စစ်ကောင်စီတပ် အရပ်သားတွေကို ပစ်မှတ်ထား မိုင်းထောင်နေကြောင်း NUG ပြော

ကျော်လွင်ဦး (ဝါရှင်တန်ဒီစီ)
2023.08.12
စစ်ကောင်စီတပ် အရပ်သားတွေကို ပစ်မှတ်ထား  မိုင်းထောင်နေကြောင်း NUG ပြော လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့လမ်းပိုင်းတွင် မိုင်းထိလူနာများအား ပရဟိတအသင်းမှ ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလ ၆ ရက်နေ့က သယ်ဆောင်ခဲ့စဉ်။
ရွှေလွိုင်ကော် ပရဟိတအသင်း

ပြီးခဲ့တဲ့ သြဂုတ်လ (၁၀) ရက်နေ့က စစ်ကိုင်းတိုင်း ချောင်းဦးမြို့နယ် ငါးယှန်ကျေးရွာရှိ ပြည်သူတွေသွားလာနေတဲ့လမ်းမှာ စစ်ကောင်စီတပ်သားတွေက မြေမြှုပ်မိုင်းတွေလာရောက် ထောင်ထားခဲ့ကြောင်း ပြည်သူတွေထိခိုက်မှုမရှိအောင် ပြည်သူကာကွယ်ရေးတပ်တွေက ဖြုတ်သိမ်းခဲ့ရတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဩဂုတ်လ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီဟာ ရင်ဆိုင်တိုက်ပွဲတွေ တိုက်ခိုက်နိုင်စွမ်းနည်းလာတာနဲ့အမျှ အရပ်သားတွေကို ပစ်မှတ်ထားပြီး မိုင်းထောင်တာတွေ ခပ်စိပ်စိပ်လုပ်လာတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ ကပြောပါတယ်။

" အခုနောက်ပိုင်း သူတို့ရဲ့သွားလာနိုင်တဲ့ ဂွင်ကလည်းကျဉ်းလာတယ်၊ များသောအားဖြင့် သူတို့သွားလာလှုပ်ရှားလို့မရတဲ့နေရာတွေ ပြည်သူလူထုတွေ သွားလာနိုင်တဲ့နေရာတွေမှာ သူတို့က စစ်ရေးပစ်မှတ်တွေ ဘာတွေမခွဲဘဲနဲ့ လုပ်လာတာ၊ အောက်လမ်းနည်းတွေ သုံးလာတာတွေရတယ်၊ တောင်ပိုင်းမှာရော ပြည်မ မကွေး၊ စစ်ကိုင်းမှာရော အဲနေရာတွေမှာ သူတို့က တွင်တွင်ကျယ်ကျယ်ကို လုပ်လာတာတွေ့ရတယ်"

"သူတို့က စစ်ရေးပစ်မှတ်တွေ ဘာတွေမခွဲဘဲနဲ့ လုပ်လာတာ၊ အောက်လမ်းနည်းတွေ သုံးလာတာတွေ့ရတယ်"

စစ်ကောင်စီအသုံးပြုနေတာ M 14 နင်းမိုင်းတွေဖြစ်ပြီး နင်းမိတဲ့နေရာကနေ အထက်ကိုဆယ်လက်မခန့်အထိ အသေးစားပေါက်ကွဲမှုဖြစ်ပြီး မိုင်းနင်းမိသူကို ကိုယ်လက်အင်္ဂါမသန်စွမ်းဖြစ်စေဖို့ ရည်ရွယ်ချက်နဲ့ ထုတ်လုပ်တဲ့မိုင်းဖြစ်တာကြောင့် ပြည်သူတွေ မိုင်းအန္တရာယ်သတိထားဖို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ မြေမြှုပ်မိုင်းတွေက သူတို့လက်အောက်ခံ ကပစ စက်ရုံတွေကနေ မိုင်း ခုနှစ်မျိုး ထုတ်လုပ်အသုံးပြုနေပါတယ်။ အဲဒီထဲက မြေမြှုပ်မိုင်းနှစ်မျိုးကို အသုံးများပြီး မိုင်းအကြီးက နင်းတဲ့သူသေပြီး အသေးကတော့ ခြေထောက်ပြတ်ရုံ၊ ထိခိုက်ဒဏ်ရာရရုံလောက်ရှိတယ်လို့ CDM စစ်မြေပြင်အင်ဂျင်နီယာ ရဲဘော်မိုင်း က RFA ကိုပြောဆိုဖူးပါတယ်။

ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ UNICEF ရဲ့ ထုတ်ပြန်ချက်တွေအရ ၂ဝ၂၂ ခုနှစ် တစ်နှစ်အတွင်း မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေကြောင့် သေဆုံးသူ ၁ဝ၂ ယောက်နဲ့ ကိုယ်လက်အင်္ဂါထိခိုက်ဒဏ်ရာရသူ ၂၈၈ ယောက်၊ စုစုပေါင်း အယောက် ၃၉၀ ရှိပါတယ်။ ဒီထဲမှာ ကလေး ၁၃၃ ယောက်နဲ့ လူကြီး ၂၅၇ ယောက် ပါဝင်ပါတယ်။ ဒါဟာ ၂ဝ၂၁ ခုနှစ်နဲ့စာရင် ၃၇ ရာခိုင်နှုန်း တိုးလာတယ်လို့ UNICEF က ဆိုပါတယ်။

၂ဝ၂၁ ခုနှစ်ကတော့ မြေမြှုပ်မိုင်းနဲ့ ပေါက်ကွဲစေတတ်တဲ့ လက်နက်ပစ္စည်းတွေကြောင့် သေဆုံးထိခိုက်ဒဏ်ရာရသူ ၂၈၄ ယောက် ရှိခဲ့တာပါ။ မိုင်းကြောင့် နစ်နာသူတွေဟာ ရခိုင်၊ ချင်း၊ ကယား၊ ရှမ်း၊ စစ်ကိုင်း စတဲ့ တိုင်းနဲ့ပြည်နယ်တွေက များပါတယ်။

စစ်ကောင်စီတပ် ထောင်ခဲ့သည့် မိုင်းတစ်လုံးကို မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ပြသထားစဥ်။ (ဓာတ်ပုံ - မင်းတပ် CDF)
စစ်ကောင်စီတပ် ထောင်ခဲ့သည့် မိုင်းတစ်လုံးကို မင်းတပ် CDF တပ်ဖွဲ့ဝင်တစ်ဦး ၂၀၂၂ ခုနှစ် ဇန်နဝါရီလမှာ ပြသထားစဥ်။ (ဓာတ်ပုံ - မင်းတပ် CDF)

နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေရဲ့ အစီရင်ခံစာတွေအရ မြေမြှုပ်မိုင်းတွေကို စစ်ကောင်စီတပ်ဘက်ကပဲ သုံးတာမဟုတ်ဘဲ တော်လှန်ရေးအဖွဲ့တွေကလည်း အသုံးပြုနေတယ်လို့ ဖော်ပြထားပါတယ်။

တော်လှန်ရေးအဖွဲ့တွေအနေနဲ့ မိုင်းထောင်ထားတဲ့ နေရာတွေကို ပြည်သူတွေအသိပေးတာတွေလုပ်ပြီး မထိခိုက်အောင်လုပ်ရတယ်လို့ စစ်ကိုင်းတိုင်း ကနီမြို့နယ် ကျောက်လုံးကြီး PDF ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

" ကျွန်တော်တို့ကျေးရွာကို အစည်းအဝေးခေါ်လိုက်တယ်၊ ပကဖတွေရော ပြည်သူတွေရော၊ အဲဒါပြီး ဒီရွာကိုမိုင်းကာမယ်ပေါ့၊ ကျေးရွာပြည်သူလူထုနဲ့ တိုင်ပင်လိုက်တယ်၊ နေရာသတ်မှတ်လိုက်တယ်ပေါ့၊ ဘယ်သူယာခင်းဟိုဘက်ဆို လုံးဝမသွားနဲ့၊ အဲလိုမျိုးသတ်မှတ်ပေးလိုက်တယ် "

