အခြေခံဥပဒေကို စောင့်ရှောက်မယ်ဆိုတဲ့ တပ်မတော် ထုတ်ပြန်ချက်အပေါ် သုံးသပ်ချက်
2021.01.31
ဥပဒေကို လိုက်နာမှုမရှိရင် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုရင်တောင် ဖျက်ပစ်ရမယ်လို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဇန်နဝါရီ ၂၇ နေ့က နိုင်ငံတော်ကာကွယ်ရေး တက္ကသိုလ်က သင်တန်းအရာရှိတွေကို ဗီဒီယိုအွန်လိုင်းစနစ်နဲ့ တွေ့ဆုံချိန်မှာ ပြောခဲ့ပြီးနောက်ပိုင်း တပ်မတော် အာဏာသိမ်းတော့မလားဆိုတဲ့ သုံးသပ်ချက်တွေ စိုးရိမ်ချက်တွေ ထွက်ပေါ်ခဲ့တာပါ။
ဇန်နဝါရီ ၃၀ ရက် မနေ့ကတော့ တပ်မတော်က တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ် စောင့်ရှောက်ပြီး ဥပဒေဘောင်အတွင်းကနေ ဥပဒေနဲ့အညီ ဆောင်ရွက်သွားမယ်လို့ ကြေညာချက် ထုတ်ခဲ့သလို ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်သိမ်းမယ်လို့ ရေးသားပြောဆိုချက်တွေဟာ လိုရာဆွဲပြီး ရေးသားပြောဆိုနေကြတာလို့လည်း ဆိုပါတယ်။
မနေ့က ထုတ်ပြန်ချက်အရ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအတွင်းကနေ ဆောင်ရွက်မယ် ဆိုတဲ့ အချက်က ဘာကိုရည်ညွှန်းတာပါလဲ။
အခြေခံဥပဒေဘောင်အတွင်းက ဆောင်ရွက်မယ်ဆိုတာ အခန်း ၁၁ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက် တွေကို ရည်ညွှန်းတာလို့ နိုင်ငံရေး လေ့လာသူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက သုံးသပ်ပါတယ်။
“တပ်က ဒီလိုမျိုး ထုတ်ပြန်လိုက်တာက မှားသွားတာလဲ ဖြစ်ကောင်းဖြစ်နိုင်တယ် ဒါမှမဟုတ်ရင် NLD နဲ့ ရွေးကောက်ပွဲကော်မရှင် ပြဿနာဖြေရှင်းဖို့ ညှိနှိုင်းတာ အဖြေတစ်ခုခု ရသွားလို့လား သို့မဟုတ် နဂိုထဲက UEC စာရင်းဖောင်းပွမှုတွေကို ပြောထဲက အခြေခံဥပဒေပါ ပုဒ်မ ၆ တို့ ပုဒ်မ ၂၀ တို့ကို ညွှန်းတဲ့အခါ UEC က သူတို့ပြောတဲ့အတိုင်း မဖြေရှင်းပေးဘူးဆိုရင် အခြေခံဥပဒေပါ ပြဌာန်းချက်တွေအတိုင်း အာဏာဝင် ထိန်းလိမ့်မယ်ပေါ့၊ အခြေခံဥပဒေကို မပျက်စေချင်တဲ့အတွက် အာဏာဝင်ထိန်းလိမ့်မယ်ပေါ့”
ဖွဲ့စည်းပုံ အခြေခံဥပဒေ အခန်း ၁၁ မှာပါတဲ့ အရေးပေါ်ကာလဆိုင်ရာ ပြဌာန်းချက်များ အခန်းမှာ တိုင်းပြည် အရေးပေါ်အခြေအနေ ပေါ်ပေါက်လာရင် သမ္မတက ကာလုံလို့ ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီနဲ့ ညှိနှိုင်းပြီး ဥပဒေကဲ့သို့ အာဏာတည်တဲ့ အမိန့်ထုတ်ပြန်ပြီး အရေးပေါ် အခြေအနေ ကြေညာနိုင်တယ်လို့ ဖော်ပြထားပါတယ်။
အခန်း ၁၁ ပါအတိုင်းဆိုရင် သမ္မတ ခွင့်ပြုမိန့် မပါဘဲ ဆောင်ရွက်လို့မရဘူးလို့ ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာ ဆောင်းပါးရှင် မောင်ဉာဏ က သုံးသပ်ပါတယ်။
