စစ်ကောင်စီနဲ့ဆက်ဆံရေး ပြန်သုံးသပ်ဖို့ အိန္ဒိယကို ဒီမိုကရေစီအရေးလှုပ်ရှားသူတွေ တိုက်တွန်း
2023.07.18

စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီး ဦးသိန်းဆွေနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေရှန်ကာတို့ ပြီးခဲ့တဲ့အပတ်က တွေ့ဆုံခဲ့တာဟာ စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်တာကို ပြသလိုက်တာ ဖြစ်တယ်လို့ အိန္ဒိယနိုင်ငံမှာ လက်ရှိ အာဏာရပါတီနဲ့ နီးစပ်တဲ့ သတင်းမီဒီယာတစ်ခုက သုံးသပ်ဖော်ပြလိုက်ပါတယ်။
ကမ္ဘာပေါ်မှာ အကြီးဆုံးဒီမိုကရေစီနိုင်ငံဖြစ်တဲ့ အိန္ဒိယအနေနဲ့ စစ်ကောင်စီကို အသိအမှတ်ပြုအားပေးတဲ့လုပ်ရပ်တွေကို ပြန်ပြီးသုံးသပ်ဖို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ အိန္ဒိယအခြေစိုက် ဒီမိုကရေစီအရေးလှုပ်ရှားသူတွေက တိုက်တွန်းကြပါတယ်။
ပြီးခဲ့တဲ့အပတ်က ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့မှာ ကျင်းခဲ့တဲ့ မဲခေါင်-ဂင်္ဂါ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နဲ့ ဘင်္ဂလားပင်လယ်အော်နိုင်ငံများ ပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (BIMSTEC) ရဲ့ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကို မြန်မာ၊ အိန္ဒိယ၊ ထိုင်း၊ ဘင်္ဂလားဒေ့ရှ်၊ နီပေါ၊ သီရိလင်္ကာနဲ့ ဘူတန် နိုင်ငံတွေက တက်ရောက်ခဲ့ကြပြီး အဲဒီအစည်းအဝေးတွေကို တက်ရောက်လာတဲ့ စစ်ကောင်စီ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေနဲ့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီး အက်စ် ဂျေရှန်ကာတို့ ဇူလိုင်လ ၁၆ ရက်နေ့က သီးခြားတွေ့ဆုံခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်အာဏာသိမ်းထားတဲ့ မြန်မာနိုင်ငံက စစ်ကောင်စီနဲ့ပူးပေါင်းဆောင်ရွက်တာတွေ မလုပ်ဖို့ အိန္ဒိယနိုင်ငံကို အမေရိကန်နဲ အနောက်နိုင်ငံတွေဘက်က ဖိအားပေးနေပေမဲ့ အိန္ဒိယအစိုးရက လိုက်နာမှာ မဟုတ်တဲ့အကြောင်းနဲ့ အခုလို မြန်မာစစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးနဲ့ တွေ့ဆုံတာဟာ အိန္ဒိယနိုင်ငံရဲ့ မဟာဗျူဟာအကျိုးစီးပွားအတွက် ရှေးရှုပြီး စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေး ထူထောင်တော့မယ့် လက္ခဏာဖြစ်တယ်လို့ အိန္ဒိယနိုင်ငံမှာ လက်ရှိ အာဏာရ ဘီဂျေပီ ပါတီရဲ့ကျောထောက်နောက်ခံနဲ့ လည်ပတ်နေတဲ့ Kanpur Dainik Jagran ဆိုတဲ့ သတင်းဌာနက သုံးသပ်ဖော်ပြထားပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ ပြောခွင့်ရ ဦးကျော်ဇော်ကတော့ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်တဲ့ လုပ်ရပ်တွေကို အိန္ဒိယအစိုးရအနေနဲ့ ပြန်သုံးသပ်သင့်တယ်လို့ ပြောပါတယ်။
