ကြိုတင်ကန့်သတ်ချက်တွေကြောင့် စစ်မှန်တဲ့ဆွေးနွေးပွဲ ဖြစ်မလာနိုင်

အစိုးရကို မဖျက်ဆီးရ၊ အစားမထိုးရ၊ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ငြိမ်းချမ်းရေး ဆွေးနွေးမှုရဲ့ အခြေခံမူအဖြစ် ထားရှိရမယ်ဆိုတဲ့ စစ်ကောင်စီရဲ့ တစ်ဖက်သတ် အသာစီး ယူထားတဲ့ တွေ့ဆုံဆွေးနွေးရေးမူဝါဒကို အတိုက်အခံအင်အားစုတွေနဲ့ နိုင်ငံရေးအကဲခတ် တွေက လက်မခံဘဲ ထောက်ပြဝေဖန်ပါတယ်။
စစ်ကောင်စီဘက်က ဒီအခြေခံမူ သုံးချက်ကို အာဆီယံအထူးကိုယ်စားလှယ် ပရက်ဆော့ ခွန်းနဲ့ တွေ့ဆုံချိန်မှာ အသိပေးခဲ့တာပါ။
အာဆီယံအထူးကိုယ်စားလှယ်ဟာ ဇွန် ၃၀ ရက်ကနေ ဇူလိုင် ၂ ရက်အထိ မြန်မာနိုင်ငံကို ဒုတိယအကြိမ် လာရောက်ခဲ့တဲ့ သူ့ရဲ့ခရီးစဉ်နဲ့ ပတ်သက်လို့ ဇူလိုင် ၆ ရက်နေ့မှာ ကြေညာ ချက်တစ်စောင် ထုတ်ပြန်ခဲ့ပြီး စစ်ကောင်စီဘက်က ပြောဆိုချက်တွေကို အဲဒီထုတ်ပြန်ချက် မှာ ဖော်ပြခဲ့တာ ဖြစ်ပါတယ်။
ဒီအခြေခံမူသုံးချက်ဟာ ယုတ္တိမရှိဘူးလို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဗဟို အလုပ်ကော်မတီဝင် ဦးကျော်ထွေးက ဝေဖန်ပါတယ်။
“သူ့တောင်းဆိုချက်တွေက တွေ့ဆုံဆွေးနွေးရေးကို ဖိတ်ခေါ်တာလား၊ ပိတ်ဆို့ လိုက်တာလားဆိုတာ ပေါ်လွင်နေပါတယ်။ သူကိုယ်တိုင်ချိုးဖောက်လိုက်တဲ့ ၂၀၀၈ ခြေဥကို ငြိမ်းချမ်းရေးဆွေးနွေးမှုရဲ့ အခြေခံလို့ သတ်မှတ်ရမယ်ဆိုတာကတော့ အတော်ကျိုးကြောင်းမဆီလျော်တဲ့ ယုတ္တိမဲ့တဲ့ ကန့်သတ်ချက်ပါ။ ပြဿနာတွေကို ပြေလည်အောင် ဖြေရှင်းချင်တယ်ဆိုရင်၊ တိုင်းပြည်ကို ပိုမိုပျက်စီးသွားတာ မဖြစ်စေချင်ဘူးဆိုရင်၊ ပြည်သူလူထုကို စိတ်ကောင်းစေတနာပြချင်တယ်ဆိုရင် ယုတ္တိမရှိတဲ့ ကြိုတင်စည်းကမ်းချက်တွေ ကန့်သတ်တာမျိုး မလိုအပ်ပါဘူးလို့ ပြောချင်ပါတယ်”
ဒီကြိုတင်သတ်မှတ်ချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်း ကို RFA က ဇူလိုင် ၁၂ ရက်နေ့က ဖုန်းနဲ့ ဆက်သွယ်မေးမြန်းတာမှာ တိတိကျကျဖြေဆိုတာ မရှိပါဘူး။
ဒါပေမဲ့ နိုင်ငံရဲ့အချုပ်အခြာအာဏာကို မထိခိုက်ဘူးဆိုရင် တွေ့ဆုံဆွေးနွေးရေးကို ဆောင်ရွက်နိုင်တယ်လို့ အာဆီယံအထူးကိုယ်စားလှယ်ကို စစ်ကောင်စီဘက်က ရှင်းပြခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