“ဥပဒေပါအတိုင်း အရေးပေါ်အခြေအနေ ကြေညာတာ ၂ မျိုးရှိတယ်၊ တစ်မျိုးက တိုင်းနဲ့ ပြည်နယ်အလိုက် ဥပဒေသက်ရောက်မှု မရှိရင် တစ်ခုချင်းစီအလိုက် အရေးပေါ်အခြေအနေ ကြေညာတာ နောက်တစ်ခုက တစ်နိုင်ငံလုံးကြေညာတာပေါ့၊ ရပ်ရွာအေးချမ်းသာယာရေး မတည်မငြိမ်ဖြစ်တာ အချုပ်အခြာအာဏာ ထိပါးလာတာ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပျက်ပြားလာတာမျိုး အဲလိုဆို နိုင်ငံတော် သမ္မတက ပြဌာန်းလို့ရတယ် အခုတော့ အဲလိုအခြေအနေ မရှိဘူး အဲလိုအခြေအနေဖြစ်အောင် အဖွဲ့အစည်းတစ်ချို့က ပုံဖော်လာတာမျိုး လက်စလက်န တွေ့နေရတယ်။ အဲလိုအခြေအနေမှာ ဘာဖြစ်လာမယ် ပြောလို့မရဘူး။ အခန်း ၁၁ ပါ ပြဌာန်းချက်အတိုင်းဆို သမ္မတ ခွင့်ပြုချက်လိုတယ် အဲလိုအခြေအနေတွေရှိမှ သမ္မတက ခွင့်ပြုလို့ရမှာ”
လတ်တလောအခြေအနေအရ ဖွဲ့စည်းပုံအခြေခံဥပဒေပါ အခန်း ၁၁ အတိုင်း အရေးပေါ်အခြေအနေကို ကြေညာနိုင်ဖို့ နိုင်ငံမတည်ငြိမ်အောင် အဖွဲ့အစည်းတချို့က ပုံဖော်နေတာ တွေ့ရတယ်လို့လည်း မောင်ဉာဏက ဆိုပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို ကန့်ကွက်ပြီး တပ်မတော်ကို ထောက်ခံကြောင်း ဆန္ဒပြပွဲတွေ ဟာလည်း အခုရက်ပိုင်း နေပြည်တော်၊ ရန်ကုန်နဲ့ မြို့ကြီးတစ်ချို့တို့မှာ ခပ်စိတ်စိတ် လုပ်လာပြီး ဆန္ဒပြပွဲဦးဆောင်သူတွေဟာ ရုန်းရင်းဆန်ခတ်ဖြစ်ဖို့ကို ဦးတည်လာနေတာကိုပါ တွေ့ရပါတယ်။
အာဏာရပါတီ NLD ဗဟိုပြန်ကြားရေးကော်မတီ အတွင်းရေးမှူး မုံရွာအောင်ရှင်ကတော့ တပ်မတော်ရဲ့ မနေ့က ထုတ်ပြန်ချက်ဟာ သူတို့အပေါ် ပြည်သူတစ်မျိုးထင်တာကို မထင်အောင်ဖြေရှင်းတာလို့ ယူဆပါတယ်။
“အကြောင်းအရာက ဖြတ်ပြီးတော့ တွေးလို့မရဘူး အစဉ်အဆက်လိုက်ကြည့်မှပေါ်တာ ပထမဆုံး သတင်းစာရှင်းပွဲမှာ အာဏာမသိမ်းဘူးလို့ မဆိုဘူးဆိုတာကစတာ အဲ့ဒီကနေ နောက်တစ်နေ့ကြတော့ ဖွဲ့စည်းပုံကိုဖျက်မယ်ဆိုတာမျိုးတွေပြောလာတာ ဒီလိုစပ်ဆက်မှုတွေကို ပြည်သူကရော စာနယ်ဇင်း တွေကရော ပြောလာကြတော့ ဒါကို ပြန်ပြီး ဖြေရှင်းမှဖြစ်မယ်ဆိုပြီး ပြောလာတဲ့ သဘောပါ”
ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ တပ်မတော်ပြောခွင့်ရှိသူတို့ရဲ့ ပြောဆို ချက်တွေကြောင့် တပ်မတော်အာဏာသိမ်းတော့မလားလို့ ပြည်တွင်းမှာတင်မကဘဲ နိုင်ငံတကာကပါ မြန်မာပြည်အရေးကို စိုးရိမ်နေကြပါတယ်။
မြန်မာ့ ဒီမိုကရက်တစ် အသွင်ကူးပြောင်းရေးကို ကြန့်ကြာစေမယ့် ကြိုးပမ်းအားထုတ်မှုတွေကို ဆန့် ကျင်ကန့်ကွက်တယ်လို့ ကုလသမဂ္ဂနဲ့ သံတမန်အဖွဲ့အစည်းတွေက ကြေညာခဲ့ကြပြီး ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျင်းပမယ့် လွှတ်တော်သစ် စတင်ရေးနဲ့ သမ္မတသစ်ရွေးချယ်ရေး လုပ်ငန်းတွေကို ငြိမ်းငြိမ်းချမ်းချမ်း ဆောင်ရွက်ဖို့ မျှော်လင့်တယ်လို့လည်း တိုက်တွန်းခဲ့ကြပါတယ်။
သေနင်္ဂမဟာဗျူဟာ လေ့လာရေးအဖွဲ့ အမှုဆောင်ဒါရိုက်တာ ဦးသိန်းထွန်းဦးကတော့ တပ်မတော်က ရွေးကောက်ပွဲမဲစာရင်း မှားယွင်းမှုတွေကို ထောက်ပြပြောဆိုနေတာကို ကျော်လွန်ပြီး တွေးကြတဲ့ အတွက် အခုလို အကြပ်အတည်းဖြစ်ရတာလို့ ဆိုပါတယ်။