"ကျွန်တော်တို့ကျေးရွာကို အစည်းအဝေးခေါ်လိုက်တယ်၊ ဒီရွာကိုမိုင်းကာမယ်ပေါ့၊ ကျေးရွာပြည်သူလူထုနဲ့ တိုင်ပင်လိုက်တယ်၊ နေရာသတ်မှတ်လိုက်တယ်ပေါ့"

စစ်ကောင်စီစစ်ကြောင်းတွေရှိတဲ့အခါ သူတို့လာမယ် လမ်းတွေ၊ ရွာတွေမှာ မိုင်းထောင်ပြီး သူတို့စစ်ကြောင်းတွေပြန်တဲ့အခါ မိုင်းရှင်းပြီးမှ ပြည်သူတွေကို ရွာတွေထဲပြန်ဝင်ခွင့်ပြုတယ်လို့လည်း သူကပြောပါတယ်။

ချင်းပြည်နယ်မှာတော့ မြေမြှုပ်မိုင်းအန္တရာယ်ထက် မပေါက်ကွဲသေးတဲ့ လက်နက်ကြီးကျည်တွေကို ပိုစိုးရိမ်နေရတယ်လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က ပြောပါတယ်။

" လွန်ခဲ့တဲ့ ၂၀၂၁ ၊ ၂၀၂၂ တုန်းကတော့ နည်းနည်းပါးပါးရှိတာပေါ့၊ ရွာတွေဘက် စစ်ကြောင်းထိုးတုန်းကပေါ့နော်၊ ခုတော့ မိုင်းအန္တရာယ်လို့တော့ မရှိတော့ဘူး၊ ဒီဘက်မှာ မိုင်းနဲ့ဆင်တူတာဆို့လို့ ရွာတွေဘက်မှာ စကစပစ်တဲ့လက်နက်ကြီးတွေ မပေါက်ကွဲသေးဘဲနဲ့ လက်နက်ကြီးအကြွင်းအကျန်တွေ၊ တိုက်ပွဲတွေကြားထဲမှာ မပေါက်ကွဲသေးတဲ့ လက်နက်အကြွင်းအကျန်တွေပေါ့နော် အဲဒါတွေကလည်း နည်းနည်းအန္တရာယ်ရှိတာကို၊ သူတို့ထောင်ထားတဲ့ မြေမြှုပ်မိုင်းတို့ နင်းမိုင်းအန္တရာယ်တွေတော့ မရှိပါဘူး"

ရှမ်းပြည်နယ်၊ သီပေါမြို့အတွင်းက မိုင်းထိထားသော ဒေသခံတစ်ဦးအား ၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)
ရှမ်းပြည်နယ်၊ သီပေါမြို့အတွင်းက မိုင်းထိထားသော ဒေသခံတစ်ဦးအား ၂၀၂၂ ခုနှစ်၊ မေလ ၁၃ ရက်နေ့က တွေ့ရစဉ်။ (Photo: RFA)

ပြည်သူတွေကို ပစ်မှတ်ထားမိုင်းထောင်တယ်ဆိုတာနဲ့ပတ်သက်ပြီး စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို RFA က ဆက်သွယ်ခဲ့ပေမဲ့ ဖုန်းလက်ခံဖြေကြားခြင်း မရှိပါဘူး။

အရင်ကတော့ တပ်မတော်အနေနဲ့ အရပ်သား နေရာတွေမှာ မြေမြှုပ်မိုင်းထောင်တာ မရှိဘူးလို့ စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းက ငြင်းဆိုထားပါတယ်။

၁၉၉၇ ခုနှစ်မှာ စတင်တဲ့ မြေမြှုပ်မိုင်းအသုံးပြုမှု တားမြစ်ရေးသဘောတူစာချုပ်မှာ မြန်မာကပါဝင်လက်မှတ်ရေးထိုးထားတာမဟုတ်တဲ့အတွက် မြန်မာဟာ ရုရှားနိုင်ငံပြီးရင်း မြေမြှုပ်မိုင်းအသုံးပြုမှု ဒုတိယအမြင့်ဆုံးနိုင်ငံဖြစ်တယ်လို့ နိုင်ငံတကာစောင့်ကြည့်ရေးအဖွဲ့တွေက ထောက်ပြကြတာဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။