"ဖြစ်ပေါ်လာတဲ့ အခြေအနေတွေအရ နိုင်ငံတော်ရဲ့ အချုပ်အခြာအာဏာကို မထိပါး စေဘဲနဲ့ တတ်နိုင်သမျှ လိုက်နာဆောင်ရွက်သွားမယ်ဆိုတဲ့ဟာပဲ၊ အဲ့ဒီအတိုင်းပဲ ပြောခဲ့တာဖြစ်တယ်။ ဒီတွေ့ဆုံဆွေးနွေးရေးကတော့ ပြောခဲ့တာတော့ ရှိတယ်။ ငါတို့အနေနဲ့ တရားဥပဒေနဲ့ ရင်ဆိုင်နေရတဲ့အဖွဲ့တွေ၊ ဥပဒေအတိုင်း လုပ်နေတဲ့ အချိန်မှာတော့ တွေ့ဆုံဆွေးနွေးရေးအတွက် ကန့်သတ်မှုတွေရှိမယ်”
ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးရေးဟာ တရားရင်ဆိုင်နေရတဲ့အတွက် အကန့်အသတ်တွေ ရှိနေတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။
နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာစိုင်းကြည်ဇင်စိုး ကတော့ စစ်ကောင်စီရဲ့ ဒီကန့်သတ်ချက်တွေဟာ နဂိုက တွေ့ဆုံဆွေးနွေးဖို့ စဉ်းစားနေတဲ့ အဖွဲ့အစည်းတွေ အတွက်တောင် တွေ့ဆုံဖို့ ခက်ခဲသွားစေတယ်လို့ သုံးသပ်ပါတယ်။
“တွေ့ဖို့အတွက်က တိုတိုပြောရရင် အဟန့်အတားဖြစ်တယ်။ အခုဟာ မြန်မာ တစ်နိုင်ငံလုံးမှာရှိတဲ့ လက်နက်ကိုင် အစုအဖွဲ့တွေရော၊ လူမျိုးစု အစုအဖွဲ့တွေရော အကုန်လုံးက ၂၀၀၈ ဖွဲ့စည်းပုံကို လက်မှ မခံတော့တာ။ အဲ့ဒီလို ကြိုတင်ကန့်သတ် ချက်တွေ ပါလာပြီဆိုရင် နဂိုက တွေ့မယ်လို့ ကြံစည်ထားတဲ့အဖွဲ့တွေတောင် တွေ့ဖို့ခက်သွားတာပေါ့”
လွှတ်တော်အမတ်ဟောင်းဖြစ်တဲ့ နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးရဲထွန်း ကလည်း ဒီကန့်သတ်ချက်တွေကြောင့် ဆွေးနွေးပွဲဘောင် သိပ်ကျဥ်းသွားတယ်၊ ဆွေးနွေးပွဲ မဖြစ်အောင် ငြင်းလိုက်သလို ဖြစ်သွားတယ်လို့ မှတ်ချက်ပေးပါတယ်။
“သိပ်ဘောင်ကျဉ်းသွားသလို ဖြစ်သွားတာပေါ့။ ကျနော်ထင်တယ် အခုပြောလိုက်တဲ့ ကန့်သတ်ချက်တွေက သေချာများ မစဉ်းစားဘဲနဲ့ ပြောလိုက်သလားတော့ မပြော တတ်ဘူး။ NUG နဲ့ ပတ်သက်ပြီးတော့ ပြောတဲ့အခါမှာ အခုပြောလိုက်တဲ့ ကန့်သတ် ချက်တွေက တွေ့ဆုံဆွေးနွေးပွဲ မဖြစ်အောင် ငြင်းလိုက်တဲ့ သဘောမျိုးနည်းနည်း ဆောင်သွားတာပေါ့”
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော် ကတော့ လက်ရှိပြဿနာတွေကို အမှန်တကယ်ဖြေရှင်းနိုင်မယ့် စစ်မှန်တဲ့ ဆွေးနွေးပွဲဖြစ်ဖို့ဆိုရင် ကြိုတင်ကန့်သတ်ချက် လုံးဝမထားဘဲ သက်ဆိုင်သူအားလုံး ပါဝင်ရမယ်လို့ ထောက်ပြ ပါတယ်။
