတစ်အိတ်ကို ကျပ် နှစ်သောင်းခွဲ ဝန်းကျင်သာ ရှိပါတယ်။

စစ်ကောင်စီက အနိမ့်ဆုံးလုပ်ခအပေါ် နောက်ထပ် တစ်ထောင်ကျပ် တိုးမြှင့်ပေးလိုက်တဲ့ ဒီနေ့မှာတော့ ဆန်ကြမ်းတစ်အိတ်ကို ကျပ်ရှစ်သောင်းဝန်းကျင် ရှိနေပါတယ်။

စစ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းအဆမတန်ကြီးမြင့်မှုနဲ့ မြန်မာငွေတန်ဖိုး ကျဆင်းမှုကြောင့် ကျပ်တည်းလာတဲ့ တစ်ချိန်တည်းမှာ အလုပ်လက်မဲ့အရေအတွက်လည်း အဆမတန် တိုးလာနေပါတယ်။ အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ ILO ရဲ့ ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၁ ရက်ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံမှာ အာဏာသိမ်းပြီးနောက် အလုပ်ဖြုတ် ခံရတဲ့ အလုပ်သမားဦးရေ ၄၁ ရာခိုင်နှုန်းအထိ ရှိခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။