“အိန္ဒိယနိုင်ငံကတော့ အစကတည်းက ထိတွေ့ဆက်ဆံနေတဲ့ အပိုင်းရှိပါတယ်။ သူတို့ကလည်း သူတို့ရဲ့geopolitics တွေအရ တွက်ချက်ပြီး စစ်ကောင်စီနဲ့ ဆက်ဆံနေတာလို့ သုံးသပ်ရပါတယ်။ ဒီ မြန်မာနိုင်ငံ တည်ငြိမ်ရေးဟာ အိန္ဒိယအတွက် အရေးကြီးတာ မှန်တယ်။ ဒါပေမဲ့ မြန်မာနိုင်ငံမှာ မတည်မငြိမ်ဖြစ်နေတာ၊ နောက်ပြီးတော့ အိန္ဒိယနိုင်ငံမှာ သူတို့ကိုဆန့်ကျင်တိုက်ခိုက်နေတဲ့ သူပုန်တွေကို ထောက်ပံ့နေတာ အကြမ်းဖက်စစ်ကောင်စီ ဖြစ်နေတယ်။ အကြမ်းဖက်စစ်ကောင်စီ ရှိနေသရွေ့ အကြမ်းဖက်မှုတွေ ရပ်တန့်မှာ မဟုတ်ဘူး။ မတည်ငြိမ်မှုတွေဟာ အိန္ဒိယနိုင်ငံကိုလည်း ရိုက်ခတ်နေမှာဆိုတာကို ထောက်ပြပြီး သူတို့ကို ပြောဆိုနေတာလည်း ရှိပါတယ်။ အဲဒီလိုလည်း သူတို့ သုံးသပ်ဖို့ မျှော်လင့်ပါတယ်။ အိန္ဒိယနိုင်ငံဟာ ကမ္ဘာပေါ်မှာ အကြီးဆုံ ဒီမိုကရေစီ နိုင်ငံလည်း ဖြစ်တာနဲ့ အညီ၊ ဒီမိုကရေစီ စံချိန်စံညွှန်းအရရော၊ လူ့အခွင့်အရေးအရရော စစ်ကောင်စီနဲ့ဆက်ဆံမှုတွေကို ပြန်သုံးသပ်သင့်တယ်လို့ ပြောချင်ပါတယ် ”
အခုလို အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးနဲ့ စစ်ကောင်စီနိုင်ငံခြားရေးဝန်ကြီးတို့ တွေ့ဆုံတာဟာ အိန္ဒိယအစိုးရက စစ်ကောင်စီနဲ့ ပုံမှန်ဆက်ဆံရေး တည်ထောင်တော့မယ့်သဘော ဖြစ်တယ်ဆိုတဲ့ သုံးသပ်ချက်နဲ့ပတ်သက်ပြီး ရန်ကုန်မြို့၊ အိန္ဒိယသံရုံးကို RFA က အီးမေးလ်နဲ့ ဆက်သွယ် မေးမြန်းခဲ့ပေမဲ့ အကြောင်းပြန်လာတာ မရှိသေးပါဘူး။
ဇူလိုင်လ ၁၆ ရက်နေ့က တွေ့ဆုံရာမှာ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးက မြန်မာနိုင်ငံက အခြေအနေတွေနဲ့ ပတ်သက်လို့ စိုးရိမ်ပူပန်ကြောင်း ပြောကြားခဲ့ပေမယ့် တစ်ဖက်မှာလည်း အိန္ဒိယ-မြန်မာ-ထိုင်း သုံးနိုင်ငံ အဝေးပြေးလမ်းမ စီမံကိန်းကို အရှိန်မြှင့်ပြီး အကောင်အထည်ဖော်ဖို့ ပြောခဲ့ပါတယ်။ ဒါ့အပြင် အခြားကဏ္ဍအသီးသီးမှာ နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုတွေ တိုးချဲဖို့လည်း တိုက်တွန်းခဲ့တယ်လို့ စစ်ကောင်စီရဲ့နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။
အိန္ဒိယနိုင်ငံဟာ ရုရှားနဲ့ တရုတ်ပြီးရင် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတွေ တတိယအများဆုံးရောင်းချပေးနေတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။

စစ်တပ်ရဲ့လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်မှတ်တမ်းတင်နေတဲ့ Justice for Myanmar ရဲ့ ဇွန်လ ၂၁ရက် အစီရင်ခံစာမှာ အိန္ဒိယအစိုးရပိုင်ကုမ္ပဏီတွေဟာ ၂ဝ၂၂ ခုနှစ် ဧပြီလကနေ နိုဝင်ဘာလအထိ ခြောက်လအတွင်း မြန်မာစစ်တပ်ကို စစ်လက်နက်ပစ္စည်းတွေ ဒေါ်လာ ငါးသန်းဖိုး တင်ပို့ခဲ့တယ်လို့ ဖော်ပြထားပါတယ်။