“ဖြစ်နေတဲ့ပြဿနာကို တော်တော်များများက ကျော်ပြီးသုံးသပ်တာ မဲစာရင်းနဲ့ ပတ်သက်တာကို တပ် ကဖော်ထုတ်တာ အဲဒါကို ရှင်းရှင်းလင်းလင်း ဖြစ်စေချင်တာကို လူတွေက အာရုံမစိုက်ပဲ တစ်ခုခု ဖြစ် သွားရင် သတင်းစာရှင်းလင်းပွဲမှာ မေးတာက စတာ အာဏာသိမ်းချင်းမသိမ်းချင်း ဆိုတဲ့အပိုင်းအထိ ဖိုးကပ်အရမ်းများနေတယ် UEC က တပ်ထုတ်ပြန်တာ မမှန်ဘူးဆိုရင် သေချာတိကျ ပြန်ရှင်းရင် ဒီပြသနာက ရှင်းတယ် အဲဒါကို အဓိကမဟုတ်ပဲ ဟိုးအဝေးကြီးကဟာကို ကျော်ကျော်ပြီး ဖိုးကပ်လုပ်နေတော့ နားလည်မှုလွဲနေတာဖြစ်မယ် တပ်က ဒါကို အဓိက ဦးတည်ရှင်းတာလို့ သုံးသပ်ပါတယ်”
နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲအတွင်း၊ အငြင်းပွားဖွယ် မဲစာရင်းမှားယွင်းမှုပေါင်း ၈ ဒဿမ ၆ သန်း ကျော် ရှိခဲ့တယ်လို့ တပ်မတော်ဘက်က စွပ်စွဲထားပြီး၊ မဲစာရင်းမှားယွင်းနိုင်ခြေတွေနဲ့ ပတ်သက်လို့ ဖြေ ရှင်းပေးဖို့ နိုင်ငံတော် သမ္မတ၊ ပြည်ထောင်စုလွှတ်တော်နဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တောင်းဆိုထားပါတယ်။
၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို သံသယကင်းစွာ လက်ခံနိုင်ဖို့နဲ့ လက်ရှိကြုံတွေ့နေရတဲ့ နိုင်ငံရေး အကျပ် အတည်းကို ဖြေရှင်းနိုင်ဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ အစိုးရ၊ လွှတ်တော် တစ်ခုခုကနေ နိုင်ငံသားတွေရဲ့အကျိုးကို ရှေးရှုပြီး နည်းလမ်းရှာဖြေရှင်းပေးဖို့ တပ်မတော်က တောင်းဆိုထားပါတယ်။
ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကတော့ ၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲမှာ မဲစာရင်း အမှားအယွင်းတွေ ရှိခဲ့ပေမယ့် တပ်မတော် စွပ်စွဲသလို မဲမသမာမှုတွေ မရှိခဲ့ဘူးလို့ ကြေညာချက်ထုတ်ပြီး တုံ့ပြန်ထားသလို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ဟာ ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ လုပ်ပိုင်ခွင့်အာဏာ ပေးအပ်ခံထား ရတဲ့အဖွဲ့ဖြစ်ပြီး ရွေးကောက်ပွဲဆိုင်ရာ ကိစ္စရပ်တွေကို လက်ရှိအာဏာရ အစိုးရ နဲ့ ညှိနှိုင်းရမယ်လို့ ဥပဒေမှာ ပြဌာန်းထားတာ မရှိဘူးလို့လည်း ကော်မရှင်က ပြောထားပါတယ်။
ရွေးကောက်ပွဲ အငြင်းပွားမှုတွေနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဥပဒေနဲ့အညီ တရားဝင် တိုင်ကြားထားတဲ့ ကန့်ကွက်လွှာ ၂၈၇ ခုရှိပြီး ဖေဖော်ဝါရီလအတွင်းမှာ အမှုကြားနာဖို့တွေ ရှိနေပါတယ်။
၂၀၂၀ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာတဲ့ လွှတ်တော်သစ် အစည်းအဝေးတွေကိုလည်း မနက်ဖြန် ကစပြီး နေပြည်တော်မှာ စတင်ကျင်းပတော့မှာ ဖြစ်တဲ့အတွက် လွှတ်တော်တက်မယ့် တပ်မတော်သား ကိုယ်စားလှယ် တွေအပါအဝင် ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်အားလုံး နေပြည်တော်ကို ရောက်ရှိနေကြပြီဖြစ် ပါတယ်။