“စစ်မှန်တဲ့ဆွေးနွေးပွဲဖြစ်ဖို့ဆိုရင် သက်ဆိုင်တဲ့ Stakeholder တွေအကုန်လုံးပါဝင်တဲ့ ဆွေးနွေးပွဲဖြစ်ရပါမယ်။ မတရားဖမ်းဆီးထားတဲ့ ခေါင်းဆောင်တွေနဲ့ နိုင်ငံရေးအကျဉ်း သားတွ အကုန်လုံးကို ချို့ယွင်းချက်မရှိ အမြန်ဆုံး လွတ်ပေးရမယ်။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ အကျပ်အတည်းတွေ အကုန်လုံးကို ထွက်ပေါက်ရတဲ့ ဆွေးနွေးပွဲမျိုး ဖြစ်ရမယ်ဆိုရင် မြန်မာပြည်သူတွေရဲ့ ဆန္ဒအတိုင်းဖြစ်အောင် အကောင်အထည် ဖော်ဖို့အတွက် ဆွေးနွေးတဲ့ ဆွေးနွေးပွဲမျိုးသာ ဖြစ်သင့်ပါတယ်”
ဒီလိုဆောင်ရွက်မှ မြန်မာ့အကျပ်အတည်းအတွက် ထွက်ပေါက်ရှာတွေ့နိုင်လိမ့်မယ် လို့လည်း ဦးကျော်ဇော်က ဆိုပါတယ်။
"ပြည်သူလူထုကို စိတ်ကောင်းစေတနာပြချင်တယ်ဆိုရင် ယုတ္တိမရှိတဲ့ ကြိုတင်စည်းကမ်းချက်တွေ ကန့်သတ်တာမျိုး မလိုအပ်ပါဘူး"
စစ်ကောင်စီဥက္ကဋ္ဌနဲ့ရော ငြိမ်းချမ်းရေးဆွေးနွေးပွဲ အဖွဲ့ခေါင်းဆောင် ဗိုလ်ချုပ်ကြီး ရာပြည့်နဲ့ပါ တွေ့ဆုံခဲ့တဲ့ အာဆီယံအထူး ကိုယ်စားလှယ် ပရက်ဆော့ခွန်း ကတော့ စစ်ကောင်စီဘက်က အခုလို ကြိုတင်ကန့်သတ်ချက်တွေကို ပြောလိုက်ပေမယ့် အနည်းဆုံးတော့ တွေ့ဆုံဆွေးနွေးရေးကို လမ်းဖွင့်ထားပါ တယ်လို့ သူ့ရဲ့ ဇူလိုင် ၆ ရက် ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
စစ်ကောင်စီဖွင့်ပေးတဲ့ တွေ့ဆုံဆွေးနွေးရေး တံခါးကနေ ဝင်သည်ဖြစ်စေ၊ မဝင်သည် ဖြစ်စေ ဒီအကျပ်အတည်းဖြေရှင်းရေးဟာ မြန်မာနိုင်ငံအပေါ်မှာပဲ လုံးလုံးလျားလျား မူတည်တယ်လို့လည်း အာဆီယံ အထူးသံက ဆိုပါတယ်။ သူ့ရဲ့ ဒုတိယအကြိမ်ခရီးစဥ်မှာ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည်၊ သူ့ရဲ့အမှုလိုက် ရှေ့နေတွေ၊ ယခင်သမ္မတ ဟောင်းကတော် ဒေါ်စုစုလွင်တို့နဲ့ တွေ့ခွင့်ရဖို့ တောင်းဆိုခဲ့ပေမယ့် အကြောင်းအမျိုးမျိုး ပြပြီး ငြင်းပယ်ခံခဲ့ရတယ်လို့ ဆိုပါတယ်။
စစ်ကောင်စီဟာ အာဆီယံဘုံသဘောတူညီချက်ငါးချက် အကောင်အထည်ဖော်မှုမှာ သိသိသာသာ တိုးတက်မှု မရှိတာကြောင့် လာမယ့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်ခွင့်ရမှာ မဟုတ်ဘူးလို့လည်း အထူးကိုယ်စားလှယ် ပရက်ဆော့ခွန်းက သူ့ရဲ့ ဇူလိုင် ၆ ရက် ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကိုတော့ ဇူလိုင် ၃၀ ရက်ကနေ သြဂုတ် ၆ ရက်နေ့အထိ ကမ္ဘောဒီးယားနိုင်ငံ ဖနွမ်းပင်မြို့မှာ ကျင်းပဖို့ စီစဥ်ထားကြောင်း အာဆီယံ အထွေထွေအတွင်းရေးမှူးရုံးက ထုတ်ပြန်ကြေညာထားပါတယ်။