အိန္ဒိယ အစိုးရရဲ့ စစ်ကောင်စီကို အသိအမှတ်ပြုရာရောက်တဲ့ ထိတွေ့ဆက်ဆံမှုတွေဟာ မြန်မာပြည်သူတွေအပေါ် ဖိနှိပ်သတ်ဖြတ်မှုတွေကို အားပေးကူညီရာရောက်တယ်လို့ အိန္ဒိယ နိုင်ငံ အခြေစိုက်ဒီမိုကရေစီအရေးလှုပ်ရှားမှုအဖွဲ့ India for Myanmar တည်ထောင်သူ ကိုဆလိုင်းဒိုခါရ် က ဝေဖန်ပါတယ်။
“ဘင်းမ် စတက်ခေါ်တဲ့ နိုင်ငံတကာအသိုင်းအဝိုင်းမှာ စ.က.စ ကို တရားဝင်ဖိတ်ခေါ်တာ အပါအဝင် ထိုင်းနိုင်ငံမှာ တွေ့ဆုံခဲ့တာမျိုးတွေ လုပ်လာတာ။ ၂၀၂၃ မတိုင်ခင်မှာ အကြီးတန်းအရာရှိ အဆင့်လောက်နဲ့ ဆက်ဆံတဲ့ပုံစံ ဆိုပေမဲ့ ၂၀၂၃ နောက်ပိုင်းမှာ တရားဝင်အစိုးရဆက်ဆံသလို ဆက်ဆံလာတာတွေ့ရတယ်။ ဒီဟာနဲ့ ပတ်သက်ပြီး တော်လှန်ရေးအင်အားစုတွေအတွက် အန္တရာယ် ရှိတယ်လို့ ကျွန်တော်တို့ ယူဆတယ်။ ဒီအကြမ်းဖက်စစ်အုပ်စု စ.က.စ က နိုင်ငံတကာရဲ့ အသိအမှတ်ပြုမှုတွေကို အသုံးချပြီးတော့ မြန်မာနိုင်ငံရဲ့တရားဝင်အစိုးရ ဖြစ်တယ်ဆိုတဲ့ ပုံစံမျိုးနဲ့ သူတို့ကို ဆန့်ကျင်တဲ့ ပြည်သူတွေကို ပိုပြီး ဖိနှိပ်မှုတွေ ပိုပြီးရှိလာပါတယ်။ ဒါနဲ့ပတ်သက်ပြီး အိန္ဒိယရဲ့ လုပ်ဆောင်ချက်တွေဟာ ကျွန်တော်တို့ တော်လှန်ရေး အင်အားစုတွေနဲ့ ပြည်သူတွေအပေါ် ဖိနှိပ်မှုတွေကို တိုက်ရိုက်ကူညီရာရောက်တယ်လို့ ယူဆပါတယ်”
ပြီးခဲ့တဲ့ ဇွန်လ ၃၀ ရက်နေ့ကလည်း အိန္ဒိယအစိုးရရဲ့ကာကွယ်ရေးအတွင်းဝန် ဂရီဒါ အရာမနီ နေပြည်တော်မှာ စစ်ကောင်စီခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီလိုတွေ့ဆုံရာမှာ နှစ်နိုင်ငံကြား မူးယစ်ဆေးဝါး၊ မှောင်ခိုကူးသန်းမှုနဲ့ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေ အပါအဝင် အန္တရာယ်ရှိနိုင်တဲ့ ဘယ်လိုလှုပ်ရှားမှုမျိုးကိုမှ ခွင့်မပြုဖို့ နှစ်ဖက်သဘောတူခဲ့ကြတဲ့အကြောင်း ကြေညာချက်ထုတ်ပြန်ခဲ့ပါတယ်။
အိန္ဒိယနိုင်ငံ အရှေ့မြောက်ဒေသဟာ မြန်မာနိုင်ငံနဲ့ ရှည်လျားတဲ့ နယ်နိမိတ်ဆက်စပ်နေပြီး၊ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာပြည်တွင်းမှာ ဖြစ်လာတဲ့ ပဋိပက္ခတွေကြောင့် စစ်ဘေးဒုက္ခသည် ခြောက်သောင်းကျော် အိန္ဒိယနိုင်ငံ မီဇိုရမ်နဲ့ မဏိပူရ်ပြည်နယ်တွေမှာ ခိုလှုံနေကြတာပါ။
ပြီးခဲ့တဲ့ မေလကတော့ မဏိပူရ် ပြည်နယ်မှာ လူမျိုးရေး အဓိကရုဏ်းတွေ ဖြစ်ပွားခဲ့တဲ့နောက်၊ အိန္ဒိယ အစိုးရက လုံခြုံရေး တင်းကျပ်ထားခဲ့ပါတယ်။ စစ်ကောင်စီနဲ့ အိန္ဒိယအစိုးရခေါင်းဆောင်တွေ ဆက်ဆံရေးနီးကပ်နေမှုကြောင့် အိန္ဒိယနိုင်ငံမှာ ခိုလှုံနေကြတဲ့ စစ်ဘေးဒုက္ခသည်တွေ လုံခြုံရေး စိုးရိမ်နေကြသလို စစ်ကောင်စီအပေါ် အသိအမှတ်ပြုဆက်ဆံနေတဲ့ အိန္ဒိယအစိုးရရဲ့ လုပ်ဆောင်ချက်တွေအပေါ်မှာလည်း ကန့်ကွက်နေကြတာဖြစ်ပါတယ်။